ဖားစည်သံအမှန်တို့ လွင်ပါစေ
8000 (ကျပ်)
ဒီစာအုပ်လေးဟာ ဖြစ်ရပ်မှန် သီးသန့်ဇာတ်လမ်း မဟုတ်ဘဲ ဖြစ်ရပ်မှန်အကြောင်းအရာများအပေါ် အခြေခံထားသည့် ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ဝတ္ထုထဲတွင် ကရင်ပြည်နယ်ရဲ့ အလှတရားတွေကို တွေ့ရမှာမဟုတ်ဘဲ ကရင်လူငယ်တို့ ရှုရှိုက်နေရတဲ့ ယမ်းငွေ့တွေရဲ့အောက်က ဘဝတစ်စိတ်တစ်ပိုင်းကိုသာ တွေ့ရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ သာယာတဲ့ ကရင်ပြည်နယ်ရှိ တခြားတစ်ဘက်မှာ မသိရှိနိုင်တဲ့ ဝမ်းနည်းဖွယ် ကြေကွဲဖွယ်နာကြင်ဖွယ် အကြောင်းတရားများစွာရှိကြောင်း၊ နှစ်ပေါင်းများစွာ စစ်မြေပြင်ဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ သေနတ်သံတွေ ကြားနေဆဲဖြစ်တဲ့ ကရင်ပြည်နယ်ရဲ့ ပကတိအခြေအနေအမှန်များကို ဒီစာအုပ်လေးက မီးမောင်းထိုးပြပါလိမ့်မယ်။
| စာမျက်နှာ | 184 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.6 x 8.4 inches |
| ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2024 ဇွန်လ (ဒု-ကြိမ်) |
4 in stock




Mon Mon Aung –
Mon Mon Aung
#ဖားစည်သံအမှန်တို့လွင်ပါစေ
#ဤစာအုပ်အားလူမျိုးစွဲ၊ဘာသာစွဲ၊အတ္တစွဲကြီးသော အမည်းရောင် နှလုံးသားပိုင်ရှင်များ
ဖတ်ရှုရန်မသင့်ပါ။
ဒီစာအုပ်လေးကတော့ ဆရာကိုစိုးထိုက်(ဖဒို) ရဲ့ဖားစည်သံအမှန်တို့လွင်ပါစေဆိုတဲ့ စာအုပ်လေးပါ။ကရင်ပြည်နယ်ကိုနောက်ခံထားပြီး ဖြစ်ရပ်မှန်အကြောင်းအရာများကိုအခြေခံထားတဲ့ဝတ္ထုလေးပါ။ဒီစာအုပ်ထဲမှာ ကရင်ပြည်နယ်ရဲ့အလှတရားတွေအေးချမ်းသာယာမှုတွေကိုတွေ့ရမှာမဟုတ်ဘဲ မွန်မွန်တို့မသိနိုင်တဲ့ စစ်ပွဲတွေနောက်ကယမ်းငွေ့တွေကို ရှူရှိုက်နေရတဲ့ ကရင်လူငယ်လေးတွေရဲ့ ဘဝတွေ၊တိုက်ပွဲတွေကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်သွားရတဲ့ဘဝတွေ၊ဖခင်မဲ့သွားတဲ့ကလေးငယ်တွေ၊အသက်တွေ ခြေတွေလက်တွေ ဆုံးရှုံးခဲ့ရတဲ့ကလေးငယ်တွေ၊
စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေရဲ့ဘဝကို
နာကျဥ်းဖွယ် ဝမ်းနည်းဖွယ်တွေ့မြင်ရမှာပါ။
ကရင်ပြည်နယ်ကိုလေ့လာရေးခရီးထွက်လာတဲ့ သူငယ်ချင်းတစ်စု ဖားစည်သံ ဆိုတဲ့ထမင်းဆိုင်လေးမှာဝင်နားကြရင်း ချောင်းစပ်လေးနားက နာမည်ထိုးမထားတဲ့ အုတ်ဂူလေးအကြောင်းကိုမေးရင်း ဖားစည်သံအမှန်တို့လွင်ပါစေဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပေါ်လာပါတော့တယ်။
ဒီဇာတ်လမ်းလေးထဲကဇာတ်ကောင်တွေကတော့ တာဝါး၊ဇူးဘတ်၊သော်မိုး၊နောဝါးဖော၊နော်ဝါးစေး စတဲ့ကရင်လူငယ်လေးငါးယောက်ပေါ့။သူတို့ငါးယောက်ဟာ သူငယ်ချင်းဆိုတဲ့ ဖြစ်တည်မှုလေးအောက်မှာ ဘယ်တော့မှ မခွဲကြေးဆိုပြီး သံလွင်မြစ်ရေကိုသောက်ပြီး သစ္စာပြုထားတဲ့အရမ်းချစ်ကြတဲ့ သူငယ်ချင်းတစ်စုပါ။
သူငယ်ချင်းဆိုတဲ့ ဖြူစင်လှတဲ့ခေါင်းစဥ်အောက်မှာ ဆင်းရဲချမ်းသာတာတွေ ကိုးကွယ်တဲ့ဘာသာ
မတူညီတာတွေဟာအဓိက မဟုတ်ဘဲ အချင်းချင်းရိုင်းပင်းကူညီပြီး အသက်ထက်ကိုပိုချစ်ကြတဲ့သူငယ်ချင်းတစ်စုပေါ့။အဓိကဇာတ်ဆောင်တာဝါးနဲ့ ဇူးဘတ်တို့က လက်ဝှေ့သမားဖြစ်တာကြောင့် ဒီစာအုပ်လေးထဲမှာ လက်ဝှေ့ပွဲထိုးသတ်ကြပုံတွေ အောင်လံလုပွဲတွေအကြောင်းလည်း မှတ်သားရပါတယ်။ကရင်တို့ရဲ့ ရသေ့ကိုးကွယ်မှုတွေ ရိုးရာနတ်ကိုးကွယ်မှုအကြောင်းတွေလည်း ဗဟုသုတရဖွယ်တွေ့ရပါတယ်။’#ဓားဆိုတာ တောင်ယာလုပ်ဖို့၊နှီးဖြာဖို့၊တောင်းယက်ဖို့ သုံးရမှာကို လူတွေက ဓားကိုသုံးပြီး လူအချင်းချင်း သတ်ကြတယ်…ဒီလိုပဲ ဘာသာတရားဆိုတာ ဘုရားပေးတဲ့ ဓားပဲတဲ့…ဒီဓားနဲ့ သံသရာကလွတ်အောင်အသုံးပြုရမှာကို လူတွေက သူ့ဓားကထက်တယ်၊ငါ့ဓားက ထက်တယ်ဆိုပြီး ငြင်းခုံရန်ဖြစ်နေကြတယ်တဲ့…တကယ်က ဓားတိုင်းထက်ပါတယ်..သံချေးတွေဖုံးနေရင်သာ သုံးမရတာ…’ဆိုတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ စကားလေးလည်း မှတ်သားရပါတယ်။
မွန်မွန်တို့မသိတဲ့ ကရင်ပြည်နယ်ရဲ့ အခြားတစ်ဖက်က စစ်ပွဲတွေအကြောင်းလည်း မျက်ဝါးထင်ထင်တွေ့မြင်ရမှာပါ။အဲဒီဒေသက ကလေးငယ်လေးတွေရဲ့ အိပ်ယာဝင်ပုံပြင်ဟာ မင်းသားမင်းသမီးလေးတွေမဟုတ်ဘဲ စစ်ပွဲတွေ အကြောင်းပါတဲ့၊ကလေးငယ်လေးတွေဟာ ပန်းရနံ့အစား ယမ်းငွေ့တွေကို ရှူရှိုက်ပြီးကြီးပြင်းခဲ့ရတဲ့အကြောင်းတွေဟာ တကယ့်ကိုရင်နင့်စရာကောင်းလှပါတယ်။ အလှူရှင်တွေကျွေးတဲ့ထမင်းကိုစားရတဲ့ အလှူရှင်တွေလှူမှရတဲ့ အသုံးအဆောင်တွေနဲ့ လူအများကြီးနေရတဲ့ စစ်ဘေးရှောင်စခန်းမှာတော့ ဘယ်သူကတော့နေချင်ပါမလဲနော်…။ ‘ #မျှော်လင့်ချက်မရှိ၊အလုပ်အကိုင်အတည်တကျမရှိ၊မည်သည့်နေ့တွင်အိမ်ပြန်ရမည်ကို မသိရှိရဘဲ နှစ်ပေါင်းများစွာ နေထိုင်သွားရပါတော့သည်’ တဲ့လားလေ။
‘#မင်းသိလား…မင်းက မင်းယုံကြည်တဲ့ လမ်းအတိုင်း ထွက်သွားတာပဲ…နောက်ပိုင်းမှာ ငါတို့ သူငယ်ချင်းတွေဘယ်လိုဖြစ်ပြီး ကျန်ခဲ့မလဲဆိုတာ မင်းမစဥ်းစားဘူးမဟုတ်လား…’
ဒီစစ်ပွဲတွေကြောင့်လည်း နောက်ဆက်တွဲ
သူငယ်ချင်းတစ်စု အထင်လွဲမှားမှုလေးကြောင့်ပဲ သေကွဲရှင်ကွဲ ကွဲကုန်ကြပြီး ရင်နာစရာတွေဖြစ်လာတော့တယ်။ဒါကြောင့် အဲဒီဂူလေးမှာ နာမည်မထိုးပဲ အကြောင်းကတော့ သူ့နာမည်ကို ထိုးထားတာတွေ့ရင်လူတစ်ယောက်က ပိုမိုနာကျင်ရတာကြောင့်မထိုးတာပါတဲ့လေ။ဖတ်ပြီး ကိုယ်တိုင်တောင်
ဒီလောက်ခံစားရတာ ကာယကံရှင်တွေဆို ဘယ်လောက်ရင်နာလိုက်ကြမလဲ စာနာမိပါရဲ့။သေနတ်သံတွေကြားမှာ ပြေးလွှားရင် အသက်ဆုံးရှုံးရသူတွေ ကိုယ်လက်အင်္ဂါ မပြည့်စုံတော့တဲ့
သူတွေ စစ်ဘေးရှောင်စခန်းမှာ နေရတဲ့သူတွေ
ခုချိန်ထိ ရှိကြသေးတာပဲမဟုတ်လား။
ဖတ်ပြီး အတွေးပေါင်းများစွာ ကရုဏာသက်ဖွယ်ရာ ရင်နင့်ဖွယ်ရာတွေကို အများကြီးရစေတဲ့ စာအုပ်လေးမို့ ဖတ်ပြီးရင်ထဲတစ်ခုခုကျန်ခဲ့မှာအသေချာပါပဲ။အသေးစိတ်ဖတ်ကြည့်ကြဖို့လည်း ညွှန်းပါရစေရှင်။ဖတ်ပြီး ငိုရင်တော့ တတ်နိုင်ဘူးနော်။
‘#ငါတို့ကရင်ပြည်နယ်ရဲ့အမှတ်အသားဟာ ဖားစည်ပဲ…ဖားစည်တီးရင် သာယာတဲ့အသံတွေညံနေတယ်…အခုတော့ ကရင်လူငယ်တွေရဲ့ ငိုရှိုက်သံတွေပဲ ငါတို့ကြားနေရတယ်…မင်္ဂလာရှိတဲ့ ဖားစည်သံအမှန်တွေ ဘယ်တော့များမှ
ကြားရမလဲကွာ…’
#Mon