ကိုယ်ကိုစတေး၍

( 2 မှတ်ချက်)

12000 (ကျပ်)

လူဟာ မိမိကိုယ်ကို အချစ်ဆုံးပဲ။ ဒီသဘောကိုသိထားရင် ခု လာမယ့်စာအုပ်ရဲ့ ခေါင်းစဉ်အတွက် မေးခွန်းတွေပေါ်လာပြီ။ မိမိကိုယ်ကို ဘာလို့စတေးမှာလဲ။ ဘာအကြောင်းတွေကြောင့် စတေးမှာလဲ။

ဇာတ်လမ်းက ဒီလို။

ထုံးစံအတိုင်း လူ သတ် မှု ပေါ့။ Higashino ရဲ့ လူ သတ် မှုတွေရဲ့ထုံးစံအတိုင်း စကတည်း ဘယ်သူက ဘာကြောင့် သတ် တယ်ဆိုတာ ပြထားတယ်။ အိမ်ထောင်ကွဲထားတဲ့ မိန်းမချောတစ်ယောက်နဲ့ အထက်တန်းကျောင်းသူ သူ့သမီးလေး။ သူတို့သားအမိနဲ့ အခန်းချင်းကပ်လျက်မှာ နေတာက သင်္ချာဆရာ လူပျိုကြီး။ တစ်ရက်မှာ ဒီမိန်းမရဲ့ ကွဲထားတဲ့ယောက်ကျား သူတို့သားအမိဆီရောက်လာပါလေရော။

ဒီယောက်ျားရဲ့ သည်းမခံနိုင်လောက်တဲ့ အပြုအမူတွေက ဇာတ်လမ်းကို ဘယ်ထိဆွဲခေါ်သွားမလဲ… ?

အားကိုးရာမဲ့တဲ့သားအမိ နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ရင်း တစုံတယောက်က တခြားသူတစ်ဦးအတွက် စတေးရလောက်အောင် ဘာတွေဖြစ်လာမလဲ?

ဒီဝတ္ထုထဲမှာ မိုက်တာက အမှုလုပ်သူနဲ့ အမှုစုံစမ်းဖော်ထုတ်သူရဲ့ ဥာဏ်ချင်းပြိုင်ကြတဲ့အခန်းတွေပဲ။ ၂ ယောက်လုံးက ဥာဏ်ကြီးရှင်တွေချည်းပဲမို့ ဖွက်သူနဲ့ ဖော်သူတို့ရဲ့ ဥာဏ်ပြိုင်ခန်းက လုံးဝဆရာကျတယ်။ ဘာတွေဖြစ်ခဲ့ပါတယ်ဆိုတာ စာဖတ်သူက သိနေတဲ့ကြားကကို အဆုံးမှာ ‘ ဟယ် ‘ ခနဲ ဖြစ်သွားအောင် လုပ်နိုင်တယ်။

စာမျက်နှာ

406

စာအုပ်အရွယ်အစား

5.4 x 0.6 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2023 ဩဂုတ်လ (ပထမ-ကြိမ်)

2 in stock

ကိုယ်ကိုစတေး၍ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Anonymous

    အရမ်းကြိုက်တယ် ။ အဆုံးသတ်ကို ကြိုတွေးလို့မရတာကို ပိုကြိုက်တယ်။ မူရင်းဂျပန်စာရေးဆရာကို လေးစားပါတယ်။ ဘာသာပြန်ပေးတဲ့ စာရေးဆရာကိုလဲ ဒီလိုစာအုပ်ကောင်းမျိုးကို စာဖတ်သူတွေအတွက် ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးပါ

  2. Htet Htet Tin Zar

    🕵️ “ကိုယ်ကိုစတေး၍” ဆိုတဲ့ ဒီစာအုပ်လေးက ဆရာဖြိုးကျော်ရဲ့ တတိယမြောက်စာအုပ်လေးပါ။ ဒီစာအုပ်ကလည်း ဖြေသိမ့်ရာကုန်စုံဆိုင်နဲ့ လက်ဗွေနီနီကို ရေးသားခဲ့တဲ့ မူရင်းစာရေးဆရာဖြစ်တဲ့ Keigo Higashino ပါပဲ။ မူရင်းစာအုပ်နာမည်က The Devotion of Suspect X ပါ။ အခုချိန်ထိတော့ ဖတ်ပြီးခဲ့သမျှ Keigo Higashino ရဲ့ဇာတ်လမ်းတွေကို နှစ်သက်ရသလို ဆရာဖြိုးကျော်ရဲ့ ထိမိမြင်သာတဲ့ ဘာသာပြန်လက်ရာတွေကို သဘောကျမိရပါတယ်။ နောက်ပြီး လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် စတေးခံနိုင်လောက်တဲ့အထိ တစ်ဖက်သားအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ရင်နင့်အောင် ခံစားလိုက်ရတဲ့ ဇာတ်လမ်းလေးပါပဲ။

    🕵️ ဇာတ်လမ်းက အမျိုးသမီးတစ်ယောက် လူသတ်လိုက်မိတာကို အိမ်နီးချင်းအမျိုးသားက အလောင်းဖျောက်ကူညီပေးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ထူးခြားတာတစ်ချက်က အစကထင်မိတာ ကူညီပေးခဲ့တဲ့ အိမ်နီးချင်း အမျိုးသား သင်္ချာဆရာက သူကြိတ်သဘောကျနေပြီး အိမ်နီးချင်းလည်း ဖြစ်တဲ့ အမျိုးသမီးက သူ့ခင်ပွန်းဟောင်းကို သတ်ခဲ့ရာမှာ လူသတ်တရားခံ မပေါ်အောင် စဉ်းစားတွက်ချက် ကူညီပေးခဲ့ပြီး တစ်ဖက်မှာက မှုခင်းစစ်ရဲနဲ့ ရူပဗေဒပါမောက္ခတို့က သူဖုံးထားတာတွေကို ပေါ်အောင် အဖြေရှာတဲ့ ဖတ်ဖူးနေကျ မှုခင်းဇာတ်လမ်းတစ်ပုဒ်ပဲ ထင်မိခဲ့တယ်။ ဒါပေမဲ့ သင်္ချာဆရာက ဒီထက်ပိုနက်နဲတဲ့ လှည့်ကွက်တွေနဲ့ အမှုကို ဖုံးသွားပြီး သူချစ်တဲ့ အမျိုးသမီးကို အပြည့်အဝ ကာကွယ်ပေးသွားတာကို နောက်ဆုံးပိုင်းမှ စာရေးဆရာ ချပြသွားခဲ့တာ ဟာခနဲ ဖြစ်သွားခဲ့ရတယ်။

    🕵️ နောက်ထူးခြားတာက လူသတ်တရားခံဘက်ကဆို တက္ကသိုလ်တက်စဉ်က ပါမောက္ခတစ်ယောက်ကတောင် ပါရမီရှင်လို့ ချီးကျူးခံခဲ့ရဖူးပြီး လက်ရှိမှာ အထက်တန်းကျောင်း သင်္ချာဆရာအဖြစ် အလုပ်လုပ်နေတဲ့ အိရှိဂါမိ တေကျုယာနဲ့ လူသတ်သမား ဖော်ထုတ်ရေးဘက်က သင်္ချာဆရာနဲ့ တက္ကသိုလ် တစ်ကျောင်းတည်းထွက် မေဂျာကွဲ သူငယ်ချင်း၊ လက်ရှိမှာ ရူပဗေဒပါမောက္ခအနေနဲ့ အလုပ်လုပ်နေသူ ယုကာဝါ မနာဘုနဲ့ ဒီအမှုကို စုံစမ်းထောက်လှမ်းနေတဲ့ မှုခင်းစစ် ရဲအရာရှိ ကုစာနာဂိတို့နဲ့ နှစ်ယောက် တစ်ယောက် အမှုနဲ့ပတ်သက်ပြီး ဦးနှောက်နဲ့ ဉာဏ်ရည်အားပြိုင်မှုတွေကို ‌ဖတ်ရှုရမှာဖြစ်တဲ့အပြင် သူငယ်ချင်းတစ်ယောက်က တစ်ယောက်အပေါ် ထောက်ထားညှာတာမှု၊ ဝေးကွာနေခဲ့ရတဲ့ သူငယ်ချင်းအပေါ် စာနာသနားမှုတွေလည်း မြင်တွေ့ရမှာပါ။
    __________________________

    ❝ဟာနာအိုကာ ယာစုကို❞
    🕵️ ယာစုကိုက လွန်ခဲ့တဲ့ ငါးနှစ်တည်းက ကွာရှင်းခဲ့ပြီး “ဟာနာအိုကာ မီစာတို” ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်။ ယာစုကိုက အခု ဘန်တန်တိုင်ဆိုတဲ့ ထမင်းဆိုင်မှာ အလုပ်လုပ်တယ်။ ဆိုင်ပိုင်ရှင် “ယိုနာဇာဝါ” နဲ့ “စာယိုကို” တို့က ယာစုကိုနဲ့ ညကလပ်တစ်ခုမှ အရက်မယ်လုပ်ရင်း သိခဲ့ကြတယ်။ နောက်တော့မှ သူတို့လင်မယားက ညကလပ်က ထွက်ပြီး ထမင်းဆိုင်ဖွင့်ခဲ့တယ်။ ဆိုင်ဖွင့်ပြီး တစ်နှစ်အကြာမှာ ယာစုကိုကို ဆိုင်မှာ ကူညီပေးဖို့ ခေါ်ခဲ့ကြတယ်။ ယာစုကိုက ၆နာရီခွဲဆို အစိမ်းရောင်စက်ဘီး နင်းပြီး ထမင်းဆိုင်ကို သွားတယ်။

    ❝အိရှိဂါမိ တေကျုယာ❞
    🕵️ အိရှိဂါမိက ယာစုကိုရဲ့ အိမ်နီးချင်း။ အသက် ၅၀ ခန့်ရှိ အထက်တန်းကျောင်း သင်္ချာဆရာ။ သူက ယာစုကို အလုပ်လုပ်နေတဲ့ ဘန်တန်တိုင်ထမင်းဆိုင်မှာ နေ့တိုင်း ထမင်းဟင်း လာဝယ်ပြီး ယာစုကိုကို ကြိတ်ပြီး သဘောကျနေတယ်။

    ❝တိုဂါရှိ ရှင်ဂျိ❞
    🕵️ တိုဂါရှိက ယာစုကိုရဲ့ ဒုတိယအိမ်ထောင်။ ယာစုကို ကလပ်မှာ အရက်မယ်လုပ်တုန်း တိုဂါရှိက အဲဒီကလပ်ရဲ့ဖောက်သည်။ နိုင်ငံခြားဖြစ် ကားတွေကို ရောင်းချပေးရတဲ့ ကိုယ်စားလှယ်၊ ဝင်ငွေကောင်းတယ်။ ယာစုကိုရဲ့ သမီး မီစာတိုက ပထမအိမ်ထောင်က ကလေး။ ဒီလိုနဲ့ တိုဂါရှိနဲ့ လွန်ခဲ့တဲ့ ရှစ်နှစ်က လက်ထပ်လိုက်ပြီးတော့ ယာစုကို ညကလပ်က အလုပ်ထွက်လိုက်တယ်။ နောက်တော့ ကုမ္ပဏီပိုင်ငွေတွေ အလွဲသုံးစားလုပ်မှုနဲ့ တိုဂါရှိ အလုပ်ပြုတ်သွားတယ်။ တစ်နေ့တစ်နေ့ အိပ်လိုက်စားလိုက်နဲ့ တစ်နေကုန် မူးရူးပြဿနာ ရှာလာတယ်။ ယာစုကိုလည်း အရက်မယ် အလုပ်ပြန်လုပ်လိုက်ရတယ်။ သူမရှာသမျှကို တိုဂါရှိက အတင်းလုယက်တတ်လို့ ပိုက်ဆံကို ဝှက်ထားရတယ်။ ဒါကြောင့် လကုန်ရက်ဆို တိုဂါရှိက ကလပ်မှာ လစာကို ကြိုထုတ်ယူသွားတတ်တယ်။ ကွာရှင်းဖို့ ပြောရင်လည်း အကြမ်းဖက်တတ်လို့ ရှေ့နေနဲ့ တွေ့ဆုံပြီး ရှေ့နေရဲ့ ကြိုပမ်းမှုကြောင့် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးခဲ့တယ်။

    🕵️ ကွာရှင်းပြီးလည်း တိုဂါရှိက မကြာမကြာ ရောက်လာပြီး သူ့အကျင့်ဆိုးတွေ ပြင်မယ့်အကြောင်းနဲ့ သူ့ကို ပြန်လက်ခံပေးဖို့ ပြောတယ်။ ယာစုကိုက အတွေ့မခံရင်လည်း သမီးဖြစ်သူ မီစာတိုဆီ သွားတွေ့တယ်။ နောက်တော့ သနားပြီး ငွေဆချို့ပေးမိတော့ ပိုက်ဆံလွယ်လွယ် ရမှန်းသိတော့ မကြာမကြာ ရောက်လာပြီး အတင့်လည်း ပိုရဲလာတယ်။ ဒါနဲ့ ယာစုကိုလည်း ကလပ်ရော အိမ်ရော ပြောင်းတယ်။ သမီးကိုလည်း ကျောင်းပြောင်းလိုက်တယ်။ တိုဂါရှိနဲ့ အဆက်အသွယ် ပြတ်သွားပေမဲ့ ဘန်တန်တိုင်ထမင်းဆိုင်မှာ အလုပ်ဝင်တာ တစ်နှစ်နီးပါးကြာတော့ တစ်ရက်မှာ သူမဆီ ရောက်လာခဲ့တယ်။

    🕵️ သူအရင်နဲ့ မတူတော့ကြောင်း၊ သူ့ကို ပြန်လက်ခံပေးဖို့ ပြောပေမဲ့ အကြောင်းသိတဲ့ ယာစုကိုက ငွေနည်းနည်းပေးပြီး နောက်မလာဖို့ ပြောပေမဲ့ သူ့လက်ထဲကနေ ဘယ်လိုမှ ထွက်ပြေးလို့ မလွတ်နိုင်ကြောင်း ပြောနေချိန်မှာ သမီးဖြစ်သူ မီစာတိုက တိုဂါရှိကို ကြေးပန်းအိုးနဲ့ နောက်စေ့ကို ရိုက်ချလိုက်တယ်။ တိုဂါရှိလည်း ကြမ်းပြင်ပေါ် လဲကျပြီးနောက် ပြန်ထလာတော့ မီစာတိုကို အပေါ်ကနေ တက်ဖိစီး တစ်ဖက်က ဆံပင်ဆွဲပြီး ကျန်တစ်ဖက်က ပါးရိုက်ပါလေတော့တယ်။ မိခင်ဖြစ်သူ ယာစုကိုလည်း ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ ဓာတ်ကြိုးကို ဆွဲဖြုတ်ပြီး တိုဂါရှိလည်ပင်းကို စွတ်ချပြီး ဆောင့်ဆွဲလိုက်ပါတယ်။ သမီးဖြစ်သူ မီစာတိုကလည်း ဓာတ်ကြိုးတွေ ဆွဲဖယ်လို့မရအောင် လက်တွေကို ဖမ်းဆွဲပြီး ကိုယ်ပေါ်မှာ ခွထိုင်ထားတယ်။

    🕵️ ဒီလိုနဲ့ တိုဂါရှိတစ်ယောက် သေဆုံးသွားတယ်။ အဖြစ်အပျက်တွေပြီးတော့ ယာစုကိုက ရဲတိုင်ပြီး အဖမ်းခံလိုက်ချင်ပေမဲ့ ဒီအမှုတွဲထဲမှာ သမီးဖြစ်သူ မီစာတိုပါ ပါဝင်လာမှာကို စိုးရိမ်မိပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ သူတို့ရဲ့ဖြစ်ရပ်ကို အိမ်နီးချင်း သင်္ချာဆရာ အိရှိဂါမိ သိရှိသွားပြီး သူတို့ရဲ့ အမှုထဲ ပါဝင်ကူညီပေးပါတော့တယ်။

    🕵️ အရင်ဆုံး အလောင်းကို ယာစုကို အခန်းထဲကနေ သူ့အခန်းထဲ ပြောင်းလိုက်တယ်။ မီစာတိုကို သဲလွန်စမကျန်အောင် ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး လုပ်ခိုင်းတယ်။ အလောင်းရဲ့ ဘောင်းဘီအိတ်ကပ်ထဲက တွေ့ရတဲ့ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံအကြွေ၊ ယာဉ်မောင်းလိုင်စင်နဲ့ လက်ခံဖြတ်ပိုင်းကို တွေ့ရတယ်။ ဖြတ်ပိုင်းက အိုဂိယတည်းခိုခန်းမှာ နှစ်ညတည်းဖို့ ငွေကြိုရှင်းထားတဲ့ ဖြတ်ပိုင်း။

    🕵️ ဒီလိုနဲ့ အလောင်းကို ရဲတွေ တွေ့ရှိသွားခဲ့တာက တိုကျိုပိုင်နက်တွင်းက မြစ်တစ်ဖက်ကမ်းမှာ။ အလောင်းက အဝတ်အစားမရှိ၊ ခြေအိတ်မရှိတော့။ မျက်နှာပြင်ကလည်း ကြေမွပျက်စီးနေပြီး လက်ချောင်းတွေကိုလည်း မီးရှို့ဖျက်ဆီးထားလို့ ဘာလက်ဗွေရာမှ မရနိုင်တော့။ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ။ အလောင်းအနီးနားမှာ ရှေ့ဘီး နောက်ဘီးကို အချွန်တစ်ခုခုနဲ့ထိုးပြီး လေလျှော့ခံထားရတဲ့ အသစ်စက်စက် စက်ဘီးတစ်စီးကို တွေ့ရတယ်။ စက်ဘီးပေါ်က မှတ်ပုံတင်နံပါတ်ကို စစ်‌ဆေးကြည့်တော့ စက်ဘီးက ပစ္စည်းပျောက်လို့ အမှုဖွင့်ထားတာ တွေ့ရတယ်။ နောက်ပြီး ငါးဂါလန်ဆီပုံးထဲ မီးထည့်ရှို့ထားတဲ့ သေသူရဲ့ပစ္စည်းတွေလို့ ယူဆရတဲ့ အဝတ်အစားတွေ တွေ့ရတယ်။

    🕵️ အီဒိုဂါဝါမြို့နယ်မှာ တစ်ယောက်တည်းနေတဲ့ အမျိုးသား၊ တည်းခိုခန်းမှာ ဧည့်သည်တွေ ပျောက်ဆုံးခြင်း ရှိမရှိ စုံစမ်းတော့ အိုဂီယာတည်းခိုခန်းမှာ အလောင်းတွေ့တဲ့နေ့မှာ ဧည့်သည်တစ်ယောက် ပျောက်ဆုံးခဲ့တာကို သိရှိပြီး တည်းသွားတဲ့ အခန်းကို ဝင်စစ်ဆေးကြည့်တော့ ပစ္စည်းအနည်းငယ်ပဲ တွေ့ရတယ်။ ဒါပေမဲ့ အခန်းထဲက သိမ်းဆည်းရမိတဲ့ ဆံပင်တွေထဲက တစ်ချောင်းက အလောင်းပေါ်က ဆံပင်နဲ့ ထပ်တူညီနေပြီး စက်ဘီးပေါ်က လက်ဗွေရာ တစ်ခုနဲ့ အခန်းထဲက ကျန်ခဲ့တဲ့ ခရီးဆောင်အိတ်က လက်ဗွေရာကလည်း တစ်ထေရာတည်းဆိုတာ တွေ့ရှိခဲ့တယ်။ တည်းခိုခန်းမှတ်တမ်းအရ အဲဒီပျောက်ဆုံးသွားတဲ့ ဧည့်သည်ရဲ့ နာမည်က “တိုဂါရှိရှင်ဂျိ” တဲ့။‌

    🕵️ ဒါဆို ရဲတွေအနေနဲ့ သေဆုံးသူ ဘယ်သူဆိုတာတော့ ဖော်ထုတ်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ လူသတ်မှု ဖြစ်ပွားခဲ့တဲ့ညက မတ်လ ၉ရက်နေ့ ဖြစ်ပေမဲ့ ရဲတွေက သံသယတရားခံတွေကို မတ်လ ၁၀ရက်နေ့မှာ ဘယ်ရောက်လို့ ဘာတွေလုပ်ခဲ့လဲဆိုတာသာ မေးမြန်းစုံစမ်းပါတယ်။ ဘာကြောင့် ရဲတွေက လူသတ်မှုဖြစ်ပြီး နောက်ရက်ကို အလီဘိုင် တောင်းရသလဲ …

    🕵️ သင်္ချာဆရာ အိရှိဂါမိအနေနဲ့ တရားခံမပေါ်ပေါက်ရေး ဘယ်လိုဉာဏ်ဆင် တွက်ချက်လုပ်ဆောင်ပြီး ဒီအမှုကို စုံစမ်းစစ်ဆေးနေတဲ့ မှုခင်းစစ်ရဲ ကုစာနာဂိရဲ့ သူငယ်ချင်းလည်းဖြစ်၊ သင်္ချာဆရာနဲ့လည်း တက္ကသိုလ်မှာ သူငယ်ချင်း ဖြစ်ခဲ့ဖူးတဲ့ ရူပဗေဒပါမောက္ခ ယုကာဝါက အမှုထဲ ဘယ်လိုပါဝင်လာပြီး အိရှိဂါမိ ဉာဏ်ရှိရှိနဲ့ ဖုံးကွယ်ထားတဲ့ သဲလွန်စတွေကို ဘယ်လိုတွက်ချက်အဖြေရှာ ဖော်ထုတ်မလဲ စသဖြင့် အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းဇာတ်လမ်းတစ်ပုဒ်ပါ။

    🕵️ ဆက်ပြီး တရားခံကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ …

    🕵️🕵️🕵️🕵️🕵️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဖြိုးကျော် စာအုပ်များ