မိဘမေတ္တာ မဂ္ဂဇင်း(၁)

( 1 မှတ်ချက်)

10000 (ကျပ်)

◽ မဂ္ဂဇင်းကို အခမ်းအနားဆုံးပြင်ဆင်ထားပြီး မိဘကျေးဇူး၊ မိဘမေတ္တာနဲ့ပတ်သက်လို့ မိဘက သားသမီးကို ဆုံးမသွန်သင်လမ်းညွှန်ပြဖို့ဖြစ်စေ၊ သားသမီးက မိဘမေတ္တာ၊ မိဘကျေးဇူးကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်ပြီး ကျေးဇူးဆပ်တတ်ဖို့ဖြစ်စေ အကောင်းဆုံးရွေးချယ်မှုနဲ့ မိသားစုတိုင်းလက်ကိုင်ထားရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

◽ မိဘမေတ္တာမဂ္ဂဇင်းအမှတ်(၁)ရဲ့ ရသစာတမ်းကဏ္ဍမှာ
• တိပိဋကယောဆရာတော်ကြီးရဲ့”သားကလေးငပြူး”
• ကိုပညာ(အမရပူ)ရဲ့ “အမေ တစ်တီတူးငှက်ငယ်”

◽ဆောင်းပါး ကဏ္ဍမှာ
• ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသရဲ့ “မိဘကျေးဇူးတရားနှင့်ဗုဒ္ဓ၏အဆုံးအမစကား”
• ဦးဝါသဝသီရိရဲ့”အိုမိခင်”

◽ အယ်ဒီတာအဖွဲ့ရဲ့ ရှာဖွေစုဆောင်းတင်ဆက်ထားတဲ့ “မိဘမေတ္တာ ဆုံးမစာ” ကဏ္ဍနဲ့ “မိဘမေတ္တာ အဆိုအမိန့်”ကဏ္ဍတို့အပြင် အရှင်နန္ဒဝံသ(ဧရာဝတီဆရာတော်)ရဲ့ “ဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့သောမိဘမေတ္တာ”၊ အရှင်သုမင်္ဂလ(စစ်ကိုင်း)ရဲ့ “မာတာပိတုဥပဋ္ဌာနံအဖွင့်”

◽ ဝတ္ထုကဏ္ဍမှာ
• စလေဦးပုညရဲ့ “မဒီဒေဝီသစ်သီးရှာခန်း”
• အရှင်စန္ဒလင်္ကာရဲ့ “သားသမီးကောင်း၏မိဘ”
• ဝရာဘိသံဃနာထထေရ်ရဲ့ “သားတော်နှစ်ပါးကြိုးကြာတစ်ကောင်”
• အရှင်ဝဇီရပဘာသာရဲ့ “မိခင်သစ္စာ”
• မင်းဘူးဦးသြဘာသရဲ့”မင်းမြှောက်ရန် မယ်တော်တောင်းပန်ခန်း”

◽ ကဗျာကဏ္ဍမှာတော့
• ရှင်မဟာရဋ္ဌသာရ၊ ခင်ကြီးဖျော်၊ ကန်တော်မင်းကျောင်းဆရာတော်၊ မုံရွေးဆရာတော်၊ မန်လည်ဆရာတော်ကြီး၊ တောင်ဖီလာဆရာတော်၊ ဦးပညာ(၁၈ရာစု)၊ ဦးသြ၊ စလင်းခင်မောင်ရည်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)တို့ရဲ့ မိဘမေတ္တာဖွဲ့ကဗျာများပါဝင်ပါတယ်။

စာမျက်နှာ

175

စာအုပ်အရွယ်အစား

7.4 x 0.3x 10.5 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ၊ 2024 ဇန်နဝါရီလ

1 in stock

မိဘမေတ္တာ မဂ္ဂဇင်း(၁) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. စိုးဘားဒိုင်

    ငဝန်အနုပညာရပ်ဝန်းမှ စီစဥ်ထုတ်ဝေလိုက်တဲ့ မိဘမေတ္တာမဂ္ဂဇင်း၊အမှတ်-၁ ထွက်လာပါတယ်။ တစ်နှစ်ကို တစ်ကြိမ်ထုတ်ဝေနိုင်အောင် ကြိုးပမ်းသွားမယ်လို့ စီစဥ်သူတွေက ပြောထားပါတယ်။

    အမှတ် ၁ မဂ္ဂဇင်းကတော့ မိဘမေတ္တာနဲ့ပတ်သက်လို့ ရေးသားဖွဲ့ဆိုခဲ့ကြတာတွေကို ရှာဖွေစုစည်းဖော်ပြထားတာတွေ့ရတယ်။

    ကဗျာကဏ္ဍကို ကဗျာဆရာမောင်နွေထက် ရှာဖွေစုဆောင်းတင်ဆက်သည်လို့ဖော်ပြထားတယ်။ ရှင်မဟာရဋ္ဌသာရ၊ ခင်ကြီးဖျော်၊ ကန်တော်မင်ကျောင်းဆရာတော်၊ မုံရွေးဆရာတော်၊ မန်လည်ဆရာတော်ကြီး၊ တောင်ဖီလာဆရာတော်၊ ဦးပညာ(၁၈ရာစု)၊ ဦးသြ၊ စလင်းခင်မောင်ရည်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်)။

    စတုဓမ္မသာရကိုးခန်းပျို့၊ ပုတ္တောဝါဒပျို့၊ လောကသာရပျို့၊ ဘူရိဒတ်လင်္ကာကြီး၊ မင်္ဂလသုတ်ပျို့၊ မဃဒေဝလင်္ကာသစ်၊ လက်သစ်တောင်တာဆုံးမစာ၊ သြဝါဒရတုပိုဒ်စုံ၊ သားရွှေဥဆုံးမစာ၊ ပီဠိယက္ခဆုံးမခန်း၊လယ်တီမင်္ဂလသုတ်ပျို့၊ မဟာသီလဝပျို့၊ မာတောဝါဒဆုံးမစာ၊ မာတောဝါဒပျို့၊ သြဝါဒထူးပျို့ တို့မှထုတ်နုတ်ထားကြောင်း မှတ်ချက်ပြုဖော်ပြထားတယ်။ စလင်းခင်မောင်ရည်၊ မောင်စွမ်းရည်၊ ကိုလေး(အင်းဝဂုဏ်ရည်) တို့ရဲ့အမေဖွဲ့ကဗျာသုံးပုဒ်ဖော်ပြထားတယ်။

    မိဘမေတ္တာဆုံးမစာ ကဏ္ဍမှာ ရှင်မဟာသီလဝံသ(တိလောကဟု ဆုံးမစာ)၊ ရှင်မဟာရဋ္ဌသာရ(လက်သစ်တောင်တာဆုံးမစာ၊ဂမ္ဘီသာရဆုံးမစာ)၊ ကန်တော်မင်ကျောင်းဆရာတော်(လောကသာရဆုံးမစာ)၊ အတုလဆရာတော်ခင်ကြီးဖျော်(ပုတ္တောဝါဒဆုံးမစာ)၊ ဆရာတော်ဦးဗုဓ်(ဂီဟိဝိနယဆုံးမစာ)၊
    သင်္ဂဇာဆရာတော်( သိင်္ဂါလောဝါဒဆုံးမစာ)၊ ကျီးသဲလေးထပ်ဆရာတော်(ပူရာဏ်ဓမ္မဂန်ဖတ်စာ)၊အမှာတော်ရေး ဦးရှင်ကလေး( သုတမဥဇူဆုံးမစာ)၊ စလင်းဆရာတော်ဦးလှဲ့(ဓီတရောဝါဒပျိုသမီးဆုံးမစာ) တို့မှထုတ်နုတ်စုစည်းထားတာတွေအဖြစ်ဖော်ပြထားတယ်။

    ဝတ္ထုကဏ္ဍကိုတော့ မင်းစော(တောင်သမန်)ရှာဖွေစုဆောင်းတင်ပြတယ်လို့ဖော်ပြထားတယ်။ စလေဦးပုည၏ မဒ္ဒီဒေဝီသစ်သီးရှာခန်း၊ အရှင်စန္ဒာလင်္ကာ၏ သားသမီးကောင်း၏မိခင်၊ဝရာဘိသံဃနာထထေရ်၏သားတော်နှစ်ပါး ကြိုးကြာတစ်ကောင်၊ အရှင်ဝဇီရပဘာသာ၏မိခင်သစ္စာ၊ မင်းဘူးဦးသြဘာသ၏ မင်းမြှောက်ရန်မယ်တော်တောင်းပန်ခန်း တို့ကိုဖော်ပြထားပြီး မှတ်စုရေးသားလမ်းညွှန်ထားတာလည်း တွေ့ရတယ်။

    ရသစာတမ်းကဏ္ဍမှာ တိပိဋကယောဆရာတော်၏သားကလေးငပြူး၊ ကိုပညာ(အမရပူရ၏ အမေတစ်တီတူးငယ်တို့ကိုဖော်ပြထားတယ်။

    ဆောင်းပါးကဏ္ဍမှာ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံ၏ မိဘကျေးဇူးတရားနှင့်ဗုဒ္ဓ၏အဆုံးအမစကား၊ဦးဝါသဝသီရီ၏အိုမိခင် တို့ကိုဖော်ပြထားတယ်။

    အရှင်နန္ဒဝံသ(ဂန္ထဝါစကပဏ္ဍိတ)(သာသနဓဇဓမ္မာစရိယ)၏ ဗုဒ္ဓကိုယ်တိုင်ဟောကြားခဲ့သော မိဘမေတ္တာဖွဲ့များ၊အရှင်သုမင်္ဂလ(စစ်ကိုင်း)၏မာတာပိတုဥပဋ္ဌာနံအဖွင့် တို့ကိုလည်းဖော်ပြထားတယ်။

    မိဘမေတ္တာအဆိုအမိန့်တွေကိုလည်း ဖော်ပြထားတယ်။

    ယောဆရာတော်၏ သားကလေးငပြူး၊ ကိုပညာ(အမရပူရ) အမေတစ်တီတူးငှက်ငယ် ရသစာတမ်းများကိုဖတ်ရတာ ဝတ္ထုဖတ်ရတဲ့အရသာမျိုးဖြစ်ပါတယ်။ ချမ်းသာတဲ့မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသောသားအဖြစ်မွေးဖွားလာခဲ့တဲ့ ငပြူးဟာ အလွန်ဆိုးသွမ်းပြီးရိုင်းစိုင်းတဲ့သားတစ်ယောက်ဖြစ်ပြီး မိဘကိုရော၊ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးတဲ့ ဆိုဆုံးမလို့မရတဲ့သူဖြစ်ပေမယ့် ကျွတ်ချိန်ရောက်လာတဲ့အခါအကျွတ်တရားရနိုင်မယ့် ဆရာတော်နဲ့တွေ့သွားပြီး၊ ဘဝသစ်စတင်ထူထောင်လာနိုင်ပုံကို သားကလေး ငပြူးမှာဖတ်ရတယ်။ အမေတစ်တီတူးငှက်ငယ်ကလည်းတောင်သမန်မှာ ဆရာတော်ကိုယ်တိုင်ကြုံလိုက်ရတဲ့ မီးလောင်တဲ့အထဲမှာ မွေးကင်းစတစ်တီတူးကလေးနှစ်ကောင်ကို မိခင်တစ်တီတူးငှက်မကြီးက မီးတွေကိုတောင်ပံခတ်ငြိမ်းပြီးရင်သွေးတွေကို ကယ်တင်ဖို့ကြိုးစားရင်း တောင်ပံတွေပါ မီးလောင်သေဆုံးသွားရတဲ့မြင်ကွင်းကလေးကိုဖတ်ရတယ်။

    ပါမောက္ခချုပ်ဆရာတော်ကြီး၏ မိဘကျေးဇူးတရားနှင့် ဗုဒ္ဓ၏ အဆုံးအမစကား တရားကိုဖတ်ရတာ အလွန်ရှင်းလင်းပြီး၊ တိကျထိရောက်တဲ့ မိဘမေတ္တာရဲ့ အတိုင်းအတာနဲ့ ကျေးဇူးအထူးကို မြင်သိလိုက်ရပါတယ်။ ဆရာတော်ကြီးက အဖွင့်အဆို၊ အကိုးအကား၊ ဥပမာ၊ အတွေ့အကြုံနဲ့ အလေ့အလာတွေကို ထည့်သွင်းဟောကြားထားတာဖြစ်လို့လည်း ဖတ်တဲ့သူရဲ့အာရုံထဲကို ရှင်လင်းသေချာစွာရောက်ရှိသွားစေပါတယ်။ မိဘမေတ္တာအကြောင်းဟောပြောရင်း ကလေးတစ်ယောက်စတင်သန္ဓေတည်တာကနေ ပြုစုပျိုးထောင်လာရပုံတွေကို ထည့်သွင်းဟောကြားကာ မိဘရဲ့ကျေးဇူးတရားနဲ့မိဘရဲ့ ခန်းနားကြီးကျယ်သော ကိုးကွယ်ထိုက်ဂုဏ်တွေကို ထင်ဟပ်ပေါ်လွင်စေပါတယ်။

    မိဘမေတ္တာမဂ္ဂဇင်းဟာ မိဘမေတ္တာနဲ့ပတ်သက်လို့ အနှစ်သာရကိုပေါ်လွင်စေပြီး၊ ဆင်ခြင်အသိသတိကိုပါ ရရှိစေနိုင်တဲ့ စာကဗျာ၊ လင်္ကာရသမြောက် မဂ္ဂဇင်းအဖြစ်ပုံပေါ်စေတယ်လို့သဘောရပါတယ်။ စီစဥ်တင်ဆက်ကြိုးပမ်းအားထုတ်ကြသူတွေအားလုံးကို မဂ္ဂဇင်းဖတ်ရင်း ကျေးဇူးတင်မုဒိတာပွားမိရပါတယ်။ အစဥ်အလာကို ဆက်လက်အကောင်အထည်ဖော်နိုင်ကြပါစေ။

    ငဝန်အနုပညာရပ်ဝန်းရဲ့ စီစဥ်တင်ဆက်မှုဖြစ်ပြီး ပြာသိုလပြည့်(အမေနေ့) ၊ ၂၅.၁.၂၀၂၄ရက်နေ့မှာ ဆောင်းစုရတီစာပေကထုတ်ဝေဖြန့်ချိပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စာရေးဆရာစုံ စာအုပ်များ