အိပ်မက်ပန်းချီ… ပန်းစာစီ

( 1 မှတ်ချက်)

6000 (ကျပ်)

လူတိုင်းမှာ ဘဝ အိပ်မက်တွေ ရှိကြပါတယ်
အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့
ကြိုးစားအားထုတ်ရတဲ့အခါ ..

နိုင်ငံရေး စီးပွားရေးတွေကလည်း အရေးပါပါတယ်…
ပညာရှင်တယောက်ဖြစ်လင့်စကား
လုပ်ပိုင်ခွင့် မရှိတဲ့အခါ ထွက်ပေါက်ရှာရပါတယ်
ဆေးစက်ကျရာ ဘဝ ခြေရာ ကောက်ရင်း
one night stand မှ အချစ်တစ်ခု ပေါက်ဖွားလာခဲ့တဲ့အခါ
အနုပညာသည် အချစ်ဖြစ်လာပြန်တယ်…

အချစ်ပျောက်ရှာပုံတော် ဖွင့်ရင်း
အချစ်က လက်တကမ်းမှာ ရှိနေခဲ့တယ်
အချစ်နဲ့ဘဝ ထပ်တူကြမလား.
စည်းမျဥ်းတွေနဲ့ ကန့်သတ်ကြမှာလား
လူမှုရေးစံညွှန်းတွေနဲ့
တားမြစ်ထားတဲ့အချစ်မှသည် အိပ်မက်ထဲက ချစ်သူကို အရယူနိုင်ပါ့မလား….
====
ဆရာမဝါဝါတင့်ဆွေ၏
ပထမဆုံး ပင်ကိုရေးစာအုပ်…

အိပ်မက်ပန်းချီ…ပန်းစာစီ တဲ့လေ။ ဆရာမဝါဝါတင့်ဆွေက ကဗျာဆန်တဲ့ အရေးအသားတွေနဲ့ ရေးဖွဲ့ထားတဲ့ ချစ်ခြင်းဖွဲ့ ၀တ္ထုတစ်ပုဒ်….

မြန်မာ့ယဉ်ကျေးမှု ပန်းချီ၊ ပန်းပုတို့နှင့် မြန်မာ့အလှများကို ကမ္ဘာသိအောင် ဖော်ထုတ်ပြသနေသော အမျိုးသားတစ်ဦးနှင့် သစ်ပင်ပန်းမာန်တွေရဲ့ သဘောသဘာ၀ကို သိနားလည်ပြီး ပန်းကလေးလို လှပသည့် အမျိုးသမီးငယ်လေးတစ်ဦးတို့၏ အိပ်မက်ဆန်ဆန်ဆုံတွေ့ခဲ့ရသည့် အချစ်ညလေးတစ်ည။ ထိုအချိန်မှ စတင်ပြီး ရင်ခုန်ဖွယ်ရာ ဖြစ်ရပ်များ..ပဟေဋ္ဌိများနှင့် စိတ်လှုပ်ရှားဖွယ်အရာများ။

ဆရာမဝါဝါတင့်ဆွေဟာ သူမဘ၀အတွေ့အကြုံတွေက ရရှိခဲ့တဲ့ မြန်မာ့ခရီးသွားနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် ပန်းပု၊ ပန်းချီ လောကမှ စိတ်ဝင်စားစရာ အချက်များကို ဒီစာအုပ်လေးထဲမှာ စကားပြေ၊ စကားပြောအရေးအသားမျိုးနှင့် ရောယှက် ရေးသားထားပါတယ်။ စာအုပ်လေးနဲ့ အတူ … ဆရာမ ပေးချင်တဲ့ သိမှတ်ဖွယ်ရာများက အလွန်များပြားလှပါတယ်။ ဇာတ်ကောင်တွေနဲ့အတူ စီးမြောရင်း မြန်မာတစ်နိုင်ငံလုံးကို ခရီးထွက်ရသယောင် ခံစားရပြီး… ပန်းမျိုးစုံတို့ရဲ့ သဘောသဘာဝတွေကိုလည်း သိနားလည်ခွင့် ရနိုင်မှာပါ။ ဒါ့အပြင် .. ချစ်ခြင်းတရားရဲ့ အဓိပ္ပါယ် ဖွင့်ဟပုံတွေကိုလည်း
ဆရာမက ရသမြောက်ရေးဖွဲ့ထားပြန်တယ် ..

စာမျက်နှာ

191

စာအုပ်အရွယ်အစား

5.6× 0.4×8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း 2024 ဖေဖော်ဝါရီလ (ပထမအကြိမ်)

20 in stock

အိပ်မက်ပန်းချီ… ပန်းစာစီ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Htet Htet Tin Zar

    🎨 “အိပ်မက်ပန်းချီ … ပန်းစာစီ” ဆိုတဲ့ ဒီစာအုပ်လေးက ဆရာမဝါဝါတင့်ဆွေရဲ့ ပထမဆုံးသော ပင်ကိုရေး ရသစာအုပ်လေး ဖြစ်ပါတယ်။ ပထမဆုံး ဖတ်ဖူးတဲ့ ဘာသာပြန်စာအုပ်မှာတင် သတိထားမိခဲ့တာတစ်ခုက ဆရာမက စကားလုံးလှလှလေးတွေ ရွေးချယ်သုံးစွဲတတ်တာကို သတိထားမိခဲ့တယ်။ ဒါတောင်မှ ဘာသာပြန်မို့ သူ့ရဲ့ဘောင်ကို မကျော်ဘဲ စကားလုံးကို ရွေးချယ်ပေးရတာမျိုးကိုတောင် စကားလုံးအလှတွေ ရွေးချယ်သုံးတာ။ ခုစာအုပ်ကကျတော့ ပင်ကိုရေးဆိုတော့ ပိုပြီးလွတ်လွတ်လပ်လပ်နဲ့ ဘယ်လောက်လှတဲ့ စကားလုံးတွေ ရွေးသုံးမလဲလို့ စတွေးမိတာပါပဲ။ စာအုပ်နာမည်ကိုပဲ ကြည့်ဦး “အိပ်မက်ပန်းချီ ပန်းစာစီ” တဲ့။ ဘယ်လောက် စိတ်ကူးယဉ်ဆန်ပြီး ကဗျာဆန်လိုက်သလဲ။ စာအုပ်ထဲက အခန်းနာမည်တွေကို ဘယ်လိုပေးထားလဲဆို “ဆေးစက်ကျရာ၊ ဘဝခြေရာ၊ အလှဖွေရှာ ရောက်လေရာ၊ အိပ်မက်တိမ်စွယ် ပန်းရိုင်းနွယ်” စသဖြင့် စာလုံးလေးတွေက အနုပညာဆန်လိုက်တာဆိုတာ။

    🖌️ ဇာတ်လမ်းပုံစံက ဘန်ကောက်မြို့ရဲ့ ညတစ်ညမှာ အမှတ်မထင် တွေ့ခဲ့တဲ့ မိန်းကလေးကို ငါးနှစ်ကျော်ကြာ ရှာဖွေခဲ့ရင်းက တွေ့မယ့်တွေ့တော့ အစ်ကိုဖြစ်သူနဲ့ လက်ထပ်ကြတော့မယ့် မိန်းကလေး ဖြစ်နေခဲ့တဲ့အကြောင်လေးပါ။ ပုံမှန်ဆို အစ်ကိုဖြစ်သူနဲ့ ပတ်သက်နေသူမို့ နောက်ဆုတ်ပေးလိုက်ပါမယ်၊ ကြေကွဲခံစားပြီး အနစ်နာခံလိုက်ပါမယ်တို့နဲ့ ဇာတ်လမ်းမျိုး ရှိကြပေမဲ့ ဒီမှာတော့ လက်မထပ်ရသေးခင်အထိ သူ့မှာ ကြိုးစားခွင့်ရှိပြီး မိန်းကလေးရဲ့ တကယ်ရှိနေတဲ့ စိတ်ခံစားချက်ကိုပဲ ဦးစားပေးတဲ့အကြောင်း အဓိက အသားပေး ဖော်ပြထားပါတယ်။

    🎨 ဒီဇာတ်လမ်းအပေါ်မှာ အခြေခံပြီးတော့မှ ပန်းချီ၊ ပန်းပုအနုပညာနဲ့ မန္တလေး၊ အင်းလေးဒေသ သဘာဝရှုမျှော်ခင်းတွေရဲ့ အလှအပ၊ အခင်းအကျင်းတွေကို စကားလုံးဖန်တီးမှု အားကောင်းကောင်းနဲ့ အနုစိတ်ပုံဖော် ရေးပြထားတာကို ဒီစာအုပ်ထဲမှာ တွေ့မြင်ရပါတယ်။ Clay Sculpture အကြောင်း၊ indoor plant စိုက်ပျိုးခြင်းအကြောင်း၊ လက်ဖက်ခြောက် အမျိုးအစားတွေအကြောင်း စသဖြင့် အချို့သော အကြောင်းအရာ အနည်းငယ်ကိုလည်း ကျိုကြားကျိုကြား ထည့်သွင်းထားပါသေးတယ်။
    __________________________

    ❝စာ‌ရေးသူ၏အမှာစာ❞

    🖌️ပင်ကိုရေး ဝတ္ထုတစ်ပုဒ်အဖြစ် ဇာတ်ကောင် ဖန်တီးရာ၌ ခေတ်ရှေ့ပြေးနေသည့် ပန်းချီ ပန်းပု အနုပညာရှင် ယောကျ်ားတစ်ယောက်နှင့် ပျောက်ဆုံးသွားသော ချစ်သူကောင်မလေးကို ဖန်တီးခဲ့သည်။

    🎨 ခေတ်ဆန်ဆန် နေထိုင်၍ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် အနုပညာရှင်သည် အမှောင်ရိပ်မှာ အပြာရောင်အချစ်ညလေးတစ်ညကို ထွေးပိုက်ခဲ့သည်။ နှုတ်မဆက်ဘဲ၊ ထွက်ခွာသွားသည့် အမည်မသိ ကောင်မလေးသည် သူ၏ဘဝ၊ အိပ်မက်နတ်သမီး လေးအဖြစ် မွေးဖွားလာခဲ့သည်။

    🖌️ ငါးနှစ်ကြာအောင် ပျောက်ဆုံးသွားသော အချစ်ကို ရှာဖွေနေခဲ့သည်။ အိပ်မက်ညလေးတစ်ည။ ဘန်ကောက်အချစ်ည ရင်ခုန်သံဖြစ်ခဲ့သည်။ နောက်ဆုံး၌ အပြုံးများနှင့် တောက်ပနေသည့် ကောင်မလေးကို ပြန်တွေ့ ခဲ့သည်။ သူစွဲလမ်းနေခဲ့ရသည့် ကောင်မလေးသည် အစ်ကိုဖြစ်သူ၏ အသည်းအသက် ဖြစ်နေလေသည်။

    🎨 အချစ်၏ ခံစားချက်၊ အချစ်၏ ခိုင်းစေချက်၊ အချစ်၏ စွဲလမ်းခြင်းဖြင့် ချစ်တတ်သည့် ချစ်သူတိုင်း “အိပ်မက်ပန်းချီ… ပန်းစာစီ” စာအုပ်လေးကို ခံစားဖတ်ရှုနိုင်ကြပါစေ။
    __________________________

    🖌️ နေဗလက မော်ဒန်ပန်းချီ၊ ပန်းပုဆရာ။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လာရောက်ခဲ့ပြီး သူ့ရဲ့အနုပညာလက်ရာတွေကို ကမ္ဘာလှည့်ခရီးသည်တွေ ပြသခွင့် ရရှိအောင် ကြိုးစားရင်း ရောင်းချနိုင်လာခဲ့တယ်။ အစပိုင်း သူရေးဆွဲတဲ့ ပန်းချီကားတွေက မြန်မာ့အငွေ့အသက်၊ မြန်မာ့ရနံ့နဲ့ မြန်မာ့မြေနဲ့ရေ၊ ကျေးလက်အလှတရားတွေ ဖြစ်နေပြီး နောက်ပိုင်းမှာ ခေတ်ပြိုင်ပန်းချီဆရာတွေလို အာရှအငွေ့အသက် မပျောက်တဲ့ အနောက်တိုင်းအရိပ်တွေပါ လွှမ်းမိုးလာခဲ့တယ်။ အထူးသဖြင့် Nude Art ကို သဘောကျနှစ်သက်ပြီး ပိုမိုရေးဆွဲလေ့ရှိတယ်။ သစ်သားပန်းပုရုပ်တွေ၊ ကျောက်ဆစ်ရုပ်တွေလည်း ထုလုပ်ပြီး ပြသရောင်းချနိုင်ခဲ့တယ်။ သူက မိဘတွေနဲ့ အတိုက်အခံလုပ်ပြီး အနုပညာကျောင်းကို တက်ခဲ့တယ်။ အရင်ကတော့ ငတ်ငတ်ပြတ်ပြတ်နဲ့ ပြတ်လပ်ဖူးခဲ့ပေမဲ့ အခုတော့ သူဖန်တီးတဲ့ လက်ရာတွေဟာ ထိုင်းနိုင်ငံရဲ့အနုပညာဈေးကွက်မှာ အရောင်းရဆုံး ဖြစ်လာနေခဲ့ပြီ။

    🎨 ဘန်ကောက်မှာ ဆန္ဒပြတဲ့ ညတစ်ညမှာ လူအုပ်ကြားထဲ အဖော်မပါဘဲ တစ်ယောက်တည်း ယောင်နန ဖြစ်နေတဲ့ ကောင်မလေးကို တွေ့ခဲ့တယ်။ ဒီလိုနဲ့ အနီးနားက ဟိုတယ်တစ်ခုမှာ ကောင်မလေးနဲ့ အိပ်ဖြစ်သွားပြီး ချစ်မြတ်နိုးသွားခဲ့တယ်။ နောက်နေ့ နိုးလာတော့ ကောင်မလေး မရှိတော့။ နာမည်တောင် သူမသိခဲ့ရ။ ကောင်မလေးကို လိုက်ရှာပေမဲ့လည်း ဘယ်လိုမှ ရှာမတွေ့ခဲ့။ ဒီလိုနဲ့ ငါးနှစ်ကြာပြီးတော့ သူ့ဆီကို အမေဖြစ်သူက လှမ်းပို့လိုက်တဲ့ စာတစ်စောင်နဲ့ ဓာတ်ပုံတစ်ပုံ ရောက်လာရာကနေ သူရှာနေတဲ့ ကောင်မလေးကို တွေ့လိုက်ရတော့တယ်။

    🖌️ ပန်းနွယ်က ပန်းအလှဆင်သူ ပန်းဒီဇိုင်နာဖြစ်ပြီး အိမ်တွင်းပန်းအလှဆင် သစ်ပင်၊ ပန်းပင်ဆိုင်ကလေး ဖွင့်ပြီး indoor plant လေးတွေကို စိုက်ပြီး ရောင်းချတယ်။ ပန်းနွယ်မှာက မိဘနှစ်ပါးလုံး မရှိကြတော့။ အစ်မကြီးကလည်း ဂျာမနီမှာ မိသားစုနဲ့။ ပန်းနွယ်က မကြာခင်မှာ သူမထက် အသက် ၁၇နှစ်ကြီးတဲ့ ၄၁နှစ်ရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးကျော်ဇေယျနဲ့ လက်ထပ်တော့မယ်။ ဦးကျော်ဇေယျက မကြာသေးခင်ကမှ အမျိုးသမီးနဲ့ ကွာရှင်းပြတ်စဲထားတယ်။ ဦးကျော်ဇေယျက ပန်းနွယ်ဆိုင်မှာ ပန်းလာဝယ်ရင်းက ပထမဆုံး ဆုံဖြစ်ခဲ့ကြတယ်။ တွေ့တွေ့ချင်း ပန်းနွယ်က အိပ်မက်ထဲက ချစ်သူလို့ ထင်မိခဲ့ပေမဲ့ တကယ်က အိပ်မက်ထဲကသူနဲ့ ဆင်တူရုံသာ ဆင်တူနေခဲ့ပါတယ်။

    🎨 နေဗလတစ်ယောက် အမေဖြစ်သူ လှမ်းပို့ပေးခဲ့တဲ့ ဓာတ်ပုံလေးကို မြင်တွေ့ခဲ့ပြီး မြန်မာနိုင်ငံကို အပြေးပြန်လာခဲ့တယ်။ အစ်ကိုဖြစ်သူနဲ့ လက်ထပ်မယ့် မိန်းကလေးဟာ သူငါးနှစ်ကြာ ရှာဖွေနေခဲ့တဲ့ မိန်းကလေး ဖြစ်နေခဲ့တယ်။

    🖌️ ပန်းနွယ်အနေနဲ့လည်း အိပ်မက်ထဲက ချစ်သူအစစ်ကို တွေ့ရှိလိုက်ချိန် သူကလည်း တစ်ဖက်မှာ နှစ်ပတ်ကြာရင် စေ့စပ်ရတော့မယ်။ နောက်ပြီး သူနဲ့ စေ့စပ်ရမယ့် ဦးကျော်ဇေယျကလည်း အဲဒီလူရဲ့အစ်ကို၊ ဦးကျော်ဇေယျကိုလည်း သူမ ချစ်တယ်၊ သူက သူမအတွက် ဘဝလုံခြုံမှု၊ နွေးထွေးမှုတွေကို ပေးစွမ်းနိုင်တယ်။ နေဗလ ပေါ်လာတဲ့အတွက်ကြောင့် သူမစီစဉ်ထားသမျှ အရာတွေအားလုံး ပျက်စီးမသွားဘဲ မူလအတိုင်း ရှိနေချင်ခဲ့တယ်။

    🎨 ဒီလိုနှစ်ဖက်လွန်ဆွဲမှုတွေကြားမှာ ပန်းနွယ်တစ်ယောက် ဘာကို ရွေးချယ်ခဲ့မလဲ?

    🎨🖌️🎨🖌️🎨🖌️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝါဝါတင့်ဆွေ စာအုပ်များ