ကျောင်းဆရာမှတ်တမ်း

( 2 မှတ်ချက်)

15000 (ကျပ်)

2017 အတွက် အမျိုးသားစာပေဆု (စာပဒေသာဆုရ) စာအုပ်ဖြစ်ပြီး ဆရာကြီးတင်ညွှန့်၏ မူလတန်းနှင့် အလယ်တန်းကျောင်းဆရာဘဝတွင် ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် ဘဝပုံရိပ်များကို ရေးသားထားခြင်းဖြစ်ပါသည်။

ကျောင်းဆရာမှတ်တမ်းတွင် ကျွန်တော် ကိုယ်ရည်သွေးခြင်းမရှိ၊ ကျွန်တော်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကျောင်းဆရာဘဝများသည် ပန်းခင်းလမ်းလည်းမဟုတ်။ သို့သော် ကျွန်တော်က ကိုယ့်လမ်းကိုယ်ခင်းပြီး လျှောက်သည်။ ကိုယ်မှန်လျှင် ကြောက်စရာမလိုသည့် ဆရာ့ဆရာကြီးများ၏ ဆုံးမသွန်သင်သည့်အတိုင်း မှန်အောင်နေ၊ ကောင်းအောင်လုပ်ရင်းက ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်များကို စိတ်ရင်းအတိုင်း တင်ပြမိခြင်း ဖြစ်ပါသည်။

စာမျက်နှာ

313

စာအုပ်အရွယ်အစား

6 x 0.5 x 8 inches

ပုံနှိပ်မှတ်တမ်း

မောက္ခ၊2023 ဇွန်လ (စတုတ္ထကြိမ်)

စျေးနှုန်းအပြောင်းအလဲ

1.11.2021 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၇၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

ကျောင်းဆရာမှတ်တမ်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Wuthmone Phyu

    “၂၀၁၇ အတွက် အမျိုးသားစာပေဆု (စာပဒေသာဆု) ကို ထိုက်ထိုက်တန်တန် ရသွားတဲ့ စာအုပ်တစ်အုပ် ” လို့ ပြောပါရစေ။ ကျွန်မသူငယ်တန်းကနေ ရှစ်တန်းအထိတက်ခဲ့တဲ့ မထင်မရှား အလယ်တန်းကျောင်းလေးမှာ အဂ်လိပ်စာသင်သွားတဲ့ဆရာကြီး ၊ ကျောင်းဆရာစိတ်ပြည့်ဝလွန်းတဲ့ ဆရာကြီး နဲ့ ငယ်ဆရာများအားလုံးကို ဆရာကန်တော့ပွဲတုန်းက ပဲခူးမပြန်ဖြစ်လိုက်လို့ မကန်တော့လိုက်ရပေမယ့် ဒီစာအုပ်ဖတ်နေရင်း ရိုသေလေးစားစွာ ကန်တော့လိုက်ပါရဲ့ရှင်။အားလုံးရဲ့ ဂုဏ်ကျေးဇူးကို ပြန်လည်သတိရမိလို့ မျက်ရည်တောင်လည်မိပါရဲ့။

    “ဆရာဆိုတာ ဒီလိုဂုဏ်ကျေးဇူးတွေပြည့်စုံပါလား ” ဆိုပြီးခံစားသွားရစေတဲ့ စာအုပ်တစ်အုပ်ပါ။ ဆရာကြီးနဲ့ စာမသင်လိုက်ရပေမယ့် ကျွန်မရဲ့ကျောင်းလေးက ဆရာတွေအားလုံးဟာ စာအုပ်ထဲမှာရေးထားတဲ့ “တောကျောင်းကဆရာ” တွေလိုပဲ တပည့်တွေနဲ့ တသွေးတည်းတသားတည်း မိခင်ဖခင်နှင့်မခြား စောင့်ရှောက်တတ်သူတွေမို့ ဆရာကြီးရေးခဲ့တဲ့ စာတွေကိုဖတ်ရချိန်မှာ ငယ်ငယ်က အကြောင်းတွေပြန်တွေးပြီး အတော့်ကို ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရပါတယ်။

    အာဇာနည်နေ့အထိမ်းအမှတ် ထမင်းတွေစုစားတဲ့
    အကြောင်းဖတ်ရတဲ့အချိန်မှာ ဆွမ်းတော်ကြီးတင်ပွဲအတွက် အိမ်ကနေ သစ်သီးတွေတတ်နိုင်သလောက် ယူ လာခဲ့ရတဲ့အချိန်တွေသတိရမိတယ်။ ဆရာတယောက်ပြောင်းရပြီဆို တစ်တန်းလုံးဝိုင်းငိုကြရတာတွေလည်းအမှတ်ရမိပါတယ်။ ကိုယ်တိုင်လည်း ဘက ကျောင်းမှာ ဆရာတယောက်အဖြစ် လုပ်အားပေးဖူးလို့ ဘက ကျောင်းမှာ ဆရာမလေးတယောက် ရဲ့ အကြောင်းဖတ်ရတော့လည်း (ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့်) အတော်စိတ်မကောင်းဘူး။

    စာပိုဒ်ငယ်လေးတွေမို့ စာအရှည်ကြီးဖတ်ရတာသိပ်မကြိုက်တဲ့သူတွေ၊ စာစဖတ်ကာစသူတွေအတွက်သင့်တော်မယ်လို့တော့ ထင်မိပါတယ်။ ဆရာကြီးက သူတွေ့ကြုံခဲ့ရတဲ့ တောကျောင်းဆရာဘဝကိုရေးသားရာမှာ အချို့သော “အခွင့်ထူးခံ ” တွေရဲ့အကြောင်း ၊ ကြံကြံဖန်ဖန် ကြုံရတဲ့ အဖြစ်သနစ်တွေရဲ့အကြောင်း အပြင် ဆရာကြီးဒေါက်တာ ဦးသိန်းလှိုင်လိုပဲ ပေါ်လစီ ကို သိပ်ဂရုမစိုက်ပဲ မှန်ရာမှန်ကြောင်းအတွက် ရှေ့ရှုခဲ့တဲ့အကြောင်းတွေ ၊ ကျောင်းဆရာဘဝ အမှတ်တရအဖြစ်သနစ်တွေကို ရေးထားလိုက်တာများ ဖတ်ရင်းနဲ့ ပျော်ရ ၊ ငိုရ ၊ သနားရ ၊ တခါတလေ အံ့ဩရတဲ့ တကယ့်ကို ဖတ်ရတာ တန်တဲ့စာအုပ်တအုပ်ပါ။ နောက်ပိုင်းအပုဒ်အတော်များများဆို တကယ့်ကို စိတ်မကောင်းဘူး။ အဲ့ဒီခေတ်တုန်းက မသင့်တော်မှုတွေ ၊ မဟုတ်တဲ့သူတွေက လူတွင်ကျယ်လုပ်မှုတွေကိုဖတ်ပြီး ဘယ်လိုကြီးခံစားရမှန်းမသိဘူး 🙁
    ဆရာတော်တွေကိုစာစစ်ဖို့ ကုသိုလ်ယူတဲ့အကြောင်းဖတ်ရတော့လည်း သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။

    တကယ့်အဖြစ်အပျက်တွေက ရုပ်ရှင်ဇာတ်လမ်းတွေထက် ပိုဆန်းကြယ်ပြီး ပိုပြီးလည်း ဘဝဆန်ပါလား ၊ လောကမှာ ဒီလိုဆရာတွေ ဒီလိုကျောင်းသားတွေ ဒီလိုအဖြစ်အပျက်တွေ လည်း ရှိပါလား ဆိုပြီး တွေးမိသွားတဲ့ စာအုပ်တအုပ်ပါ။

    WHP(ဝတ်မှုံလေး၏စာအိမ်ငယ်)

  2. Htet Htet Tin Zar

    🟨 ဆရာတင်ညွန့်ရဲ့ “ကျောင်းဆရာမှတ်တမ်း” ဆိုတဲ့ ဒီစာအုပ်လေးက စာအုပ်နာမည်အတိုင်း ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ ဆရာကျောင်းဆရာဘဝ ဆရာကိုယ်တွေ့ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို အကြောင်းအရာတစ်ခုချင်းအလိုက် မှတ်တမ်းသဘောမျိုး ရေးသားထားတာပါ။ အဖြစ်အပျက်တွေကလည်း စိတ်ဝင်စားစရာ ကောင်းသလို ဆရာ့အရေးအသားကလည်း ပေါ့ပေါ့ပါးပါးနဲ့ ဆွဲခေါ်သွားနိုင်တာမို့ ဖတ်ရတာ အထူကြီးပေမဲ့ မပျင်းရပါဘူး။ ဖြစ်ရပ်ပေါင်း (၁၃၆) ခု ပါပါတယ်။
    __________________________

    🟡 ယခု ကျွန်တော်ရေးခဲ့သည့် စာစုများသည် ကျွန်တော့်ဘဝကို ပြန်လည် သတိရချိန်များတွင် မှတ်တမ်းတင်သည့်အနေဖြင့် ရေးခဲ့ခြင်း ဖြစ်ပါသည်။ မည်သည့် ဂျာနယ်၊ မဂ္ဂဇင်းကိုမှလည်း မပို့။ Facebook ပေါ်တွင်သာ တောက်လျှောက်ရေးတင်လာခဲ့သော Post များဖြစ်သည်။

    စိတ်ကူးပေါက်သလို လျှောက်ရေးထားခြင်းဖြစ်သောကြောင့် တောရောက် တောင်ရောက်ဖြစ်နေသည်။ အမှန်တော့ ကျွန်တော့်ကျောင်းဆရာဘဝကို ပြန်ပြီး ပိုင်းခြားကြည့်လျှင် မူလတန်း ဆရာဘဝ၊ အလယ်တန်း ဆရာဘဝ၊ ကွန်ပျူတာဆရာဘဝ သုံးပိုင်းသာဖြစ်သည်။ ထိုသုံးပိုင်းတွင် ကျွန်တော် ကွန်ပျူတာ ဆရာဘဝအကြောင်းကို “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်” ဆိုသည့် စာအုပ်တွင် အပြည့်အစုံလောက်နီးပါး ဖော်ပြခဲ့ပြီးဖြစ်သည်။

    ယခုကျောင်းဆရာမှတ်တမ်းသည် မူလတန်းဆရာဘဝ၊ အလယ်တန်းဆရာဘဝ အတွေ့အကြုံများကို စုပေါင်းထားခြင်းဖြစ်သည်။ အမှန်တကယ် ရေးစရာတွေ အများကြီးကျန်ပါသေးသည်။ အကျယ်ချဲ့ပြီး ရေးချင်တာတွေလည်း ရှိပါသည်။ သို့သော် စာရေးခြင်းဆိုသည်မှာ ဈာန်သွင်းရသည့် အလုပ်ဖြစ်သည်။ ယခုရေးထားသော စာစုများမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်များအတွင် စိတ်ကူးပေါ်သလို ရေးခဲ့ခြင်းဖြစ်သည်။ (~ ဆရာတင်ညွန့်၏ အမှာစကားမှ)
    __________________________

    🟨 “ဆရာ့ဘဝအစ” ဆိုတဲ့ ပထမဆုံးအပုဒ်မှာဆို ဆရာစတင်ပြီး ဆရာအဖြစ် တာဝန်ကျတဲ့ ချောင်းဖျားရွာကို တာဝန်ကျကြောင်း အမိန့်စာကိုင်ပြီး ပညာရေးမှူးရုံးက ထွက်လာတော့ အဲဒီရွာက တစ်ချိန်က ကျောင်းဆရာဖြစ်ဖူးပြီး ချောင်းဖျားသူနဲ့ အိမ်ထောင်ကျသွားတဲ့ ကိုခင်မောင်နဲ့ တွေ့ကာ ချောင်းဖျားရွာ ရောက်သွားတာနဲ့ အစပြုထားပါတယ်။

    🟡 ကျောင်းဆရာစလုပ်တော့ ၁၄၇ကျပ်ပဲရတယ်။ အဲဒီလစာနဲ့ အသားငါးဈေး တစ်ကျပ်ခွဲနဲ့ ရ‌တာတောင် မဝယ်စားနိုင်ဘူး။ ဆရာအတတ်သင်တန်း သွားတက်တော့လည်း အစိုးရက ဘာမှမထောက်ပံ့ပေးခဲ့ဘူး။ ဆရာကတော့ အမေက ပိုက်ဆံ ၅၀၀ ထည့်ပေးလိုက်လို့ အဆင်ပြေပေမဲ့ လက်ဖက်ရည်တစ်ခွက် တစ်မတ်ကိုတောင် ဝယ်မသောက်နိုင်တဲ့ ဆရာတွေ အများကြီးရယ်။

    🟨 ဆရာ့ရဲ့လက်ဦးဆရာက ဟယ်ရီတန် ၇ တန်းအောင် ဆရာဦးမြအောင်ပါ။ ပညာအုပ်ကြီးက သူ့ဖွင့်ထားတဲ့ စက်ဘီးဆိုင်မှာ စက်ဘီးလာပြင်ရင်းက သူ့ကို တမာပင်ရွာမှာ ကျောင်းဆရာ ခန့်လိုက်တာ။ အဲဒီက ကျောင်းအုပ်ရဲ့တူမနဲ့ အိမ်ထောင်ကျပြီး အခြေကျသွားတယ်။ ဆရာမြ ကျောင်းအုပ်ဆရာကြီးဖြစ်ချိန်မှာ ဆရာက ဆရာမြတာဝန်ကျတဲ့ ကျောင်းမှာ အလုပ်စဝင်တယ်။ ဆရာမြက ဆရာ့ကို စာသင်ရုံတင်မဟုတ်ဘဲ ရုံးလုပ်ငန်းတွေပါ ဘယ်လ်ုလုပ်ရသလဲဆိုတာ အကုန်သင်ပေးပါတယ်။ ဒါပေမဲ့ ဆရာမြရဲ့ မကောင်းတဲ့အချက်ကတော့ အရက်သောက်တတ်ပြီး မူးလာရင် သွေးဆိုးတာပါ။

    🟡 ဆရာစဖြစ်ခါစက ဆရာကြီးက စာမေးပွဲစစ်တဲ့အနေနဲ့ သူငယ်တန်းသင်ခိုင်းသတဲ့။ ဒါနဲ့ ဆရာ့လို ဘွဲ့ရကို သူငယ်တန်းသင်ခိုင်းရသလားဆိုပြီး ဒေါသဖြစ်သွားသတဲ့။ ဒါနဲ့ သူငယ်တန်းအတန်းထဲ ၀င်ပြီး ဘလက်ဘုတ်ပေါ် မြေဖြူနဲ့ ဗျည်းတွေရေးတော့ “ည” ရေးပြီး ဋ၊ ဌ၊ ဍ တွေကို ဘယ်ဘက် ဘယ်လိုလှည့်ရမှန်းမသိ ချွေးပြန်ခဲ့ဖူးလို့ ငါဘွဲ့ရဆိုတဲ့မာန်လည်း ပျောက်သွားခဲ့တယ်။

    🟨 တကယ်တော့ ဆရာက ကျောင်းဆရာလုပ်တာက စေတနာတွေ၊ ဝါသနာတွေ၊ အနစ်နာတွေ ဘာမှသိလို့တော့ မဟုတ်ဘူး။ အလုပ်မရှိလို့ ရရာအလုပ်ကို စလိုက်တဲ့သဘောပဲ။ အဲဒီအချိန်ကလည်း အစိုးရအလုပ်ခေါ်သမျှ အရလွယ်တာ ကျောင်းဆရာအလုပ်တစ်ခုပဲ ရှိတယ်။ ကျောင်းဆရာတစ်ယောက်ရဲ့ဘဝ ဆင်းရဲတဲ့ရွာ၊ ဆင်းရဲတဲ့ ကလေးတွေနဲ့အတူ ဆင်းဆင်းရဲရဲပဲ နေထိုင်စားသောက်ခဲ့ရတယ်။

    🟡 ကိုယ့်ဘာသာကိုယ် ကလေးတွေနဲ့ လယ်ထဲသွားပြီး အရွက်လေးတွေ ခူးတတ်လာတယ်။ ငရုတ်သီး ဆားထောင်းနဲ့ ထမင်းစားတတ်လာတယ်။ ကျောင်းလာတက်တဲ့ ကလေးတွေထဲမှာ ထမင်းတောင် မစားလာခဲ့ရတဲ့ ကလေးတွေ အများကြီး။

    🟨 ဆရာ စတုတ္ထတန်းအတန်းပိုင် ဖြစ်လာတော့ တန်းလုံးကျွတ်အောင်ဖို့ ကြိုးစားတယ်။ အဲဒီမှာ ဖြူမဆိုတဲ့ ကောင်မလေးက စာအတော်ညံ့တယ်။ လက်ရေးညံ့တယ်။ သေချာလေ့လာကြည့်တော့မှ ဉာဏ်ကောင်းတာ သိလိုက်ရတယ်။ အတန်းဖော်တွေက သူ့ကို အရောမဝင်လို့ ဂျစ်တစ်တစ်ဖြစ်နေတယ်။ တစ်ရက် သူ့အိမ် မဟာဒုက်ဘုရားမဲပေါက်လို့ အဖေက ထမင်းစားဖိတ်ကြောင်းပြောတော့ ဆရာက ဒီအတိုင်း လာမယ်ပဲ ပြောလိုက်တယ်။ နောက်မှ သိလိုက်ရတာက ဖြူမအဖေက သုဘရာဇာဖြစ်ပြီး ဖြူမတို့က သင်္ချိုင်းထဲ နေကြတာ။ ဒါပေမဲ့ ဆရာကတော့ ထမင်းစားဖိတ်တာသွားတယ်။ ဖြူမအဖေက ဝမ်းသာရှာပြီး သုဘရာဇာဆိုပြီး တစ်ရွာလုံးက အဖက်လုပ်ကြတာမဟုတ်ဘူးလို့ မျက်ရည်ကျပြီးပြောတယ်။ အဲဒီနောက်ပိုင်း ဖြူမလည်း ကြိုးစားပြီး တန်းလုံးကျွတ်အောင်ခဲ့တယ်။ ဒီရွာသမိုင်းမှာ တန်းလုံးကျွတ်အောင်တဲ့ ပထမဆုံး အောင်ပွဲပဲ။ နောက်တော့ ကျောင်းဟောင်းပြင်ဆောက်ဖို့ ရွာထဲလိုက်အလှူခံတော့ ဆေးလိပ်ခုံတစ်ခု ရောက်သွားပြီး သူဌေးက သင်္ချိုင်းထမင်းသွားစားတဲ့ ဆရာလားလို့ မေးပြီး ဆရာ့စိတ်ဓာတ်ကို လေးစားလို့ ကျောင်းကို သူပြန်ဆောက်ပေးမယ် ပြောခဲ့တယ်။

    🟡 ၈တန်း ကျောင်းသား ၃၃ ဦးကို အစိုးရစစ် ဖြေဖို့ ပဲခူးမြို့တက်လာတော့ ဖြေမယ့်နေ့မှာ တည်းတဲ့ကျောင်းကနေ ဖြေမယ့်ကျောင်းဆီ ဆရာက ရှေ့ကနေ ဦးဆောင်ပြီး ကလေးတွေကို နှစ်ယောက်တစ်တွဲ တန်းစီကာ သွားစေတယ်။ ကလေး ၃၃ ယောက်ရှေ့က ပင်နီတိုက်ပုံ၊ ကျောင်းစိမ်းပုဆိုး ဒူးလောက်ဝတ်ထားတဲ့ ဆရာတစ်ယောက် ဦးဆောင်လာတဲ့ ကျောင်းသားတန်းကို တစ်မြို့လုံးက ဝိုင်းကြည့်ပြီး ဆန္ဒပြလာတယ် ထင်ကြတယ်။ လူတစ်ယောက်က ဗိုလ်ကြီးက လာတွေ့ပါလို့ပြောတော့ ဆရာက ကလေးတွေ စာမေးပွဲခန်းထဲ ရောက်ဖို့ အရေးကြီးကြောင်း၊ မင်းတို့ဗိုလ်ကြီးကို ငါနဲ့လာ‌တွေ့ခိုင်းလိုက်လို့ ပြန်ပြောတယ်။ ကလေးတွေ စာမေးပွဲဖြေလို့ ထိုင်စောင့်နေတုန်း ဗိုလ်ကြီး ရောက်လာပြီး ဒီလိုနေ့တိုင်း မြို့ထဲ တန်းစီလာမှာလား မေးတော့ ပြန်လည်း ဒီအတိုင်းပြန်မှာလို့ ပြန်ဖြေတယ်။ တစ်ခုခု စီစဉ်ပေးပါမယ်လို့ ပြောပြီး ပြန်သွားတယ်။ နောက်တော့ စာမေးပွဲဖြေဖို့အတွက် အကြိုအပို့ လုပ်ပေးဖို့ ဘတ်စ်ကားနှစ်စီး ရောက်လာပါတော့တယ်။ ဆရာ့ကိုလည်း စီတန်းပြီး မသွားဖို့ မပြောသာဘူး။ မပြောသာတာကလည်း ၈၈ အရေးအခင်းတုန်းက ကျောင်းဆရာသပိတ်၊ အလုပ်သမားသပိတ်ရှေ့က ဦးဆောင်ပြီး တက်ခဲ့တဲ့ အတွင်းရေးမှူး ကျောင်းဆရာဆိုတာကလည်း ဆရာဖြစ်နေတာမို့ပါတဲ့။ (~ ဇာတ်ဆရာ)

    – “ဤ” ကို “ကကြီး ယပင့်အသတ် အီ” လို့ သင်ပေးဖူးတဲ့ ဆရာမ
    – ကျောင်းသားတွေရဲ့ ဝဲကို တိုက်ထုတ်ဖို့ ကိုယ်တိုင်ကိုယ်ကျ ကျောင်းကျန်းမာရေး ဆရာဝန်ကြီးဆီ သွားပြီး ဆေးထည့်တာတွေလုပ်ပြီး တိုက်ထုတ်ပေးခဲ့ဖူး
    – ကျောင်းနေတုန်း လင်နောက်လိုက်ရင်ဖြစ်ဖြစ်၊ မိန်းမနောက်လိုက်ရင်ဖြစ်ဖြစ် ကြိမ်ငါးချက် ဒဏ်ပေးရတဲ့ ကြိမ်ကြေးတောင်း အစဉ်အလာ
    – ဆရာ့ရဲ့ ဆရာတွေဖြစ်တဲ့ ဂျီလေးဂျီ (‌ဆရာစိန်၊ ဆရာမြ၊ ဆရာစိုး၊ ဆရာထွန်း) တို့ရဲ့ အရက်မူးလာရင် ဆိုးပေတေပုံများ
    – ဗိုက်ခွဲဖို့လိုရင် ဘလိတ်ဓားနဲ့ ခွဲချင်လည်းခွဲ၊ ဒဏ်ရာကို အပ်နဲ့အပ်ချည်သုံးပြီး ချုပ်ရင်လည်းချုပ်၊ ခွဲစိတ်ဒဏ်ရာကို ပျားရည်စစ်စစ်တောင်းပြီး လူးပေးချင်လူးပေး၊ ကောက်ရိုးပုံထဲလည်း ခွဲစိတ်တတ်ပြီး နားကြပ်တစ်ချောင်းနဲ့ ကြုံရာဆေးလိုက်ကုပေးတဲ့ တစ်ရွာလုံးက အားကိုးရတဲ့ တိုက်နယ်ဆေးရုံဆရာဝန်ကြီး ဦးဌေးကြွယ်။
    – ဆရာဝန်ကြီး‌တွေ မလုပ်ချင်တဲ့ အလုပ်တွေအားလုံး လုပ်ပေးရာကနေ ဆေးထိုးအပ်ကိုင်၊ ပုလင်းချိတ်ပေး၊ ဆေးပေး၊ ခွဲထားတာ ပြန်ချုပ်ပေးနိုင်တဲ့အထိ လုပ်နိုင်လာတဲ့ တိုက်နယ်ဆေးရုံကြီးက သန့်ရှင်းရေး စာမဖတ်တတ်တဲ့ ကရင်လူမျိုး အပ်ပုန်း စောရော်ဂျယ်
    – ကျောင်းဆောက်ဖို့ ဖုတ်ထားတဲ့ အုတ်တွေကို လှည်းနဲ့သယ်မရလို့ ဘယ်သူမှ မသယ်ချင်တာကြောင့် ဆရာက ကျောင်းသားကြီး တစ်ယောက် နှစ်ယောက်ကို စည်းရုံးပြီး ညနေတိုင်း အုတ်သွားသွားသယ်လို့ နောက်ပိုင်း ကျောင်းသားကြီးတွေ၊ မူလတန်းကလေးတွေကနေ ဆရာ၊ ဆရာမတွေနဲ့ တစ်ရွာလုံး အုတ်သယ်တဲ့အထဲ ပါလာတဲ့ ဖြစ်ရပ်လေး
    – တပည့်စိုးအောင် အဖေ ထောင်ထွက် လူဆိုး ကိုတင်ဝင်းနဲ့ ရင်းနှီးအောင် လုပ်ပြီး ကျောင်းက ဆရာလေး ထွန်းထွန်း နေမကောင်းဖြစ်ချိန် အိမ်အမိုးကို ကိုတင်ဝင်း အကူအညီနဲ့ မိုးပေးနိုင်ခဲ့ပြီး ကိုထွန်းထွန်းအမေ အသုဘမှာလည်း ဆရာက သူငယ်ချင်း စခန်းမှူးကို ဖဲဝိုင်းလုပ်မှာမို့ ရဲဘော်တွေ မလာစေဖို့ အကူအညီတောင်းထားပြီး ကိုတင်ဝင်းက ဖဲဝိုင်းမှာ အကူငွေများများရအောင် ရှာပေးတဲ့ ဖြစ်ရပ်လေး
    – မထင်မရှား သေဆုံးခဲ့ရတဲ့ စေတနာရှင် ကျောင်းဆရာလေးတွေ
    – ခက်ခက်ခဲခဲ ပညာသင်ယူကြရတဲ့ ရွာက ကျောင်းသားလေးတွေ
    – တစ်ချိန်က ပညာရေးလောကက multimedia ခေတ်ကာလအကြောင်းတွေ

    စသဖြင့် ပညာရေးလောကမှာ ဆရာကျင်လည် တွေ့ကြုံခဲ့ရသမျှကို စုံစုံလင်လင် ဖတ်ရှုရပါတယ်။
    __________________________

    🟨 ဒီစာအုပ်လေး ဖတ်ဖြစ်တော့ ဆရာတင်ညွန့်ကို လေးစားမိရတယ်။ ဆရာ စစလုပ်တုန်းကတော့ ဘာစေတနာတွေ၊ အနစ်နာတွေမှ မပါဘဲ အလုပ်မရှိလို့ ဝင်လုပ်ခဲ့တာပေမဲ့ ဘယ်သူမှ မသွားချင်တဲ့ ရွာကို သွားခဲ့တယ်။ စာသင်တာတစ်ခုတည်း မဟုတ်ဘဲ သင်ကြားရေး၊ ဆောက်လုပ်ရေး၊ ကျောင်းသာယာရေး၊ ကျောင်းရန်ပုံငွေရှာဖွေရေး အားလုံးကို တစ်ယောက်တည်း ဦးဆောင်လုပ်ရတော့ တကယ့်ကို အပင်ပန်းခံ၊ ရွာအတွက် အကျိုးတွေ အများကြီး သယ်ပိုးပေးခဲ့တယ်။ နောက်တစ်ခု မဟုတ်မခံစိတ်ရှိတယ်။ ဆရာက သူမှန်နေသရွေ့ ဘယ်လိုလူမျိုးကပဲ အမိန့်လာပေးပေး ခေါင်းညိတ်လက်ခံနာခံတတ်သူတစ်ယောက် မဟုတ်ဘူး။ ဆရာ့ရဲ့ ရပ်ရွာအကျိုး သယ်ပိုးမှုကြောင့်လည်း ရွာမှာ ဆရာက ဟိတ်ဆိုဟိတ်၊ တိတ်ဆိုတိတ်။ တစ်ရွာလုံး မီးသေပြီးဖြစ်တဲ့အထိအောင် ဩဇာညောင်းခဲ့တယ်။
    __________________________

    ဆရာ့ရဲ့ ထိထိမိမိ ရေးသားချက်များ ~

    🟡 အမှန်တရားက ငါ့ဘက်မှာ ရှိနေတယ်လို့ လက်ခံထားတဲ့အတွက် အာဏာနဲ့ ခြိမ်းခြောက်ဟိန်းဟောက်လာတာမျိုးတွေကို ကျွန်တော် ဘယ်တော့မှ ဂရုမစိုက်ဘူး။ ဌာနရဲ့တာဝန်တွေကို ကျေပွန်အောင်လုပ်တယ်၊ သင်ကြားရေးမှာ ထူးချွန်အောင်လုပ်တယ်။ ဘာတစ်ခုမှ ပြစ်ချက်မရှိအောင် လုပ်နေတဲ့ ဆရာတစ်ယောက်ကို တိုင်းပညာရေးမှူးဆိုသူက အရေးယူတာကို ခံချင်လို့ ကျွန်တော်ရွာပြန်ပြီး အမိန့်ဆိုတာကို ထိုင်စောင့်နေပါတော့တယ်။ (~ စာ ၁၆၅)

    🟨 ကျွန်တော့်ဘဝမှာတော့ မခံချင်စိတ်ကို အကျိုးပြုစိတ်နဲ့ လက်တွေ့ အကောင်အထည်ဖော်ပြပြီး မှတ်တိုင်တစ်ခု စိုက်နိုင်ခဲ့တာဟာ အာဏာရှင်တစ်စုကို တိုက်ပွဲဆင်နွှဲပြီး အောင်ပွဲရလိုက်သလိုတော့ ခံစားခဲ့ရပါတယ်။ ဘာပြောပြော ဒီတိုက်ပွဲမှာ ရေဘူးပေါက်နဲ့ ဖြုတ်ဦးနှောက်ကို ကောက်ပေါက်နိုင်ခဲ့တာတော့ အမြတ်လို့ ဆိုရပါလိမ့်မယ်။ (~ စာ ၁၆၉)

    🟡 အဲဒီဇာတ်လမ်းထဲမှာ ပြောခဲ့တဲ့ ဖြုတ်ဦးနှောက်ဆိုတာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို စော်ကားလိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ပညာရေးလောကမှာ ဖြုတ်ဦးနှောက်နဲ့ အထက်ကရောက်လာတဲ့ မိုးကျရွှေကိုယ်တွေကို ရည်စူးပြီးပြောတာပါ။ (~ စာ ၁၇၀)

    🟨 လစာထုတ်တော့ ကျောင်းအတွက် ခဲတံခွဲတန်းလာထုတ်ပါဆိုပြီး စာထုတ်ခေါ်တယ်။ ကျွန်တော်က “ငါ့ကျောင်းမှာ သူငယ်တန်းကလေးကအစ ဘော့ပင်ပဲသုံးတယ်” ဆိုပြီး မထုတ်ဘူး။ နောက် “သတ်မှတ်ရက်အတွင်း ခဲတံများလာမထုတ်ပါက မိမိတာဝန်သာဖြစ်ကြောင်း” ဆိုတဲ့ စာရောက်လာပြန်တယ်။ အဲဒီတော့မှ ရုံးကိုသွားပြီး “အေး – မင်းတို့လူကြီးတွေ လုပ်စားတဲ့ခဲတံကို ငါမထုတ်တာ ငါ့တာဝန်သာဖြစ်ကြောင်း ပြန်ကြားစာကို လာပေးတာ” ဆိုပြီးသွားပေးခဲ့တယ်။ (~ စာ ၁၇၁)

    🟡 ဖြုတ်ဦးနှောက်တွေ ကြီးစိုးတဲ့ခေတ်ဆိုတော့ ရာထူးတိုး၊ အပြောင်းအရွှေ့ သူတို့ပဲ ကိုင်ထားကြတာ များတယ်။ နောက်ဆုံး ကျောင်းဆရာခန့်ရေး၊ သင်တန်းလွှတ်ရေးတွေကအစ မလုပ်သင့် မလုပ်ထိုက်တဲ့ အပေးအယူ၊ ဈေးမြှူတာတွေ လုပ်လာကြတယ်။ ပင်စင်ယူတော့မယ် ရာထူးမတိုးတော့ဘဲ မာန်ခဲ့ပြီး တာဝန်ထမ်းနေကြရတဲ့ ပညာအိုကြီးတွေကို မနေ့တစ်နေ့ကမှ ဘောင်းဘီချွတ်လာပြီး နေရာရလာတဲ့ကောင်တွေက “ခင်ဗျား” ချင်း မိုးမွှန်အောင် စော်ကားလို့ ရနေတဲ့ခေတ်၊ အာဏာနဲ့ နေရာယူလာသူတွေက ဖြုတ်ဦးနှောက်တွေကို လက်ပါးစေအဖြစ် မွေးပြီး ပညာလောကကို ဖျက်ဆီးကာ အမိန့်နဲ့ ပြန်လည်အုပ်မိုးပြီး ချောက်ထဲကို ထိုးချနေသူတွေ များလာတဲ့ခေတ်ကို ကျွန်တော် တိုက်နိုင်သလောက် တိုက်ခဲ့တယ်။ (~ စာ ၁၇၂)

    🟨 ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်ခိုင်းတာ။ ကျွန်တော်က ကျောင်းဆရာတွေဆီကနေ ကျောင်းစိမ်းကို ခိုးသွားတဲ့အသင်းဆိုပြီး အစကတည်းက အထင်မကြီးတာ။ နောက်ပိုင်း အဲဒီအသင်းမဝင်ရင် အရေးယူခံရမလိုလို အမိန့်တွေ ထွက်လာတယ်။ နဝတ အစိုးရတက်လာတုန်းက (၃၃) ချက် ဖြည့်ခိုင်းတာတောင် ထုတ်ရင်ထုတ်လိုက် ဘယ်တော့မှ မဖြည့်ဘူး၊ လက်မှတ်မထိုးဘူးလို့ တင်းခံထားတဲ့ ကောင်ဆိုတော့ သူတို့ အသင်းမ၀င်တာနဲ့ အရေးယူမယ်ဆိုတာ ပျင်းတောင် ပျင်းသေးတယ်။ (~ စာ ၂၄၃)

    🟡 “ဆရာကြီး ဆရာကြီးပဲ သိက္ခာကို ရိက္ခာနဲ့ လဲချင်လဲပါ။ ကျွန်တော့်ကို အဲဒီလို ကလိမ်ကကျစ်တွေအထဲကို ဘယ်တော့မှ ဆွဲမထည့်ပါနဲ့။ အဲဒီကြံ့ဖွံ့ထဲကို ဘယ်တော့မှ မဝင်ဘူးဆိုတာ ဆရာကြီးဆီကို ခုစာတင်ခဲ့မယ်။ အဲဒီစာကို မြို့နယ်တွေ တိုင်းတွေကိုလည်း ပို့မယ်။ အဲဒီအတွက် အရေးယူရင်လည်း ပျောပျော်ကြီးခံယူပြီး အလုပ်ထွက်သွားမယ်” (~ စာ ၂၄၄)

    🟨🟡🟨🟡🟨🟡

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တင်ညွန့် စာအုပ်များ