၁၃ ထပ်မှာ အစ်ကို့ကို စောင့်နေဆဲ
6500 (ကျပ်)
အညိုဆိုတဲ့ ကောင်မလေးတစ်ယောက်နှင့်
ပြင်ပလောကမှာ တကယ်ရှိလားမရှိလားဆိုတဲ့ ဝေဝါးမှုတွေနဲ့ အစ်ကို….
နေကြာပန်းတွေစိုက်ချင်တဲ့ အညိုနေတဲ့ ၁၃ထပ်ကရော တကယ်ရှိလား မရှိခဲ့ဘူးလား…
Psycho ဆန်ဆန် .. စုံထောက်ဝတ္ထုဆန်ဆန် …
နူးညံ့လှတဲ့ စကားလုံးတွေနဲ့ အချစ်ဆိုတာကို ဖွဲ့သီထားတဲ့ စာအုပ်ကို ပြပါဆိုရင် …၁၃ထပ်မှာ အကို့ကို စောင့်နေဆဲဆိုတဲ့ ဒီစာအုပ်ကို ပြရမှာပဲ။ ပြင်ပလောကမှာ အညို့လို၊ အစ်ကို့လို လူတွေ ရှိနေမယ်ဆိုတာကတော့ အသေအချာ ပြောရဲတယ်။
အစ်ကို____
ချစ်ခြင်းတစ်ခုကို ပုံပြောပြီး အိပ်မက်လှလှမက်စေသူ…
စကားလုံးလှလှလေးတွေနဲ့ နူးညံ့မှုတွေမှာ အရည်ပျော်ပြီး မူးယစ်ဆေးလို စွဲလမ်းစေတဲ့သူ…
အညို____
မွန်းကြပ်မှုတွေနဲ့ ၁၃ထပ်မှာ စီးကရက်ခဲပြီး မြစ်ရေပြင်ကို ငေးကြည့်နေတတ်သူ…
ခံစားချက်အခိုးအငွေ့တွေပေါ်မှာ မွေ့လျော်နေတတ်သူ…..
ဒီလို character တွေနဲ့ အစ်ကို့ကို အညို ဘယ်လောက်ချစ်သလဲဆိုတာ…. 🤎
| စာမျက်နှာ | 192 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.3 x 8 inches |
| ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ ၂၀၂၃ အောက်တိုဘာလ (ပထမအကြိမ်) |
Out of stock









Aeri Myat (verified owner) –
“၁၃ထပ်မှာ အစ်ကို့ကို စောင့်နေဆဲ”
အဲ့ဒီတိုက်မှာ ၁၃ထပ်ဆိုတာ တကယ်ရှိတာလား…အစ်ကိုဆိုတဲ့သူကရော တကယ်ရှိခဲ့တာလား… အညိုဆိုတဲ့ သူမကတော့ အစ်ကို့ကို တကယ်စောင့်နေခဲ့တာပါ🤎
အညိုက ဆေးလိပ်တွေ သောက်တယ်။
အစ်ကိုက စာအုပ်ဖတ်တယ်။ဝရန်တာလေးမှာ အပင်လေးတွေ စိုက်တယ်၊ ရေလောင်းတယ်။လူမြင်ကွင်းတွေ သိပ်မထွက်ဘဲ ၁၃ထပ်က အခန်းလေးထဲမှာပဲ
အစ်ကိုနဲ့ အညိုတို့ အချိန်တွေကို ကုန်ဆုံးကြတာများတယ်။
ဒီလိုနဲ့ တစ်နေ့ အညို့ဘဝထဲကနေ အစ်ကို ပျောက်ဆုံးသွားခဲ့ရတယ်။
လူတွေကလည်း ပြောကြတယ် အညိုက
မရှိတာကို ရှိတယ်ထင်နေတာတဲ့….
အစ်ကိုဆိုတာရော ၁၃ထပ်ဆိုတာရောက
အပြင်မှာ တကယ်မရှိဘူးတဲ့လေ…။
“သူ” နဲ့ စတွေ့တော့ “သူ”လည်း အညို့ကို
မယုံကြည်ခဲ့ဘူး။နောက်ပိုင်းမှာတော့ အညို့ရဲ့ စိတ်တံခါးတွေကို ဖွင့်ကြည့်ဖို့
ကြိုးစားရင်း ပျောက်ဆုံးနေတဲ့
၁၃ထပ်ကိုလည်း ရှာတွေ့ခဲ့တယ်။
အညို့ အပေါ်မှာ ထားတဲ့ “သူ့” ရဲ့
ချစ်ခြင်းမေတ္တာတွေကိုရော ခံစားမိခဲ့တယ်🤎
အညို့ရဲ့ ကမ္ဘာဟာ အစ်ကိုပဲ။
အရာရာဟာ အစ်ကို့အပေါ်မှာပဲ မူတည်နေခဲ့တာ…ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေခဲ့တဲ့ အညို့ကို အစ်ကိုမပါဝင်တဲ့ အညို့ကမ္ဘာသစ်လေး ဖြစ်လာအောင် “သူ”တစ်ယောက်က ကူညီလမ်းပြပေးခဲ့တယ်။
“ဆံပင်တွေကို တခြားသူအတွက် မဟုတ်ဘဲ နွေ့အတွက် နွေ အရှည်ပြန်ထားတဲ့ တစ်နေ့ ကျွန်တော် နွေ့ဆီ လှမ်းလာခဲ့မယ်”
ဂမုန်းနွေ (ခေါ်) အညိုဆိုတဲ့ အမျိုးသမီးလေးဆီ “သူ” တကယ်ပြန်လာခဲ့တာလား….”နွေ”ကြိုက်တဲ့ နေကြာပန်းတွေ
ပွေ့ပိုက်ထားရင်းနဲ့ပေါ့…🌻🌻🌻
ကျွန်မကတော့လေ အစ်ကိုဆိုတဲ့သူထက်
နွေ့ဘဝလေးကို ပြန်ရှာပေးခဲ့တဲ့”သူ”
ဆိုတဲ့ တစ်ယောက်ကို လေးစားသဘောကျနေမိတာရယ်🥰 “နွေ”နေတဲ့ ၁၃ထပ်ကို တကယ်ပြန်လာတဲ့သူက “သူ” ပဲ ဖြစ်စေချင်ပါတယ်လို့ 😁🤎
ဖတ်ရတာ အရမ်းမိုက်တာနော်…သဘောကျနေရောပဲ အညို့ကို သနားလိုက်၊
ဆရာမကို မြင်ယောင်လိုက်ပဲ။တကယ်ကို စိတ်နှစ်ပြီး ရေးတဲ့စာတွေမို့ထင်ပါရဲ့…။
အညိုနဲ့ဆရာမက တစ်ယောက်တည်းဖြစ်နေခဲ့တယ်လို့ကို ခံစားလိုက်ရတာပါ။
“နရသူ”ဖတ်တုန်းက ကောင်လေးဆီကရခဲ့တဲ့ ကြည်မြ နွေးထွေးမှုတွေကို ထပ်ပြီး
“သူ့” ဆီကနေတဆင့် ဆရာမက စာဖတ်သူတွေအတွက် လက်ဆောင်ပေးလိုက်တယ်လို့ ခံစားရပါတယ်။ဖြစ်နိုင်ရင်
“နွေ”နဲ့ “သူ့”အကြောင်းကို အဆက် အနေနဲ့ ထပ်ဖတ်ချင်မိတဲ့အထိပေါ့ရှင်🤎
#ခေတ်ရှေးညို
#၁၃ထပ်မှာအစ်ကို့ကိုစောင့်နေဆဲ
#ပန်းဆက်လမ်းစာပေ
#reviewby하은
#3Nov2023
Aye Mon –
ဆရာမရဲ့ Fb acc မှာ တင်လေ့ရှိတဲ့ စိတ်နဲ့ချည်တဲ့ကြိုး ဆို တဲ့ album လေးကို စဖတ်မိကတည်းက အကို့ကို အတွေးတွေထဲ ပုံဖော်နေခဲ့ရတာ….
အညို့ရဲ့စိတ်လေးထဲ စိုးမိုးနေနိုင်လွန်းတဲ့အကိုဟာ ဘယ်လိုလူမျိုးလဲ
ဘယ်လို ချစ်ခြင်းမေတ္တာတွေကိုများပေးထားနိုင်ခဲ့လို့ အညိုဟာ အကို့ကို ဒီလောက်စွဲလန်းနေခဲ့မိတာလဲပေါ့…
**“စိတ် စိတ်ချင်းချည်ကြည့်နေတယ်´´လို့ပြောလေ့ရှိတဲ့အကိုကကျွန်မရဲ့စိတ်ကို တကယ်ပဲဖတ်နိုင်ခဲ့တယ်။“ချည်ကြည့်တော့ ဘာတွေ့လဲ´´ပြန်မေးတဲ့အခါ“အညို့ကိုတွေ့တယ်´´တဲ့။အဲ့ဒီလို အကိုက ကျွန်မကိုပြုံးအောင်စေခိုင်းနိုင်တဲ့သူပါ။**(အကို)
အကို့ အနားမှာနေ နေရရင် အကိုပြောတဲ့စကားလုံးတိုင်းအတွက် ဟင့်အင်း တစ်လုံး မသုံးချင်တဲ့ ကောင်မလေး ၊
အကိုသာမရှိရင် ဘာမှ မလုပ်တတ်တော့တဲ့ကောင်မလေး၊
ရှင်သန်ဖို့ အတွက် မနက်ဖြန်တိုင်းက အကိုဆိုတဲ့စိတ်လေးတစ်ခုနဲ့သာ ဖြစ်တည်နေတဲ့ကောင်မလေး ၊
ခပ်ငယ်ငယ် အချစ်ကို ရူးနှမ်းတဲ့အရွယ် မဟုတ်တော့ပေမယ့် အကို့ကြောင့် အရူးတပိုင်းဖြစ်ခဲ့ရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို တကယ့်အဖြစ်အပျက်လေးတစ်ခုကို မြင်နေရသလိုမျိုးကို ထင်မိတာ…
အချစ်ကြောင့် လူတွေဟာ ရူးသွားတတ်ကြတာကိုး….
**ဘာကြိုးနဲ့မှ မချည်ထားတဲ့သူက အခုတော့အကို့ကို ကြိုးလေးတစ်ကြိုးနဲ့ ချည်ထားမိခဲ့ရင်သိပ်ကောင်းမှာပဲလို့အညိုတွေးနေမိတယ် အကို….. အချိန်တန် ကြိုးလေးပြတ်သွားရင်….အကို့လက်ထဲမှာ ကြိုးစလေးကျန်ရင်ကျန်…. မကျန်ရင် ကြိုးရာလေးတော့ကျန်နေဦးမယ်မလား…. အဲ့ဒီအခါကျရင် အညိုဆိုတဲ့မိန်းကလေးတစ်ယောက်ကိုသတိမရချင်လည်း သတိရနေမိမှာလေ….. ရူးကြောင်ကြောင်နိုင်တဲ့အတွေးတွေပါအကိုရယ်……**(အညို)
အလဲလဲအပြိုပြို ဖြစ်နေတဲ့ အညို့ကို ပြန်လည်တည့်မတ်ပေးနိုင်ခဲ့သူက “သူ´´
လတ်တလော ဖြစ်နေတဲ့ပြသနာကို အဖြေရှာပေးရုံတင်မက အရိုးစွဲနေတဲ့ ကြောက်စိတ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေတဲ့ စိတ်တွေကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့သူ၊ ဘေးနား ဘယ်သူမှ မရှိတော့ရင်တောင် တစ်ယောက်တည်း ရပ်တည်နိုင်ဖို့ အခြေခံ စိတ်တွေက အစ ပြန်လည်တည်ဆောက်ပေးခဲ့တဲ့ “သူ´´
**“ဆံပင်တွေကို တခြားသူအတွက်မဟုတ်ပဲနွေ့အတွက် နွေ အရှည်ပြန်ထားတဲ့တစ်နေ့ ကျွန်တော် နွေ့ဆီလှမ်းလာခဲ့မယ်။´´ **(သူ)
တိမ်ပြိုပင်လယ်ထဲက အကြိုက်ဆုံးစာတစ်ကြောင်းသတိရတယ် “ပညာတတ်တွေ ဖောက်ပြန်ရင်သိပ်ကြောက်စရာကောင်းတယ်´´ အကိုဟာလည်း ပညာတတ်တစ်ယောက်ဖြစ်တဲ့အတွက် အကို့ရဲ့အကွက်ရွေ့မှုတွေကလည်း သိပ်ကြောက်ဖို့ကောင်းတာကို တစစနဲ့ ဖတ်ရတယ်
ကိုယ် အယုံကြည်ရဆုံး ကိုယ့်အပေါ်နားလည်ပေးနိုင်ဆုံးလူတစ်ယောက်က လုပ်ရက်လိုက်တာ၊ ရက်စက်လိုက်တာဆိုတဲ့စိတ်က ဘယ်လိုအရာမျိုးကိုမဆိုရင်ဆိုင်နိုင်တဲ့သတ္တိတွေအဖြစ်ပြောင်းလဲသွားတယ်။တချို့အတွက်လည်းပြိုလဲကောင်းပြိုလဲနိုင်ပါတယ်။အညိုကတော့ ပညာတတ် ပါးနပ်သူပီပီ အဖြစ်သင့်ဆုံးကို ရင်ဆိုင်သွားခဲ့တယ်လို့ထင်ပါတယ်။
ဇာတ်လမ်းလေးရဲ့အစကနေ အဆုံးထိ ရင်ထိတ်စရာ၊ကြည်နူးစရာ၊ မွန်းကြပ်စရာ၊ အားမလို အားမရဖြစ်ဖွယ်ရာတွေနဲ့ ဖတ်ရတဲ့ ရသစာပေလေးတစ်အုပ်ပါ။
စာအုပ်လက်ဆောင်လေးအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကောင်းကောင်းဖတ်ခဲ့ရပါတယ် မမရေ..
#ခေတ်ရှေးညို
#၁၃ထပ်မှာအကို့ကိုစောင့်နေဆဲ
#Ayemon
Bookalicious –
စာအုပ်ရဲ့နာမည်ကလေးက ဆန်းဆန်းလေးနဲ့ ဆွဲဆောင်မှုရှိတယ်နော်။ ဒီထက်ဆန်းတာတစ်ခုက ဆရာမက ဒီစာအုပ်ထဲကအမျိုးသမီးဇာတ်ကောင်ကို ဆရာမရဲ့ ကလောင်နာမည်ဖြစ်တဲ့ ခေတ်ရှေးညိုကိုပဲ သုံးထားတဲ့အပြင် ၊ ဇာတ်ကောင် အမျိုးသမီးရဲ့ အသက်မွေး၀မ်းကြောင်းအလုပ်ကလဲ စာရေးဆရာမလို့ ရေးသားထားပြန်တာပါပဲ …..
အချစ်က လူတစ်ယောက်ကို သူ့စိတ်နဲ့သူ ဆက်ပြီး မရှင်သန်နိုင်အောင် ပြုစားနိုင်စွမ်းရှိတယ်လို့ ကျွန်တော်ပြောရင် ခင်များတို့ ယုံမလား?
ဂမုန်းနွေ တဖြစ်လဲ ခေတ်ရှေးညိုကတော့ အပေါ်မှာ ကျနော်မေးခဲ့တဲ့ မေးခွန်းထဲကလို အမျိုးသမီးတစ်ယောက်ပေါ့။ အညိုဟာ ဆေးလိပ်သောက်ရတာကိုကြိုက်တယ်။ ၀ရံတာကနေ အညိုရောင်မြစ်ပြင်ကိုငေးကြည့်ပြီး ငှက်တွေ မြစ်ကိုဘယ်နှကြိမ်လောက်များဖြတ်သန်းနေကြသလဲဆိုတာ ရေတွက်ရတာကိုကြိုက်တယ်။ ပန်းပင်လေးတွေကိုလဲချစ်သလို ၊ စာပေကိုလဲမြတ်နိုးတန်ဖိုးထားတဲ့ တက်သစ်စ စာရေးဆရာမတစ်ဦးပေါ့။ သိပ်ချစ်ရတဲ့ အကို့ကို အရမ်းချစ်လွန်း ၊ တွယ်တာလွန်းအားကြီးတတ်လွန်းတဲ့ အညို ၊ အမှောင်ကိုကြောက်တတ်လွန်းလို့ အမှောင်ထဲငိုတတ်တဲ့ အညို ၊ တခြားစာရေးဆရာတွေ ဘယ်လိုလဲမသိပေမယ့် အညိုကတော့ သူဖန်တီးထားတဲ့ ဇာတ်ကောင်တွေနဲ့ သူမရဲ့ ပြင်ပဘ၀မှာ struggle လုပ်နေရသူပေါ့။ အကို့ကို ယုံကြည်ကိုးစားလွန်းပြီး အကို့စိတ်နဲ့ အသက်ရှင်နေသူ … ဟောဒီ ၁၃ ထပ်မှာ အကိုနဲ့အတူတူရှိနေတယ်ဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့တင် ဒီကမ္ဘာမှာ နေပျော်နေသူကလေး အညို …..
ချစ်ခြင်းက ဘယ်အချိန်မှာ စတတ်ပြီး …
ဘယ်အချိန်မှာ အဆုံးသတ်သွားတတ်ပါသလဲ? အညို့ကို ကောင်မလေး ၊ ရည်းစား ဆိုတဲ့ ချစ်စရာကောင်းတဲ့ နာမ်စားလေးသုံးတတ်တဲ့ ၊ အညိုကတွေ့ချင်တယ်ဆိုရင် တမုဟုတ်ချင်းအပြေးကလေးလာတွေတတ်တဲ့ အကိုနဲ့ ဘယ်အချိန်တုန်းက အချစ်ကို အတူတကွ ခံစားခဲ့ကြသလဲဆိုတာ မမှတ်မိပေမယ့် အချစ်တွေ နိဂုံးချုပ်ကာ ပျက်သုဉ်းသွားခဲ့ချိန်ကိုတော့ သေသေချာချာ မှတ်မိနေခဲ့ပါတယ်။ အညို့ဘ၀ကလဲ ရယ်ရတယ်ရယ်။ ဘ၀မှာ ရည်းစား ၃ ယောက်ထားဖူးတယ်။ ပထမတစ်ယောက်ကို အချစ်စတင်ချိန်ရော အချစ်တေ အဆုံးသတ်သွားချိန်ပါ မှတ်မိပြီး ၊ ဒုတိယတစ်ယောက်ကိုတော့ စတင်ချိန်သာ မှတ်မိပြီး ၊ အခု တတိယတစ်ယောက်ဖြစ်တဲ့ အကို့ကိုတော့ အဆုံးသတ်ချိန်သာ မှတ်မိတယ်လေ ….. အဲဒီနေ့ပေါ့ … အညိုတစ်ယောက်တည်း တိုက်အိမ်ဆင်းကာ ဆေစလိပ်ထွက်၀ယ်မှာကို အကိုမတားခဲ့တဲ့ နေ့ပေါ့ ….. အညို၀ယ်လာတဲ့ ဆေးလိပ်တစ်လောက်ထွက်သောက်မယ်ဆိုပြီး ၀ရံတာကို တစ်ယောက်တည်းထွက်သွားတဲ့ နေ့ကပေါ့ ….. အပွင့်လင်းဆုံး မကွယ်ဝှက်တမ်းပြောရရင် အညို့ကို အကို (၁၃) ထပ်မှာ တစ်ယောက်တည်း ထားရစ်ပြီး နောက်ထပ်ကမ္ဘာတစ်ခုကို အကိုခွင့်မတောင်းဘဲ ထွက်သွားတဲ့နေ့ပေါ့ …
ချစ်ရတဲ့ အကိုပျောက်ကွယ်သွားတုန်းက
တစ်ယောက်တည်း (၁၃) ထပ်မှာ ဆောက်တည်ရာမရ စိတ်လွတ်နေမိခဲ့သူ … ဘယ်လိုတွေးတွေး အဖြေမရတဲ့ ပုစ္ဆာတစ်ပုဒ်တစ်ယောက်တည်း အဖြေရှာရင်း ၊ အကိုနဲ့ အတူရှိစဉ် လုပ်ခဲ့ဖူးတဲ့ အမှတ်တရတွေကလဲ အရသာမရှိတဲ့ ဟင်းတစ်ခွက်လို ပေါ့ပျက်ပျက်နဲ့ပေါ့ …. ညီမ ပျောက်ကွယ်သွားရင်ရော အကို ခုလိုမျိုး ညီမကို စောင့်နေပါ့မလား ညီမသိချင်လိုက်တာ … အတွေးတွေနဲ့ လုပ်ခဲ့မိတဲ့ လုပ်ရပ်တစ်ခု ၊ ချခဲ့မိတဲ့ ဆုံဖြတ်ချက်တစ်ခုက အကို့ကမ္ဘာဆီလိုက်သွားဖို့ပါပဲ ၊ ပိုင်းဖြတ်မိတဲ့ ဆန္ဒတစ်စုံရယ် ၊ (၁၃) ထပ် ၀ရံတာဆီက ဖြတ်ကနေ အောက်ကိုကျသွားတဲ့ အရိပ်ကလေးတစ်ခုရယ် …..
Factitious Center
ဘ၀မှာ ကိုယ်သိပ်ချစ်ရတဲ့ ညီမလေးရဲ့ အနှစ်သက်ဆုံး စာရေးဆရာမတစ်ယောက်ကို ဒီခိုအခြေအနေ ၊ ဒီလိုနေရာမှာ ၊ ဒီလိုတွေ့ဆုံမှုမျိုးနဲ့ ဆုံရလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ ….. Broken family မှာ ကြီးပျင်းလာကြတာချင်းတူတူ type မတူတဲ့ မောင်နှမနှစ်ယောက်။ တစ်ယောက်က cool ဖြစ်ပြီး ၊ တစ်ယောက်က တွယ်ကပ်လွန်းသူ။ အကိုတစ်ယောက်အနေနဲ့ မကျေပွန်လိုက်ရတဲ့ တာ၀န်နဲ့ ၀တ္တရားနဲ့ တာ၀န်တွေကို အတတ်နိုင်ဆုံး နောင်တနည်းအောင် နေထိုင်နေသူဆီကိုမှ ဆိုက်ရောက်လာတတ်ပလေ။ အစ်ကိုတစ်ယောက်သာ ကမ္ဘာထင် ၊ အစ်ကိုထားခဲ့ရာနေပြီး ၊ အစ်ကိုမှ အစ်ကို ဖြစ်နေတဲ့ ၁၃ ထပ်က စာရေးဆရာမ တစ်ဖြစ်လဲ ဂမုန်းနွေ … တစ်နည်းအားဖြင့် သူတာ၀န်ယူထားရတဲ့ Case ရဲ့ လူနာ …..
တကယ်ပဲ ဂမုန်းနွေက အပြင်မှာတကယ်မရှိတဲ့ သူရဲ့ ဇာတ်ကောင်တွေကို မြင်နေတတ်တဲ့ visual hallucinations ဝေဒနာခံစားနေရသူတစ်ဦးလား? သူပြောတဲ့ ၁၃ ထပ်ဆိုတာကရော တကယ်ရှိရဲ့လား? မူးယစ်ဆေးစွဲနေသူတစ်ယောက်ရဲ့ စကားကို ဘယ်လောက်အတိုင်းအတာထိ သူယုံကြည်ပေးနိုင်မှာလဲ? ဒါတွေသာ အမှန်တကယ်ဆိုရင်ရော သူ ဂမုန်းနွေကို ဘယ်လိုကူညီပေးနိုင်မှာလဲ?
ထူးဆန်းတယ်နော် ….. အထီးကျန်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ မတူညီတဲ့ ဇာတ်လမ်းနဲ့ ဖြတ်သန်းလာရတဲ့ သူတအချင်းချင်း ၊ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီစာနာပေးနေလိုက်ကြပုံများ နတ်ရေးတဲ့ ဖူးစာလိုပါပဲ။ သူ့အတွက် ကိုယ်စိုးရိမ် ၊ ကိုယ့်အတက် သူရပ်တည်နဲ့ ဘ၀ဟာ ကြည်နူးဖွယ် … ဒါပေမယ့် ထင်မှတ်မထားတဲ့ နွေရဲ့ အစ်ကိုဆိုသူ ပေါ်လာချိန်မှာတော့ …..
ကျွန်တော့်အနေနဲ့ဆရာမ ခေတ်ရှေးညိုရဲ့ စာအုပ်ကို “နရသူ” တစ်အုပ်ပဲ ဖတ်ဖူးပါတယ်။ ဆရာမရဲ့ ရေးဟန် ၊ တင်ဆက်ဟန်တွေကို သိပ်ကိုသဘောကျရပါတယ်။ ဇာတ်ရဲ့ အသွားအလာ ၊ အနိမ့်အမြင့် ၊ စကားအသုံးအနှုံးပြေပြစ်မှုတွေကို ဆရာမရဲ့ စာအုပ်ထဲကဇာတ်ကောင်စရိုက်တွေမှာ မြင်ရပါတယ်။ ဒီ ၁၃ ထပ် စာအုပ်မှာတော့ ဇာတ်လမ်းအစကတည်းက ဇာတ်ကိုဆွဲခေါ်သွားပြီး ထင်မှတ်မထားတဲ့ ဒွိဟဖြစ်နိုင်ဖွယ် သို့လော သို့လော ဇာတ်သိမ်းနဲ့ အဆုံးသတ်ထားပါတယ်။ စိတ်ဝေဒနာသည်တစ်ယောက် ၊ ထိုရောဂါသည်ကို တာ၀န်ယူပေးရတဲ့ ဆရာ၀န် ၊ ထိုဝေဒနာကို ဖန်တီးပေးသူ စဖြင့် ဇာတ်ကောင်တွေက အံ၀င်ခွင်ကျရှိနေပါတယ်။ အထူးသဖြင့် အစ်ကိုဆိုတဲ့ ဇာတ်ကောင်။ သူကိုယ်တိုင်ပြောပြနေတဲ့ သူ့ရဲ့ဇာတ်ကြောင်းဘဲ အဘိုကတဆင့်သိရတဲ့ အစ်ကို့ဇာတ်ကောင်စရိုက်နဲ့တင် အစ်ကိုဆိုတဲ့သူကို စာဖတ်ရင်း မုန်းတီးနေမိပါတယ် (ဒါက ကျွန်တော့်တစ်ဦးတည်းအမြင်ပါ)။ ဇာတ်ကို ဆက်လက်ဖတ်နေရင်း အစ်ကိုဆိုတဲ့သူက တကယ်ရောရှိရဲ့လား? အထပ် (၂၀) ရှိပြီး ဓာတ်လှေကားနံပါတ် (၁၉) ခုသာပါတဲ့တိုက်မှာ (၁၃) ဆိုတာ တကယ်ရော တည်ရှိခဲ့ဖူးပါရဲ့လားဆိုတဲ့ အတွေးတွေ၀င်မိစေပါတယ်။ သို့လော သို့လော ဖြစ်စေခဲ့တဲ့ သံသယစိတ်တွေကို ပြန်ဖြေပေးသွားပုံကလဲ ဇာတ်နဲ့ အချိတ်အဆက်မိလှတာမို့ ….. အချိန်ပေးရကျိုးနပ်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။
#pl_tpms #bookalicious
#19thsept2023
Thet Naing Aung –
🔘 ညို ( ဂမုန်းနွေ) ဟာ သိပ်သနားဖို့ကောင်းတာပဲ။ ညို သိပ်ချစ်တဲ့ အစ်ကိုဟာ ညို့အပေါ်သိပ်ရက်စက်တယ်။ ညို့ကို မူးယစ်ဆေးတွေ စွဲအောင်ပြုလုပ်ခဲ့ပြီး ညိုဟာ မရှိတာကို ရှိနေတယ်လို့ ထင်နေတဲ့သူ တယောက်အဖြစ် အများမြင်အောင် ပုံသွင်းခဲ့တယ်။ ရူးပါတယ်လို့ ခေါင်းစဉ်တပ်လို့ရအောင် အရာရာကိုအကွက်ကျကျ စီစဉ်ခဲ့ပြီး အစ်ကိုနဲ့ညိုတို့ရဲ့ ၁၃ ထပ်ကို ဖျောက်ဖျက်ပစ်ခဲ့တယ်။
🔘 အစ်ကို့အတွက် ရည်စူးရေးထားတဲ့ အညို့စာလေးတွေ ဖတ်ရတော့ အညို့ကို ပိုသနားမိတယ်။ ချစ်နိုင်လိုက်တာ အညိုရယ်လို့ ရေရွတ်မိသည်အထိ။
🔘 နောက်ဆုံးမှာ အစ်ကိုဆိုတဲ့တယောက်ဟာ ၁၃ ထပ်ကို ပြန်လာခဲ့တယ်။ အဲ့ဒီ ပြန်လာခဲ့တဲ့ အစ်ကိုဟာ အညို့ရဲ့ ပျောက်ဆုံးနေတဲ့ ၁၃ ထပ်ကို အတူရှာဖွေပေးခဲ့တဲ့ အစ်ကိုပဲမဟုတ်လား ။ အညိုရဲ့ဘဝကို အမှောင်ထုထဲဆွဲသွင်းတဲ့ အစ်ကိုတော့ ဘယ်ဟုတ်နိုင်ပါ့မလဲနော်။
🔘နေကြာပန်းတွေ တပွေ့တပိုက်နဲ့ လာခဲ့တဲ့ အစ်ကိုဟာ ” ဆံပင်တွေကို အခြားသူအတွက်မဟုတ်ဘဲ နွေ့အတွက် နွေ အရှည်ပြန်ထားတဲ့တနေ့ ကျွန်တော် နွေ့ဆီလှမ်းလာခဲ့မယ် “ လို့ ပြောခဲ့တဲ့ အစ်ကိုပဲမဟုတ်လားဆိုတာတော့ အညို့ကိုတွေ့ရင် မေးပါဦးမည်ဟု ။
Eain Eain –
-၁၃ထပ်ကို review တွေဖတ်ပြီး စိတ်ဝင်စားခဲ့ပေမယ့် စာအုပ်ဝယ်၏ မဝယ်၏ အကြီးအကျယ်စဉ်းစားနေတုန်းမှာ ဝယ်လိုက်မယ်ဟာဆိုပြီး စိတ်ဒုန်းဒုန်းချမိတာ ကို Ancient ရဲ့မျက်နှာဖုံးပန်းချီကြောင့်။
-ရုပ်နာမ်တွေထက် ဇာတ်ကောင်ရဲ့စိတ်ကိုကိုင်ပြီးရေးရတဲ့ ဒီလိုဇာတ်လမ်းမျိုးဟာ စာရေးဆရာ အရေးမတတ်ရင် အမှိုက်ပုံးထဲတန်းရောက်မှာ။ ဒါပေမဲ့ ၁၃ထပ်ရဲ့ပဲ့ကိုင်ရှင်ဟာ ဆရာမခေတ်ရှေးညိုဖြစ်တဲ့အတွက် လှလှပပ ကိုင်တွယ်သွားခဲ့တယ်။
-နရသူထက် ပိုကြိုက်ပါတယ်။ အနာဂတ်မှာလည်း ဆရာမရဲ့ အသစ်အသစ်သော လက်ရာတွေကို မြည်းစမ်းချင်ပါသေးတယ်။