ဖြေသိမ့်ရာကုန်စုံဆိုင်
12000 (ကျပ်)
ဒီ ‘ဖြေသိမ့်ရာကုန်စုံဆိုင်’ ဆိုတဲ့ ဝတ္ထုကို ပေါ့ပေါ့ပါးပါးလေး ဖတ်သွားချင်တဲ့ လူတစ်ယောက်အနေနဲ့ တရုတ်သိုင်းကား ကြည့်ရသလိုပဲ ပေါ့ပေါ့ပါးပါး ဖတ်သွားနိုင်ပါတယ်။ ဒီဝတ္ထုထဲမှာ ဘာလက်ချာမှ မပါသလို ဘာ အဘိဓမ္မာမှ ချပြထားတာ မရှိတော့ သိုင်းဝတ္ထုဖတ်သလို မယုံသော်ရှိ၊ ယုံသော်ရှိ ဘာမှ မစဉ်းစားဘဲ ဖတ်သွားလိုက်ရုံပဲ။ အဲ … လေးလေးနက်နက် တွေးတောချင်သပ ဆိုရင်လည်း ဒီဝတ္ထုထဲမှာ တွေးစရာတွေက အများသားဗျာ။ ကျွန်တော် အထက်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေကို မဆီမဆိုင် အလကား ရေးထားတာတော့ မဟုတ်ဘူး။ ဒီဝတ္ထုကို ဖတ်ပြီး ကိုယ့်ဘဝအခံနဲ့ ချဲ့တွေးကြည့် ထားတာပါ။ ဒီဝတ္ထုထဲမှာ ပါတဲ့ မစ္စတာနာမီယာကို အားကျလေးစားမိတာ အမှန်ပဲ။ ကိုယ် မလုပ်နိုင်သေးတဲ့ အဆင့်အတန်းတစ်ခုကနေ လူတစ်ဘက်သားကို Empathy ကိုယ်ချင်းစာနိုင်တာ တွေ့ရတော့ မချီးကျူးဘဲ မနေနိုင်ဘူး။ တကယ်လို့ ဒီဝတ္ထုကို မဖတ်ရသေးတဲ့ လူတစ်ယောက်က ဖတ်ပြီးတဲ့ လူတစ်ယောက်ကို ‘ဒီဝတ္ထုက ဘာအကြောင်း ရေးထားတာလဲကွ’ လို့ မေးမြန်းလာပြီ ဆိုကြပါစို့။ ကျွန်တော့်ကိုသာ မေးလာရင် ကျွန်တော် ဖြေတတ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာအကြောင်း ရေးထားပါတယ် ဆိုတာကို စာတစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ ရှင်းပြဖို့ မလွယ်လို့ပဲ။ မရမက ဖြေရမယ် ဆိုရင်တော့ သူခိုးသုံးယောက်ရဲ့ အကြောင်းပါကွာလို့ ပြန်ဖြေရမလား။ ဒါမှမဟုတ် မိဘမဲ့ဂေဟာတစ်ခုနဲ့ ပတ်သက်တဲ့ လူတွေအကြောင်း ရေးထားတာပါကွာ လို့ ပြန်ဖြေရမလားပဲ။ ဒါမှမဟုတ် အသက် ၇၀ ကျော် အဘိုးကြီးတစ်ယောက်နဲ့ အဘွားကြီးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါကွာ လို့ ပြန်ဖြေရမလား။ ဒါမှမဟုတ် တရုတ်သိုင်းကား ကြည့်ရသလိုပါပဲကွာ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်လို့သာ ပြီးသွားတယ်။ ဘာပြောချင်မှန်းကို မသိလိုက်ပါဘူး လို့ပဲ ဖြေရမလား။ ဒါမှမဟုတ် ……..ဒီဝတ္ထုကို မကြိုက်တဲ့ လူတွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် ဒီဝတ္ထုဟာ အပျော်ဖတ်၊ အပျင်းပြေဖတ် ဆိုတာထက်တော့ အများကြီး ပိုပါတယ်။ ဒီဝတ္ထုရဲ့ ကျောရိုးဟာ မဖြစ်နိုင်တဲ့ အဖြစ်အပျက် တစ်ခုမှာ အခြေခံထားတာ ဆိုပေမယ့် ဝတ္ထုထဲမှာ ပါတဲ့ လူတစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေဟာ စိတ်ဝင်စားစရာ ကောင်းနေပြီး ဘဝသရုပ်ဖော်တဲ့ နေရာမှာလည်း အတော်လေး ပီပြင်တာ တွေ့ရတယ်။
စာမျက်နှာ | 466 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.9 x 8 .2 inches |
ပုံနှိပ်မှတ်တမ်း | ကံ့ကေ်ာဝတ်ရည်စာပေ၊ 2022 နိုဝင်ဘာလ (ပထမအကြိမ်) |
4 in stock
Ye min win –
ဖြေသိမ့်ရာ ကုန်စုံဆိုင်
ဒီစာအုပ် ကို သူငယ်ချင်း ဦးဇင်း သုမန ဆီက လက်ဆောင် ရပြီး တဲ့ နောက်ရက် မှာပဲ တစ်ထိုင်တည်း ပြီးအောင် ဖတ်လိုက် မိပါတယ်။ ကျွန်တော် စာအုပ် တွေ ဖတ်ခဲ့တဲ့ သက်တမ်း တလျောက် တစ်ထိုင်တည်း မပြီး မချင်း လက်ကမချ ဖတ်လို့ ကောင်းတဲ့ စာအုပ် ဆိုတာ အများကြီး မရှိ ပါဘူး။ ဒီ စာအုပ် ကတော့ စဖတ်လိုက်တာနဲ့ မပြီးမချင်း လက်ကမချ နိုင်တဲ့ စာအုပ်၊ ပြီးသွားမှာ နှမြော နေတဲ့ စာအုပ် တစ်အုပ်ပါ။ ဒီ စာအုပ် ကို ဘာကြောင့် ဒီ လောက် ညွှန်းနေရတာလဲ ဆိုရင် နှစ်ပိုင်း ခွဲ ပြောရပါမယ်။ ပထမ တပိုင်းကတော့ မူရင်း စာရေး သူ ရဲ့ ဇတ်လမ်း ဇတ်အိမ် တည်ဆောက် ပုံ နဲ့ သူ့ ဝတ္ထုက ရလိုက် တဲ့ message တွေကို ပြောရမှာ ပါ။
ဇတ်လမ်း အကျဉ်း ကို spoiler alert ဖြစ်မှာ စိုးလို့ အပြည့် အစုံ မရေးချင် ပေမယ့် စာအုပ် ရဲ့ ကောင်းကြောင်းကို ရေးပြချင်တော့ လုံးဝ မပြောဘဲ နဲ့ လဲ မရပါဘူး။ ဇတ်လမ်း မှာ ပါသူတွေက နာမီယာ ကုန်စုံ ဆိုင်က အဖိုးကြီးရယ်၊ သူ့ဆိုင် ထဲကို ထွက်ပြေးရင်း ရောက်လာတဲ့ သူခိုး ၃ ယောက်ရဲ့၊ ဘဝ ရဲ့ လမ်းဆုံ လမ်းခွ၊ crossroad လို့ဆိုဆို ၊ ဘေးကျပ် နံကျပ် အခြေအနေ dilemma လို့ ဆိုဆို တခုကို စွန့်လွှတ်ပြီး နောက် တခု ကို ရွေးချယ် ရတော့ မယ့် အခြေအနေ ရောက် နေတဲ့ နယ်ပယ် အသီးသီး က လူတွေ ပါဝင် ပါတယ်။ ဒီ လူတွေ ရယ်၊ အဖိုးကြီးရယ်၊ သူခိုး၃ ယောက်ရဲ့ ဆက်သွယ် ပုံကို အချိန် ခရီးသွား time travel ပုံစံ နဲ့ ဖွဲ့စည်း ထားတာပါ။ အဓိက ကတော့ တခုခု ကို ရွေးချယ် ရတော့ မယ့် လူတွေ က နာမီယာ ကုန်စုံဆိုင်က အဖိုးကြီး ဆီ စာရေး ပြီး အကြံတောင်းတယ်၊ အဖိုးကြီး က စာပြန် ပြီး အကြံပေးတယ်။ အဖိုးကြီး မရှိတော့တဲ့ နောက် မှာ အဖိုးကြီး ရှိစဉ် ကလိုပဲ အကြံတောင်း တဲ့ စာတွေ ကို အဲဒီ ကုန်စုံဆိုင် ထဲ ရှောင်တိမ်း ရင်း ရောက်လာတဲ့ သူခိုး ၃ ယောက် က လက်ခံ ရရှိပြီး သူတို့က အကြံ ပေး စာတွေ ရေးကြတယ်။ ဒီ အကြောင်းအရာ ကို ကာလ ယန္တရား time travel ဆန်ဆန် ပစ္စုပ္ပန် နဲ့ အတိတ် ရဲ့ ဆက်သွယ် မှု ဖြစ်ပေါ် နေတဲ့ အကြောင်းအရာ နဲ့ ဇတ်လမ်း ဖွဲ့ ထားတာ ဖြစ်ပါတယ်။ ဝတ္ထု ရဲ့ အကြောင်းအရာ ပိုင်း အနေနဲ့ ဒိလောက်ပဲ ရေးပြချင် ပါတယ်။ ဒီလောက် ရိုးရှင်း တဲ့ အကြောင်းအရာ ကို လက်ကမချ ဖတ်ကောင်း တာ ဘာကြောင့် လဲ လို့ သိချင်ရင်တော့ စာအုပ် ကို ဖတ်ပါလို့ ပဲ ပြောချင် ပါတယ်။
ဝတ္ထု ထဲ မှာ ပါတဲ့ အကျဉ်းအကျပ် တွေ့နေရသူ တွေ ရဲ့ အခြေအနေ ကို ကျွန်တော် ကတော့ dilemma လဆိုတဲ့ အသုံးအနှုန်း နဲ့ပဲ သုံးချင် ပါတယ်။ dilemma ဆိုတာ ဘေးကျပ် နံကျပ် တခုခု
ကို ရွေးချယ်ရတဲ့ အခြေအနေ ဖြစ်ပြီး ဘယ်တစ်ခုက မှ ပြည့်စုံ ကောင်းမွန် နေတဲ့ အခြေအနေမှာ မရှိ နေတဲ့ ရွေးချယ် မှု တစ်ခုပါ။ ဘောဂ ဗေဒ မှာတော့ opportunity cost လို့ သုံးကြပါတယ်။ opportunity cost ဆိုတာ တစ်ခု ကို ရွေးချယ် လိုက်လို့ ကိုယ့်ဘက်က ပြန်ပေးလိုက်ရမယ့် ဆုံးရှုံး မှု ကို ဆိုလို ပါတယ်။ ဆုံးဖြတ်ချက် တွေ လုပ်ကြတဲ့ အချိန် မှာ ဒီလို opportunity cost ကို တွက်ချက်ပြီး cost အနည်းဆုံး၊ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်မယ့် လမ်းကြောင်းကို ရွေးချယ် ကြပါတယ်။ ဝတ္ထု ထဲက ဒီ အခြေအနေ နဲ့ ရင်ဆိုင် နေရသူတွေ ကတော့ ဘယ်လမ်းကြောင်းကို ရွေးရွေး opportunity cost အရ ဘယ်ဟာက မှ မသက်သာ တဲ့ လမ်းကြောင်း တွေ ပါ။ ဒီလို အခြေအနေ မှာ ကုန်စုံဆိုင် က အဖိုးကြီး က ဘယ်လို စံနှုန်း တွေ ကိုင်စွဲပြီး အကြံပေးတယ်၊ သူခိုး ၃ ယောက်ကတော့ သူတို့ ဖြတ်သန်း လာရတဲ့ ဘဝ အတွေ့အကြုံ တွေ အခြေခံပြီး တည့်တည့် နဲ့ ရိုင်းစိုင်းတဲ့ စကားလုံး တချို့ကိုပါ သုံးပြီး အကြံပေးပုံ တွေကို တွေ့ရမှာပါ။ ဒါပေမယ့် အကြံတောင်းသူ မှာ သူရွေးချယ် ဖို့ စိတ်ပိုင်း ဖြတ် ပြီးသား လမ်းကြောင်း
တခု ရှိပြီး ဖြစ်နေပြီးသားပါ။ အကြံတောင်းတယ် ဆိုတာလည်း သူ့ ရွေးချယ် မှုကို အတည်ပြု ပေးမယ့်သူ၊ ဒါမှမဟုတ် သူ့ရွေးချယ် မှု နဲ့ ဆန့်ကျင် တဲ့ အကြံပြုချက် ပြန်ရခဲ့ရင်တောင် သူ့ဘက်က အကြောင်းပြချက် တခု
ပေးပြီး သူ့စိတ်ထဲက ရွေးချယ် မှု အတိုင်းပဲ ဆက်လုပ် တတ်ကြတဲ့ လူ့သဘောသဘာ ဝ တွေကိုလည်း ပေါ်လွင်အောင် ရေးပြ ထားပါတယ်။ သူခိုး ၃ ယောက် က အတိတ်က လူတွေကို အကြံ ပေးနေတာ ဖြစ်လို့ ဒီလူတွေ အနာဂတ် မှာ ဘာဖြစ်မယ် ဆိုတာ သိပြီး သားပါ။ လူသားတွေဟာ ပြဌန်း ခံ တွေလား၊ အဲဒီ ပြဌန်းချက် တွေကို ပြုပြင် နိုင်တဲ့ အစွမ်း တွေ လူသားတွေ မှာ ရှိနေလား ဆိုတဲ့ ဒဿန မေးခွန်း ကို မူရင်းစာရေးသူ ကသူ့ ဝတ္ထု မှာ သဘောတရားရေးရာ မေးခွန်းတခု အဖြစ် စာဖတ်သူ တွေကို တွေးစေချင် တယ် လို့ ခံစားမိ ပါတယ်။ ဇတ်သိမ်း ခန်း မှာ ထည့်သွင်း ထားတဲ့ ဘာမေးခွန်းမှ မပါတဲ့ စာရွက် အလွတ် ကို အဖိုးကြီး ရဲ့ အကြံပြုချက် အဖြေ ကို ဖတ်ကြည့်ပြီး လေးလေးနက်နက် စဉ်းစား ကြည့်ကြပါ။
ဝတ္ထု တစ်ခု လုံး က အနာဂတ် ၊ ပစ္စုပ္ပန် နဲ့ အတိတ် ရဲ့ ဆက်သွယ်ချက် တွေ ဖြစ်လို့ အချိန် ကာလ (time line ) တွေက နည်းနည်း ရှုပ်ထွေး နိုင်ပါတယ်။ အဲဒီလို မရှုပ် ထွေးအောင် ကုန်စုံဆိုင်ပိုငိရှင် အဖိုးကြီး အသက်ရှင် နေဆဲ ကာလ၊ သေဆုံးပြီး ၁၉၈၀ ပတ်ဝန်းကျင်ကာလ ၊ ဝတ္ထုရေး တဲ့ အချိန် ၂၀၁၂ ဝန်းကျင် ကို ပစ္စပ္ပန် ကာလ အနေနဲ့ ခွဲခြား ထား ရင်တော့ ရှင်းသွား မှာပါ။ မရှင်းသေးရင် စာအုပ်ကို နောက်တကြိမ် ပြန်ဖတ်ဖို့ အကြံပြုပါတယ်။
ဝတ္ထု တအုပ်လုံးကနေ ပေးလိုက်တဲ့ message တွေကတော့ စာဖတ်သူ ကိုယ်တိုင် ဖတ်နေရင်း နဲ့ စိတ်ထဲကို တစိမ့်စိမ့် ဝင်လာမယ့်အသိတရား တွေပါ။ ပေးချင် တဲ့ message ကို တိုက်ရိုက် ကြီး မပြောဘဲ စာဖတ်သူ ကို တွေးခိုင်းပြီး မှ ဖြစ်ပေါ်လာစေတာဟာ အင်မတန် အဆင့်အတန်း မြင့်တဲ့ အနုပညာ လက်ရာ လို့ ပြောချင် ပါတယ်။
ဒါကတော့ မူရင်း ဝတ္ထု အကြောင်းပါ။ ဒုတိယ တပိုင်း အနေနဲ့ ပြောချင်တာကတော့ စာရေးသူ ဖြိုးကျော်( ဦးဇင်း သုမန ) ရဲ့ ဘာသာပြန် လက်ရာ ပါ။ ဆရာ မြသန်းတင့် ၊ ဆရာ မောင်ထွန်းသူ တို့နောက်ပိုင်း ဘာသာပြန် စာအုပ် တွေ ထဲ မှာ ကျွန်တော့် ဘာသာပြန် စာအုပ် တွေ အပါအဝင် မြန်မာစာ ကို ထောင့်တောင့်တောင့် နဲ့ ဖတ်နေရ တဲ့ စာအုပ် တွေ ထဲ မှာ ဖတ်ရတာ ချောကနဲ ချောကနဲ နဲ့ ဖတ်လို့ အရသာ ရှိတဲ့ ပထမ ဆုံး ဘာသာပြန် စာအုပ် လို့ ပြောချင် ပါတယ်။ ဆရာ ဖြိုးကျော် ရဲ့ ဘာသာပြန် လက်ရာ ကတော့ လက်ရှ်ိ ဘာသာပြန် ဆရာ တွေ ထဲ မှာ နိုးတူး လို့တောင် ချီးကြူးချင်ပါတယ်။ မြန်မာစာ အရေးအသား ပြေပြစ်
ရုံမက ပါဝင် တဲ့ ဇတ်ကောင် အလိုက် ပြောစကား တွေရဲ့ tone လေသံ အနိမ့်အမြင့်ကို ပါ ဖော်ပြ ထားနိုင်တာကို တွေ့ရပါတယ်။ အေးဆေး တည်ငြိမ် တဲ့ အဖိုးကြီး နာမီယာ ရဲ့ စကားပြောဟန်၊ကြမ်းတမ်း တဲ့ ဘဝ တွေ မှာ နေနေရတဲ့ သူခိုး ၃ ယောက်ရဲ့ စကားပြောဟန် အနိမ့်အမြင့် တွေကိုပါ ဘာသာပြန် ထဲ မှာ ပေါ်လွင်အောင် ထည့်သွင်းထားပါတယ်။ ဂီတကို ရူးသွပ် နေတဲ့ လူငယ် လေးကို သူ့ အဖေက ဆူပူ တဲ့ နေရာမှာ “ ဖက်ခွက်စား လုပ်ချင်တာလား” လို့ ပြောတာတွေ၊ သူခိုး ၃ ယောက်
ပြောစကား တွေ ထဲ မှာ “ ဒီ အိုလံပစ် ကောင်မ “ “ ဦးနှောက် ထဲ ချီးဆို့ ထားလို့လား” ဆိုတဲ့ အသုံး အနှုန်း တွေဟာ မူရင်း မှာ ဘယ်လို ရေးထားတယ် မသိရပေမယ့် ဘာသာပြန် ဆရာ ရဲ့ လက်ရာ တွေ ဆိုတာ သိသာပါတယ်။ ရဟန်း တပါး ဖြစ်နေတဲ့ ဆရာဖြိုးကျော် ကို အခုလို ဘာသာပြန် စာပေ တွေ များများ ရေးနိုင် ပါစေလို့ မဝံ့မရဲ နဲ့ ဆုတောင်း
ချင်ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ အောင်မြင် နေတဲ့ လူငယ် လုပ်ငန်းရှင် ဘဝ ကို စွန့်ခွါ ပြီး သာသနာ့ဘောင် ဝင်ရောက် သွားတဲ့ သူ တစ်ယောက် ကို စာ များများ ရေးခိုင်းရတာဟာ ရဟန်း ကိစ္စ တွေ လစ်ဟင်း မှာ လည်း စိုးရိမ် မိလို့ ပါ။ ဒီ စာအုပ်ရဲ့ ဘာသာပြန် လက်ရာ ဟာ အခုလက်ရှိ ကာလ မှာ ထွက် လာကြတဲ့ ဘာသာပြန် စာအုပ် အများအပြားရဲ့ ရှေ့ဆောင် လမ်းပြ ဖြစ်မယ် လို့ ယုံကြည်ပါတယ်။ စာဖတ်ပရိတ်သတ် ကို ဒီလို ဖတ်ကောင်း အောင် ဘာသာပြန် ရတယ် လို့ သင်ပေး လိုက်သလို အခြား ဘာသာပြန် ဆရာ များကိုလည်း ဘာသာပြန် ရင် ဒီလို တော့ ရေးပါ လို့ အစဉ်အလာ သတ်မှတ် လိုက်သလို ပါပဲ။
ဒီ စာအုပ် မှာ ကောင်းတာ တွေ ချည်း ပြောပြီး ရင် သဘောမကျ တဲ့ အချက် ဆိုရင်တော့ အပေါ် က ရေးထားတဲ့ time line တွေ ရှုပ်ထွေး နေတဲ့ အချက် ပဲ ရှိပါတယ်။ မူရင်း ဂျပန် ဝတ္ထု ကို ဖတ်တဲ့ ဂျပန် စာဖတ် ပရိတ်သတ် အနေနဲ့ စာထဲက သူတို့ နိုင်ငံရဲ့ အဖြစ်အပျက် တွေ အကြောင်းအရာ တွေ နဲ့ အချိန်ကာလကို ကောင်းကောင်း ခန့်မှန်းနိုင်ပေမယ့် မြန်မာ စာဖတ် ပရိတ်သတ် အတွက်တော့ ဂျပန် နာမည် တွေ မှတ်ရတဲ့ အပြင် အချိန်ကာလ ကိုပါ မှတ် နေရတဲ့ အတွက် ခက်ခဲ မှု တော့ ရှိပါတယ်။ ဒါလည်း ပြောပ လောက်တဲ့ အခက်အခဲ မဟုတ်ပါဘူး။ ထပ်ဖတ်လိုက်ရင် ရှင်းသွား မှာပါ။
အချုပ် အနေနဲ့ကတော့ ဒီ စာအုပ် က မြန်မာ ဘာသာပြန် စာပေ လောက ကို လှုပ်နိုး လိုက်တဲ့ စာအုပ်ပါ။ ဘာသာပြန် မှာ သုတ စာအုပ် တွေ ပဲ များနေပြီး ရသ စာအုပ် ရှားပါး နေတဲ့ မြန်မာ စာပေ လောက အတွက် စာအုပ်စင် ပေါ် သိမ်းထားရမယ့် စာအုပ် တစ်အုပ် ဖြစ်ပါကြောင်း သုံးသပ် ရေးသား လိုက်ပါတယ်။