မြေစာပင်
9000 (ကျပ်)
ယခုစာအုပ်သည် ပြင်ပလောကမှာ အမှန်တကယ်ကြုံတွေ့နေရတဲ့မြန်မာပြည်မှကလေးငယ်ပေါင်းများစွာ၏ ဖြစ်ရပ်မှန်အကြောင်းအရာများအပေါ် အခြေခံပြီး ရေးသားထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။မြေစာပင်စာအုပ်ထဲတွင် သာသနာကို အသုံးချပြီး မိဘမဲ့ ကလေးတွေ စစ်ဘေးရှောင်ကလေးတွေကို အမြတ်ထုတ်နေတဲ့ သံဃာအတုအယောင်တွေ အကြောင်း၊ လေလွင့်ကလေးတွေအကြောင်းကို အသေးစိတ်ရေးသားထားပါတယ်။
မသိလိုက် မသိဖာသာ မျက်ကွက်ပြုထားကြတဲ့ မြန်မာပြည်ရဲ့ ခါးသီးတဲ့ အမှန်တရားများအကြောင်းကို ကွက်ကွက်ကွင်းကွင်းရေးသားထားသည့်အပြင် ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကြား အနာဂတ်မဲ့လေလွင့်ကလေးငယ်များ မြေစာပင်ဖြစ်ရပုံများကို ဖတ်ရှုရမယ့် ဖြစ်ရပ်မှန် စာအုပ်ကောင်းတစ်အုပ်…
| စာမျက်နှာ | 170 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2024 ဖေဖော်ဝါရီလ (ဒုတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 29.7.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 9000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
4 in stock





Tyga(Nyi Nyi Tun) –
#မြေစာပင်
#ကိုစိုးထိုက်(#ဖဒို)
ဇာတ်ကောင်နှစ်ယောက်ကို အခြေပြုပြီး
ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုအဖြစ်
ဇာတ်အိမ်တည်ထားတဲ့ စာရေးဆရာ
(စိုးထိုက်ဖဒို)ရဲ့မြေစာပင် စာအုပ်ဖတ်ရတာ
ရင်ထဲအောင့်သပ်သပ်အရသာကို
တကယ်ခံစားမိတယ် ဘာလို့လည်းဆိုတော့
နန်းမိုးလို ဘဝမျိုးတွေ လူဖြစ်ပြီး လူဖြစ်ရကျိုးမနပ်
စစ်ဘေးဒဏ်ကြောင့် အတန်းပညာပြီးပြည့်စုံအောင်သင်ခွင့်မရ၊ မိဘနှစ်ပါးကလည်း
ရိုးရာသဘာဝလုပ်ငန်းဖြစ်တဲ့ လက်ဖက်ခူးတဲ့အလုပ်လည်း စိတ်အေးလက်အေးမလုပ်ရ
ပန်းချီကားသဖွယ်လှပတဲ့တောင်တန်းတွေပေါ်မှာ
စိုက်ထားတဲ့လက်ဖက်ခင်းသဘာဝအလှတရားကို
ရူ့စားနေချိန်မရပဲ စစ်ဒဏ်ကြောင့် ဗုံးသံတွေ တိုက်ပွဲသံတွေ မကြာခဏကြားနေရတော့ လက်ဖက်ခူးတာတောင် စိတ်အေးလက်အေး
မခူးရတဲ့ဘဝတွေ မိဘနှစ်ပါးကလည်း
လက်ဖက်ခူးတဲ့အလုပ်နဲ့ပဲ ဝမ်းစာအတွက်
ရှာဖွေစားသောက်ရတာဆိုတော့ ဝေးဝေးနီးနီး
မကြောက်မလန့် လက်ဖက်ခူးသွားရ။
တစ်နေ့တော့ လက်ဖက်ခူးသွားရင်း
မိဘနှစ်ပါးမှိုင်းနင်းပီးဆုံးပါးသွားတယ်
အကိုဖြစ်သူကလည်း ရှေ့တန်းတစ်နေရာမှာဆုံးပါး ခုလိုစစ်ဘေးဒဏ်ကြောင့် ဖြူစင်ရိုးသားတဲ့
ကလေးငယ်တွေ မိဘမဲ့တွေဖြစ်ကုန်ကြရ္
တစ်နည်းအားဖြင့် စစ်ဒဏ်ကို ခါးစည်းခံရတဲ့
အပြစ်မဲ့ပြည်သူတွေ မြန်မာနိင်ငံမှာ မရေမတွက်
နိုင်အောင်ရှိမယ်ဆိုတာကတော့ မလွဲဧကန်ပါပဲ
လူဖြစ်လာတာချင်းတူရင်တောင်
လူအခွင့်အရေးအပြည့်အဝမခံစားရကြတဲ့
စစ်ဖြစ်တဲ့နေရာဒေသတွေကလူတွေ
မျက်မြင်ကိုယ်တွေမပြောနဲ့ဗျာ
ဒီစာအုပ်ဖတ်ရင်းကို တော်တော်လေး ကွင်းကွင်းကွက်ကွက် မြင်ယောင် ကြေကွဲမိပါတယ်
ကယ်ဆယ်ရေးသမားလိုလိုပရဟိတသမားလိုလို
သံဃာအယောင်ဆောင်ထားတဲ့လူတွေက
စစ်ဘေးရှောင်ကလေးတွေကို ဒုက္ခသည်စခန်းမှာလာခေါ်ပြီး သူတို့ရဲ့အယောင်ဆောင်
ကိုယ်ကျိုးစီးပွားပရဟိတအတွက် ဗန်းပြပြီး စီးပွားရေးလုပ်တာတွေ ခေါ်လာတဲ့
စစ်ဘေးရှောင်ကလေးတွေကို ကိုယ်ထိလက်ရောက် နှိပ်စက်ပုံတွေ အထင်သားရေးပြသွားတဲ့
ဆရာ့ စာအရေးအသားလက်ရာကတော့
ရင်ထဲတကယ်ကိုထိမိလှပါတယ် နောက်တစ်ခန်းက သံချောင်းအကြောင်း သံချောင်းကတော့
လမ်းမပေါ်က အပေအတေအလေ့အလွင့်
တစ်ယောက်ပေါ့ သူ့အပေါင်းအပါဘော်ဒါတွေနဲ့
မိုးလင်းကတည်းက ထမင်းအစားထိုးသဘောမျိုးကော်ဖိုး အရှာထွက်ရ ကော်ရူရင် သူတို့အတွက်
ဗိုက်ဆာတဲ့ဒဏ်ခံနိုင်မယ် ပင်ပန်းတဲ့ဒဏ်ခံနိုင်မယ်
အမှိုက်ပုံတွေပေါ်မှာ အိပ်ရင်လည်း
အနံ့အသက်ဆိုးရတဲ့ဒဏ်ကို ခံနိုင်တယိ
ကော်ရူပြီး အဓိပ္ပါယ်မဲ့တဲ့ဘဝခရီးကို
ရှေ့ဆက်ပြီး ဝမ်းဝဖို့အတွက် သံချောင်းတို့သူငယ်ချင်းတစ်စုအမျိုးမျိုးကြံဖန်ရှာဖွေ
စားသောက်ကြရပါတယ် ခါးသီးလှတဲ့ ဘဝမျိုးပေါ့
အိပ်စရာနေရာရယ်လို့လည်း တိတိကျကျမရှိ
သူတို့အိပ်စရာနေရာက အမှိုက်ပုံလား ပန်းခြံလား တံတားအောက်လား မိုးမလုံလေမလုံ
အမိုးအကာတစ်ခုအောက်လား
ဘယ်လောက်ပဲ ဘဝဆိုးနေပါစေ
လမ်းဘေးကဘဝတွေဆိုပေမဲ့
အကျင့်စာရိတ္တခြစားခြင်းမရှိ
ရိုးသားဖြောင့်မတ်ကြပြီး သူငယ်ချင်း အချင်းချင်း
ဘယ်ကိစ္စမဆို ရိုင်းပင့်ကူညီ ကောင်းတာလုပ်လုပ်
ဆိုတာလုပ်လုပ် သံယောဇဥ်တစ်ခုကို အရင်းပြုပြီးဝမ်းစာအတွက် အတူတူရှာဖွေစားသောက်ကြရတာတော့ အတုယူစရာ ဖြူစင်ဖွယ်မေတ္တာပါပဲ
ကော်အတူမျှရူတာတွေတစ်ယောက်နဲ့တစ်ယောက်အေးအတူပူအမျှဖေးမကူညီစောင့်ရှောက်တာတွေ ကွဲကွာသွားတဲ့နန်းမိုးနဲ့သူ့မောင်လေးပြန်လည်
တွေ့ရအောင်ကူညီကြတဲ့ သံချောင်းတို့သူငယ်ချင်းအုပ်စုရဲ့ ဘဝပေးချင်းအတူတူ စာနာစိတ်နဲ့
ဒုက္ခခံကူညီရှာပေးတာကို ထိမိအောင်ရေးထားတာတွေ့ရပါတယ် နောက်ပြီး တွေးမိတာတစ်ခုက
မျက်မှောက်ခေတ်မှာ သံချောင်းလို နန်းမိုးလိုမြေစာပင်ဖြစ်ခဲ့ရတဲ့သူတွေ လူတွေ ဘယ်လောက်များရှိနေမလည်းပေါ့
နောက်ဆုံးအနေရဲ့ပြောရရင် စာသင်ခွင့်မရသေးတဲ့
လမ်းမပေါ်ကအိမ်ခြေယာမဲ့ ကလေးတွေကို
အသိပညာ အတတ်ပညာ သင်ခွင့်ရစေချင်ပြီ
အမျိုးဘာသာသာသနာကိုညှိုးနွမ်းစေသော
ကိုယ်ကျိုးစီးပွားအတွက် လုပ်နေတဲ့
အယောင်ဆောင်ပရဟိတသံဃာတော်တွေကို
ဖမ်းဆီးထိန်းချုပ်စေချင်ပြီ သို့လောသို့လော…….
၁၉၄၇ခုနှစ်ကလွတ်လပ်ရေးရအောင်ကြိုးပမ်းရင်း ဆုံးပါးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းမျက်နှာထောက်ပြီး တိုင်းရင်းသားလူမျိုးအချင်းချင်း သတ်ဖြတ်နေတဲ့ ၅၈နှစ်ကြာလှပြီ
ဖြစ်သော ပြည်တွင်းစစ်ကိုရပ်စေချင်လှပါပြီ
Reviewထဲမှာ အမှားပါရင် ခွင့်လွှတ်ပေးပါ
ရင်ထဲကခံစားချက်တချို့ ထည့်ရေးထားပါတယ်
မအိမ့်အိမ့်ထူးအောင် –
?မြေစာပင်?
ကျွန်မတို့ပတ်ဝန်းကျင်မှာ မြေစာပင်လေးတွေ များစွာရှိကြတယ်။ သတိထားကြည့်မှ တွေ့နိုင်တဲ့ မြေစာပင်လေးတွေ ရှိသလို နှစ်ကာလများစွာတည်းက သူတို့ရှိနေကြောင်း သိပြီးဖြစ်၍
ထူးပြီး မစဥ်းစားမိကြတော့သော မြေစာပင်လေးတွေလည်း များစွာ ရှိတယ်။ သို့သော်…ဒီစာအုပ်လေးထဲမှာတော့ ကျွန်မတို့ သိပြီးပေ
မယ့် မသိချင်သလိုလို မေ့ဖျောက်ထားမိတဲ့ မြေစာပင်လေးတွေ၊ ဒီကမ္ဘာပေါ်မှာ ဖြစ်ပျက်တတ်ပါရဲ့လားလို့ ကျွန်မတို့ မတွေးမိလောက်အောင် အလွန်ဆိုးရွားတဲ့ လောကဓံတွေကို
ကြံ့ကြံ့ခံအံတုပြီး ပြန်လည်ထမြောက် ရှင်သန်ခဲ့ကြပြီးတဲ့ မြေစာပင်လေးတွေအကြောင်းကို
ဆို့နင့်ကြေကွဲစွာနဲ့ “နားထောင်”ရမှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာ ဖြစ်ရပ်မှန်တွေကို အခြေခံထားတာ ဖြစ်တဲ့အတွက် အခြား ရသ စာအုပ်တွေလို အတူလိုက်ပါ စီးမြောခံစားဖို့ထက် “ဟုတ်ရဲ့လား…ဟုတ်ရဲ့လား” လို့ ဆက်တိုက်မေးယူရလောက်အောင် ကရုဏာ သက်ဖွယ် ဘဝဇာတ်ကြောင်းလေးတွေကို မြင်ယောင်မိစေမှာဖြစ်လို့ “ဖတ်ရှု” ဆိုတဲ့ စကားလုံးအစား “နားထောင်ရမှာ”လို့ပဲ သုံးလိုက်ပါတယ်။
“မြေစာပင်” ဆိုတဲ့ ဝေါဟာရလေးကို တွေ့ရင် မိတ်ဆွေတို့အနေနဲ့ ဘယ်သူတွေကို သွားမြင်ယောင်မိပြီး ဘယ်လို အဓိပ္ပါယ်ဖော်ကြမလဲ မသိပေမယ့် ကျွန်မကတော့ ဒီစာအုပ်လေးဖတ်ရင်း
“လူသားတို့၏ ဒေါသ အာဃာတ ရန်ငြှိုးများ၊
ပြုမိသမျှသော မကောင်းမှု ဒုစရိုက်များ ကြောင့်
မလိုပါဘဲ ဆုံးရှုံးနစ်နာခဲ့ရသော လောက၏ တန်ဖိုးအရှိဆုံးအရာများ ၊ မလိုပါဘဲ နွမ်းကြွေခဲ့ရသော အဖြူစင်ဆုံး အနာဂတ်လေးများ” ဟုသာ အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတော့တယ်။
လောကကြီးမှာ လူကိုလူနဲ့တူအောင် မဆက်ဆံတတ်ကြသော လူသားများ ၊
ရှင်သန်ချိန် ဘဝခဏလေးမှာ ကိုယ်တကယ် မပိုင်ဆိုင်ပါသော အရာများစွာကို ကိုယ်ပိုင်ပစ္စည်းအဖြစ် အတင်းလုပ်ယူရင်း ဖြစ်ပွားလာကြရသော စစ်ပွဲများ၊
လှပသော တောင်တန်းဒေသတွေမှာ အရုပ်ဆိုး အကျည်းတန်မှုတွေဖြစ်အောင် ဘယ်သူနဲ့ဘယ်သူ ပစ်နေကြမှန်းမသိလောက်စရာ များပြားလှသော လက်နက်ကိုင်တပ်ဖွဲ့များဆီမှ အမြောက်ဆန်များ ၊
ပညာဉာဏ် အလွန်နည်းပါလှသော ဆင်းရဲနုံချာ
သည့် မိဘများ၏ အသိဉာဏ်မဲ့ အိမ်ထောင်ရေးအရှုပ်အထွေးများ ၊
စတဲ့ စတဲ့ များပြားလှသော အကြောင်းအရင်းဆိုးများကြောင့် အနာဂတ်မဲ့ဖြစ်လာကြသော စစ်ပွဲဓားစာခံ မြေစာပင်လေးများ နဲ့ လမ်းပျော် မြေစာပင်လေးများအဖြစ် သူတို့ကိုယ်တိုင်မဖြစ်ချင်ပါဘဲ မြေစာပင်လေးတွေ အစုံအလင် ဖြစ်လာကြရတယ်။
မြေစာပင်လေးများရဲ့ မျှော်လင့်ချက်အပြည့်နဲ့ ဆာလောင်စွာ တမ်းတနေကြသော
ချစ်ခြင်းမေတ္တာတရားများဆီသို့ ညည်းညူသံများကို စာအုပ်လေးဖတ်ရင်း ကြားယောင်နေရသယောင်ယောင်…။
ဘယ်မှာလဲ…ငါတို့ရဲ့ အေးအေးချမ်းချမ်း ပညာသင်ကြားရမယ့် နေ့ရက်တွေ၊
ဘယ်မှာလဲ ငါတို့ရဲ့ သာသနာ့ဘောင်မှာ ပျော်မွေ့ရမယ့် နေ့ရက်တွေ၊
ဘယ်မှာလဲ ငါတို့ရဲ့ လွယ်ဆိုင်တောင်တန်းပေါ်က စိမ်းစိုမွှေးပျံ့တဲ့ ပလောင်လက်ဖက်ခင်းတွေဆီ ပြန်လာခွင့်ရမယ့် နေ့ရက်တွေ၊
ဘယ်မှာလဲ ငါတို့ရဲ့ လက်ဖက်ခူးရင်း မိုင်းနင်းမိပြီး အိမ်ကို ပြန်ရောက်မလာကြတော့ဘဲ အသက်ဆုံးပါးသွားခဲ့ကြရတဲ့ မိဘတွေ၊ ဘယ်မှာလဲ ငါတို့ရဲ့ ချစ်လှစွာသော မိသားစုဝင်တွေကို ချန်ထားရစ်ခဲ့ပြီး တောတွင်းရှေ့တန်းတစ်နေရာမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေရတဲ့ လူငယ်အစ်ကိုတွေ၊
ဘယ်မှာလဲ ငါတို့ကို “ပြုပြင်လို့မရဘူး” ဆိုတဲ့ အဓိပ္ပါယ်တွေကနေ ရှောင်ဖယ်ပြီး “ပတ်ဝန်းကျင်ကြောင့်သာ ဒီလိုအခြေအနေရောက်တာ…စိတ်ထားလေးတွေက ကောင်းကြပါတယ်” ဆိုတဲ့ အဓိပ္ပါယ်တွေ ဖော်ဆောင်ထားတဲ့ တန်းတူအကြည့်တွေနဲ့ ကြည့်ပေးကြမယ့်သူတွေ…စသည်စသည်ဖြင့် လမ်းပျော်လေးများရဲ့ မျှော်လင့်တကြီး ဖွဖွရေရွတ်နေကြတဲ့ ညည်းညူသံလေးများကို ကြားယောင်မိပါတယ်…။
ဒါ့အပြင် မိုးများ သည်းသည်းမဲမဲ ရွာချတဲ့အခါများမှာ ကျွန်မတို့တွေအများစု ပျော်တတ်ကြတယ်။ တစ်ခါတစ်ရံ မိုးရွာကြီးထဲ ဈေးရောင်းနေကြရတဲ့သူများ၊ ဆိုက်ကားနင်း ၊ ကူလီထမ်းနေကြရသောသူများကို တွေ့မိတဲ့အခါမှာသာ ကိုယ်ချင်းစာတရားများ ရံဖန်ရံခါ ပေါ်ပေါက်လာတတ်သည်များ သာရှိပါတယ်။ သို့သော် ယခု မြေစာပင်စာအုပ်လေးဖတ်တဲ့အခါမှသာ တစ်ခါမျှ မတွေးဖူး ၊ ကိုယ်ချင်းမစာဖူးတဲ့ လမ်းပျော်ကလေးငယ်များရဲ့ မိုးစက်မိုးပေါက်များအောက် အိပ်စရာနေစရာမရှိသော ဘဝအခက်အခဲများကို လွန်စွာ ကရုဏာသက်မိပါတယ်။ မိုးစိုသောဒဏ်၊ ချမ်းအေးသော ဒဏ်၊ ဆာလောင်မွတ်သိပ်သော ဒဏ်၊ ဝတ်စရာ အဝတ်အစားမရှိသော ဒဏ်၊ မိသားစု၏ စစ်မှန်သော မေတ္တာကို မခံစားရသော ဒဏ် ၊ကြေးစားလူမိုက်ကြီးများရဲ့ အနိုင်ကျင့် နှိပ်စက်မှုကို ခံစားရသောဒဏ် စတဲ့လောကဓံရိုက်ချက်ချက်ပေါင်းများစွာကို အချိန်တိုင်း တွေးပြီး စိတ် မဆင်းရဲနေမိစေရန် အမှိုက်ကောက်ရောင်းရသမျှ ပိုက်ဆံများအားလုံးကို ကော်ရှူဖို့အတွက်သာ အသုံးပြုကြတော့တယ်။ အနာဂတ်အတွက် ရှည်ရှည်ဝေးဝေး စိတ်ပူဖို့ရန်ပင်ဝေးစွ ၊ လက်ရှိ နှစ်နာရီ သုံးနာရီအတွက်ကိုပင် ကော်နံ့များကြားမှာ ရှူရှိုက်နှစ်မြုပ်ပစ်လိုက်ကြရသော
(အများက လူဆိုးသွမ်းကလေးတွေဟု သတ်မှတ်ထားကြသည့်) လမ်းပေါ်မှာနေ လမ်းပေါ်မှာစားကာ လမ်းပေါ်မှာသာ ရှင်သန်သွားလာနေကြသော လမ်းပျော်ကလေးငယ်များရဲ့ နွမ်းကြွေနေသော ဘဝအထွေထွေကို စာနာမိတော့တယ်…။
နဂိုကမှ မသိနားမလည်ပါဘဲနှင့် ကြုံလာရသော ဒုက္ခဆိုးများကြားတွင်
မြေစာပင်လေးများရဲ့ မျှော်လင့်ချက်များစွာကို လူမဆန်စွာ ရိုက်ချိုးရက်ကြသော ပရဟိတ အယောင်ဆောင် လူ့ဘီလူးများရန်မှလည်း ဘဝတစ်လျှောက်လုံး ကင်းဝေးကြစေဖို့ရယ် ၊
ဒီစာအုပ်လေးထဲက ဗိုလ်လေးမောင်မောင်လိုမျိုး မြေစာပင်လေးတွေအားလုံးကို အခြားကလေးတွေနဲ့တန်းတူ မေတ္တာထားဆက်ဆံပေးနိုင်တဲ့ သူများလည်း အပြင်လောကမှာ ဒီ့ထက်များများ ပိုပေါ်ပေါက်လာစေဖို့ရယ်၊
နန်းမိုးတို့ ၊ သီရိတို့လိုမျိုး ဘဝမှာ အသက်အရွယ်နဲ့မလိုက်ဖက်လှတဲ့ လောကဓံဆိုးတွေ ဘယ်လိုပင် ကြုံခဲ့ရသော်လည်း မျှော်လင့်ချက်ကောက်ရိုးမျှင်လေးတစ်စကို ကိုင်စွဲပြီး ဘဝတူမြေစာပင်လေးများကိုပါ ပြန်လည်ကြည့်ရှုစောင့်ရှောက်နိုင်တဲ့ သူလေးတွေအဖြစ် အတုယူကြိုးစားနိုင်ကြစေဖို့ရယ်
ဆိုပြီး ဒီကမ္ဘာပေါ်မှာရှိရှိသမျှ မြေစာပင်လေးတွေအားလုံးအတွက် တောင်းဆုပြုမိပါတယ်။
ဒီစာအုပ်လေးမှာ စာအရေးအသားက အထွေအထူး ရှည်ရှည်ဝေးဝေး ဖွဲ့နွဲ့ရေးသားထားတာမျိုးမဟုတ်ဘဲ လောကကြီးမှာ အုပ်ထိန်းပေးမယ့်သူတွေ
မဲ့နေတဲ့ကြားက ကြုံလာရသမျှ အဆိုးဆုံး အခက်အခဲတွေကို အသိဉာဏ်ရှိသလောက်လေးနဲ့ အံတုရင်ဆိုင်နေကြတဲ့ မြေစာပင်လေးတွေရဲ့ ဘဝအတွေ့အကြုံလေးတွေကိုသာ
ဦးစားပေးပြီး သွက်သွက်လေးရေးထားတဲ့အတွက် စဖတ်ဖတ်ချင်းမှာ အနည်းငယ်ပေါ့ပါးသလို မြင်မိပေမယ့် တစ်အုပ်လုံးဖတ်ပြီးသွားချိန်မှာ ခံစားနေရသမျှ ကရုဏာသက်ဖွယ်ရာအားလုံးတို့ကြောင့် ထင်ထားတာထက်ပိုပြီး အရမ်းလေးနက်လွန်းလှပါတယ်။
ဘဝတစ်လျှောက်လုံး သက်သက်သာသာနေပြီး (ဒီစာအုပ်လေးသာ မဖတ်ဖြစ်ရင်) တစ်ခါမှ သိရှိသွားမှာမဟုတ်တဲ့ ကျွန်မတို့နေထိုင်ရာ ကမ္ဘာလောကကြီးထဲက ရင်နင့်ဖွယ်ရာ မြေစာပင်လေးတို့ရဲ့ ဘဝဇာတ်ကြောင်းတွေကို အခုလိုသိရှိသွားအောင် ရေးသားဖော်ပြပေးတဲ့ ဆရာ ကိုစိုးထိုက်(ဖဒို)ကိုလည်း ဒီreviewလေးနဲ့ ကျေးဇူးတင်ကြောင်း ပြောပါရစေရှင့်။
မြေစာပင်လေးတွေရဲ့ဘဝတွေ စိမ်းစိုလန်းဆန်းစွာနဲ့ ပြန်လည်ရှင်သန်လာအောင်
လမ်းကြောင်းမှန်ပေါ် ချပေးခဲ့တဲ့
ပဲခူးသကျနွယ်ပရဟိတအသင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်မတို့နေထိုင်ရာ ကမ္ဘာလောကကြီးမှာ
စစ်ပွဲဓားစာခံ၊ ပရဟိတဓားစာခံ၊ ဆင်းရဲမွဲတေမှုနဲ့ အသိဉာဏ်နည်းမှုတို့ရဲ့ ဓားစာခံ စတဲ့ အမျိုးစုံသော ဓားစာခံလေးတွေ ဒီ့ထက်ပိုပြီး ပေါ်ပေါက်မလာကြတော့ဖို့နဲ့
ဓားစာခံလေးတွေကို အားလုံးနဲ့တန်းတူ မေတ္တာကရုဏာထားနိုင်ကြတဲ့ လူတွေလည်း ဒီ့ထက်အများကြီး ပိုမိုများပြားလာစေဖို့အတွက် ဒီ “မြေစာပင်” စာအုပ်လေးကို ဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။
#ချစ်ခင်လေးစားစွာဖြင့်
#အိမ့်
Aung thura –
အရမ်းကောင်းတဲ့စာရေးဆရာပါသူစာအုပ်5အုပ်လုံးဖတ်ပီးပီဖတ်ပီဆိုတာနဲ့လက်ကနေချလို့မရအောင်ဆွဲဆောင်မှုရှိရှိရေးတတ်ပါပေ့နောက်စာအုပ်တွေရှိသေးလာသိချင်ဖတ်ချင်ပါရဲ့