မွန်တီခရစ္စတိုနယ်စားကြီး (ပ+ဒု)

( 1 မှတ်ချက်)

25000 (ကျပ်)

ပြင်သစ်ဂန္တဝင်အကျော်အမော် အလက်ဇန္ဒားဒြူးမား၏ The Count Of Monte Cristo ဝတ္ထုကြီးသည် 1844-45 ခုနှစ် ဝန်းကျင်၏ အကောင်းဆုံး ရောင်းအား အမြင့်ဆုံးဖြစ်ခဲ့သည်။ ယနေ့ခေတ်တိုင်အောင် ကမ္ဘာ့စာပေလောကတွင် လေ့လာနေရဆဲဖြစ်သည်။ ကမ္ဘာ့တက္ကသိုလ်ကြီးများ၏  Literature အခန်းကဏ္ဍတွင် တခမ်းတနား နေရာယူထားသည်။

မွန်တီခရစ္စတိုသည် တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ၍ ရေးဖွဲ့ထားသည်ဟု ပြောစမှတ်ပြုကြသည်။ စံတင်လောက်သည့် အချစ်စွန့်စားခန်းဝတ္ထု အဖြစ် စာပေနယ်က မှတ်တမ်းပြုကြသည်။ တစ်ခေတ်တစ်ခါက ရောမအင်ပါယာဖြစ်ခဲ့သည့် ပြင်သစ်နိုင်ငံတောင်ပိုင်း နီးမ်မမြို့တော်ရှိ ဖြဲခ်ပီကိုး အမည်ရှိ ဖိနပ်ချုပ်သမားတစ်ဦး၏ ဘဝဇာတ်လမ်းအမှန်ဖြစ်သည်။ ဖြဲခ်ပီကိုးသည် နတ်ဆိုးသဖွယ် မတရားသော တရားသူကြီးမင်း၏ စီရင်ချက်ကြောင့် အကျဉ်းထောင်သို့ ရောက်ခဲ့ရသည်။ မိတ်ဆွေသုံးယောက်သည် ဖြဲခ်ပီကိုး၏ဘဝကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် ချောက်တွန်းခဲ့ကြသည်။

ဒြူးမားသည် ထိုခေတ် ထိုအချိန်ကာလ ဖြစ်ပျက်နေသော ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ တရားစီရင်ရေးတို့ မည်မျှအထိ အကျင့်ပျက် ခြစားနေသည်၊ တိုင်းပြည်ချွတ်ခြုံကျဘဝရောက်နေသည်ကို သွယ်ဝိုက်သောနည်းလမ်းဖြင့် မီးမောင်းထိုးပြခဲ့သည်။ မွန်တီခရစ္စတိုနယ်စားကြီးဝတ္ထုသည် ၁၉ရာစု ပြင်သစ်အစိုးရနှင့် တရားဥပဒေ၊ ဘုရားသခင်နှင့် ဘာသာရေး ယုံကြည်သက်ဝင်ခြင်း၊ လူမှုရေးဆိုင်ရာလူတန်းစာအလွှာများအကြာင်းကို အတွင်းကျကျ ဖော်ပြထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

စာမျက်နှာ

500+1033

စာအုပ်အရွယ်အစား

6 x 0.8 x 8.7 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2023 ဩဂုတ်လ

3 in stock

မွန်တီခရစ္စတိုနယ်စားကြီး (ပ+ဒု) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thet Naing Aung

    ” လူလုပ်ရတာ လွယ်မလိုနဲ့ မလွယ်ပါဘူး။လူတယောက်က ပျော်ရွှင်ခြင်းကို လွယ်လွယ်ရလိမ့်မယ်လို့ မထင်ဘူး။ ကျုပ်တို့ယောကျာ်းတွေရဲ့ ပျော်စရာကိစ္စဆိုတာ တကယ်တော့ အမြဲတမ်း အံဝင်ခွင်ကျဖြစ်မနေတတ်ဘူးဆိုတာလည်း သိပါတယ်။ ပျော်ရွှင်မှုဆိုတာ ထူးဆန်းတဲ့ကျွန်းပေါ်က နဂါး၊ဂဠုန်၊ကုမ္ဘဏ်ယက္ခတွေ စောင့်ကြည့်ထားတဲ့ ဘုံဗိမာန်တခုလိုပဲ။ တကယ့်ပျော်ရွှင်မှုကိုလိုချင်ရင် ပိတ်ထားတဲ့တံခါးတွေကိုပွင့်သွားအောင် တိုက်ပြီးယူရမယ်”.
    – ဒန်တီ

    ” ငါ့အတွက် အချိန်စေ့လို့ သေခြင်းတရားရောက်လာခဲ့ရပေမယ့် မင်းအတွက် ရှင်ခြင်းတရားကို ဆက်လက်ရှာဖွေပါ၊ ငယ်ရွယ်နုပျိူပြီး ဉာဏ်ပညာ ထက်မြက်တဲ့ မောင်ရင့်ဘဝတက်လမ်းမှာ ဘယ်သူတဦးတယောက်ကြောင့်မှ မနှောင့်နှေးပါစေနဲ့။
    – ဘုန်းတော်ကြီး ဖာရီယာ

    📖 ဒန်တီဆိုတဲ့ ငယ်ရွယ်နုပျိူပြီး ထူးချွန်တဲ့သင်္ဘောအလုပ်သမားလေးဟာ သူအလုပ်လုပ်တဲ့ သင်္ဘောပေါ်မှ ကပ္ပတိန်သေဆုံးလို့ ကပ္ပတိန်ရာထူးလက်ခံရယူခါနီးမှာ မမျှော်လင့်တဲ့အဖြစ်ပျက်တခုဖြစ်ခဲ့ရပါတယ်။

    📖 ဒန်တီရဲ့ချစ်သူ မာဆဒိကို တဖက်သတ်ကြိုက်နေတဲ့ ဖာနင်ဒိုရဲ့အကောက်ကြံမှု။ ဒန်တီ သင်္ဘောကပ္ပတိန်ဖြစ်မှာကို မလိုလားသော ဒန်ကလား။ နောက်ပြီး ဒန်တီကြီးပွါးချမ်းသာမှာကိုမလိုလားသော အိမ်နီးချင်းဖြစ်သူ ကာဒီရူးစ် ။ ထိုသုံးယောက်၏လုပ်ကြံတိုင်ကြားမှုအပြင် တရားရုံးရောက်သွားသောအခါမှာလည်း ဒုတိယတရားသူကြီးဖြစ်သူ ဗီလီဖို့ရဲ့ မိမိအာဏာရရှိရေး ၊ ဘယ်သူသေသေငတေမာပြီးရောစိတ်ဓာတ်တို့ကြောင့် ဒန်တီဟာ အဆိုးရွားဆုံးသောထောင်ထဲမှာ အပိတ်ခံခဲ့ရပါတယ်။ ရက်ပေါင်းများစွာ ၊ နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ ဒန်တီဟာ စိတ်ဓာတ်ကျပြီး အစာငတ်ခံကာ သေရန်ကြံစီနေစဉ်မှာပဲ မမျှော်လင့်ပဲ ဘုန်းတော်ကြီး ဖာရီယာနဲ့တွေ့ကာ လွတ်မြောက်ရန်လမ်းစရရှိရန်ပေါ်လာပြီး ဖာရီယာနဲ့ပူးပေါင်းကာ ထောင်ဖောက်ပြေးရန် ကြံစီခဲ့ကြပါတယ်။ သို့သော် ဖာရီယာဟာ ရောဂါဆိုးရောဂါဟောင်းကြီးပေါ်လာကာ သေဆုံးရန်နီးကပ်လာသောကြောင့် ဒန်တီ့ကို ရတနာသိုက်ထားရှိရာ အညွှန်းစာရွက်ကိုပေးကာ တူးဖော်ယူရန် မှာကြားလေသည်။ ဒီလိုနဲ့ ဒီဇာတ်လမ်းကြီး ဖြစ်တည်လာပါတော့တယ်။ ရတနာတွေကို တူးဖော်ပြီးတဲ့အခါ ဒန်တီဟာ ဘယ်လိုပုံစံတွေနဲ့ ရှေ့ဆက်ခဲ့သလဲဆိုတာလည်း အထူးစိတ်ဝင်စားဖွယ်ပါပဲ။

    📖 ဒီဇာတ်လမ်းမှာ ဒန်တီကို ပုံသဏ္ဍာန်မျိုးစုံနဲ့တွေ့ရမှာပဲဖြစ်ပါတယ်။
    ၁။ အက်ဒမန်ဒန်တီ
    ၂။ခင်ကြီးဗြူဆိုနီ
    ၃။သင်္ဘောသားဆင်းဒဘတ်
    ၄။အင်္ဂလိပ်လူမျိူး လောဒ့်ဝီလီမော်
    ၅။မွန်စီယာဇာဂ်ကွန်း
    အဆိုပါနာမည်တွေဟာ မွန်တီ တဖြစ်လဲ ဒန်တီရဲ့ ကိုယ်ပွါးများပင်ဖြစ်ပါတယ်။

    📖ဒန်တီဟာ လက်စားချေဖို့ကြိုးစားနေသလို တဖက်မှာလည်း ဒန်တီ့ကို ဘဝပျက်အောင် လုပ်ခဲ့ကြသူတွေ ၊ ကူညီခဲ့ကြသူတွေရဲ့ မိသားစုအရေးတွေကိုလည်း ဇာတ်ကောင်ပေါင်းမြောက်များစွာဖြင့် အထူးစိတ်ဝင်စားစွာ ဖတ်ရှုရပါတယ်။ သူလက်စားချေချင်တဲ့သူတွေရဲ့ မျိူးဆက်တွေနဲ့ ဒန်တီဟာ ဘယ်လိုတွေ ပတ်သက်ပြီး ဘယ်လိုတွေလက်စားချေဖို့ ဖန်တီးမလဲဆိုတာကတော့ တစိမ့်စိမ့်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

    ” မောင်သည်းခံပြီး အလွမ်းဒဏ်ကို ကြိတ်ခံကြည့်ပါမယ်။ ဝမ်းနည်းပက်လက်နဲ့ နောက်ဆုံးမခံနိုင်လွန်းအားကြီးတဲ့ တနေ့မှာ မောင့်ဘဝကို မောင်အဆုံးစီရင်လိုက်ဖို့ပဲ ရှိတော့တယ်။ ခင်က မောင့်ဘဝ နိဗ္ဗာန်ဖြစ်သလို မောင့်ဘဝသေမိန့်လည်းဟုတ်တယ် ”
    မွန်စီယာမက်စ်မီလီယံမော်ရဲ

    ” ကျွန်မမျက်လုံးနှစ်လုံး မှိတ်လိုက်တဲ့အချိန်တိုင်း အတွေးထဲမှာ ကျွန်မတိုင်းပြည်က ရောက်ရောက်လာပါတယ်။ စဉ်းစားမိတိုင်း ရင်နာမိပါတယ်ဆိုတဲ့စိတ်နဲ့ အရာရာကို ပြန်မြင်ယောင်လာတယ်။ လူခန္ဓာက မေ့ရင်မေ့မယ် ၊ စိတ်က တရက်မှ မမေ့နိုင်ဘူး ၊ ကျွန်မဘဝ ရှင်သန်နေခဲ့လို့လည်း ဒီလိုနာကျင်မှုကို မေ့မရအောင် ခံစားနေရတာပါ ”
    စီညော်ရာ ဟေဒေး

    📖 ဒန်တီ ရဲ့ ကလဲ့စားချေမှု့မှာ ထူးခြားတာတခုက ကိုယ်တိုင် ကိုယ်ထိလက်ရောက်နည်းနဲ့ လက်စားချေခဲ့တာမဟုတ်တာပါပဲ။ ဒီဝတ္တုကြီးမှာ အခန်းပေါင်း (၁၁၇) ခန်းပါဝင်ပြီး အခန်း(၁၁၁) အပြစ်ဒဏ်ခံခြင်း ဆိုတဲ့အခန်းကိုဖတ်ရတဲ့အခါ အင်မတန်ထိခိုက်ကြေကွဲခံစားခဲ့ရပါတယ်။ ကလဲ့စားချေပြီးရင် ပျော်ရွှင်မှုရရှိမယ်ထင်ခဲ့ရပေမယ့် ပျော်ရွှင်မှုတွေပျောက်ခဲ့ရပြီး မိမိကိုယ်ကို မှန်ရဲ့လားဟုပင် တွေးမိသည်အထိ အက်ဒမန် ဒန်တီ မြင်ရသောမြင်ကွင်းများက ထိတ်လန့်တုန်လှုပ်ဖွယ် ။ သံဝေဂရဖွယ်။ အေမာနြူရယ် ပြောကြားသလို ” လူ့ဘဝအသက်ရှင်စဉ် မေတ္တာတရား နဲ့ ကိုယ်ချင်းစာတရားကသာ အရေးကြီးဆုံး ” ဆိုတာ ပိုပြီး ခံစားသိရှိလိုက်ရပါတော့တယ်။

    📖 အဆုံးသတ်ပြောရရင်တော့ သိပ်ကိုကောင်းတဲ့ ကမ္ဘာ့ဂန္ဓဝင်စာအုပ်ကြီးကို လွယ်လင့်တကူဖတ်လို့ရအောင် ဘာသာပြန်ပေးတဲ့ ဆရာမ ဝါဝါတင့်ဆွေကို ကျေးဇူးတင်ရပါတယ်။ နောက်များမှာလည်း ခမ်းနားလှတဲ့ ကမ္ဘာကျော် စာအုပ်ကောင်းကြီးတွေကို ဘာသာပြန်ဆိုပေးပါဦးလို့ မေတ္တာရပ်ခံရင်း ……။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝါဝါတင့်ဆွေ စာအုပ်များ