တိမ်ပြိုပင်လယ်
4000 (ကျပ်)
◾️ မိဘတိုင်းက သားသမီးအပေါ် အကောင်းဆုံးအရာတွေ ဖန်တီးပေးချင်တာ သဘာ၀ပါပဲ။ ဒီစာအုပ်ထဲမှာ ညို ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ သားအပေါ် ပြုစုပျိုးထောင်မှုတွေကို တွေ့ရပါလိမ့်မယ်။
ညို ထင်မှတ်မထားတဲ့ ရှုထောင့်ကနေ သားဖြစ်သူက ဘယ်လိုအရာတွေ ဖြစ်လာသလဲ? ဘာတွေခံစားနေရသလဲ?
ခင်ပွန်းအပေါ် လိုလေသေးမရှိ ပံ့ပိုးပေးပြီး ဇနီးမယားတာ၀န် ကျေပွန်လှတဲ့ ညို၊
လုပ်ငန်းခွင်ထဲမှာ ထက်မြက်အောင်မြင်တဲ့ ညို
ညို့ရဲ့ စိတ်ထွက်ပေါက်က ဘာလဲ?
ညို့ရဲ့ အတ္တက ဘာလဲ?
ညို ချစ်ရတဲ့ အမျိုးသားကရော ခင်ပွန်းဖြစ်သူ တစ်ယောက်တည်း ဟုတ်ရဲ့လား?
” တိမ်ပြိုပင်လယ် ” ဆိုတဲ့ စာအုပ်က စာရေးဆရာမ ခေတ်ရှေးညို ရဲ့ ဒုတိယမြောက် လုံးချင်း၀တ္ထုပဲ ဖြစ်ပါတယ်။
ပိတ်လှောင်ထားတဲ့ လူ့အသိုင်းအဝိုင်း၊
ခေါက်ရိုးကျိုးနေတဲ့ဘ၀တွေ၊
အမျိုးသမီးတစ်ယောက်ရဲ့ အမှောင်ခြမ်း ၊ အလင်းခြမ်း စတဲ့ အကြောင်းအရာတွေကို စိတ်၀င်တစား ဖတ်ရှုရမဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပဲ ဖြစ်ပါတယ်။
စာမျက်နှာ | 176 |
---|---|
စာအုပ်အရွယ်အစား | 5.7 × 0.3 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 မတ်လ (ပထမ-ကြိမ်) |
29 in stock
Ko Pauk Mdy –
“ပါးပါးကလေး ခေတ်ရှေးညို”
ကျွန်တော်တို့ အများစုက စာဖတ်တယ်ဆိုတာ စာထဲကနေတစ်ခုခု လိုချင်လို့ ဖတ်ကြတယ်လို့ဆိုပါတယ်။ “စာအုပ်စာပေလူ့မိတ်ဆွေ” “ အလိမ္မာစာမှာရှိ “ ဆိုတဲ့ ဘာဘာညာညာဆောင်ပုဒ်တွေနဲ့ ဖမ်းစားထားတဲ့ တစ်ခေတ်လဲရှိခဲ့ကြတာကိုး။
အဲ့တော့ စာဖတ်သူကို အမျိုးအစားပိုင်းခြားကြည့်ရင် အပျင်းပြေ ဇာတ်လမ်းဖတ်သူတွေကတော့ ရသသမားအဖွဲ့၀င်တွေပေါ့။ အတွေးအမြင်အသိတွေရချင်လို့ ဖတ်သူတွေကတော့ သုတပညာရှာမှီးသူပေါ့။ နောက်တစ်ဖွဲ့ကတော့ စက်ပြင်တာ လျှပ်စစ်ဆင်တာ မီးပြင်တာ စက်ချုပ်တာ မုန့်လုပ်တာတွေဆိုတာတွေကိုဘဲရွေးဖတ်တဲ့ လူတွေကတော့ အတတ်ပညာသက်သက် လက်တွေ့သမားတွေပေါ့။ အဲ့ဒီအထဲမှာ အတွေးအမြင်အသိတွေကို ရချင်တဲ့ စာဖတ်သူတွေထဲမှာတောင် အတွေးအမြင်သက်သက်ဘဲရေးသူနဲ့ ရသတွဲထားတဲ့စာဆိုပြီး ကွဲပြားလို့သွားပါသေးတယ်။ အချို့သော ပြီးစလွယ်ရေးတဲ့ အတွေးအမြင်စာတွေကို ဖဘစာမျက်နှာတွေပေါ် အတွေ့များလာတဲ့အခါမှာ “တစ်ရာဘိုး သုံးပုဒ်”ဆိုပြီး နာမည်အတတ်ခံရတော့တာပေါ့။
အတွေးအမြင်သက်သက်သာ ရေးတဲ့ စာတွေကို တရှိုက်မက်မက် ကြိုက်သူရှိပေမယ့်လည်း
ဆရာကြီးလုပ်တဲ့စာတွေဆိုပြီး အငေါ်တူးသူလဲရှိပြန်ပါလေရော။
ရသနွယ်တဲ့ဇာတ်ကြောင်းလေးရေးရင်း အတွေးအမြင်လေးတွေကို ပါးပါးလေးထည့်သွင်းရေးတတ်သူများကိုတော့
“ ခင်ဗျား ဥာဏ်ကောင်းလွန်းတယ်“လို့ ဆိုချင်မိပါတယ်။
အခုလည်းကျွန်တော်တစ်ယောက် “ ဥာဏ်ကောင်းလွန်းတဲ့“စာရေးသူတစ်ယောက်နဲ့ဆုံလိုက်ရပါတယ်။
“ကျွန်မဘ၀မှာ ယောက်ျားနှစ်ယောက်ရှိတယ်။
တစ်ယောက်က အချစ်ရဆုံးယောက်ျား
နောက်တစ်ယောက်က အယုံကြည်ရဆုံးယောက်ျား”ဆိုတဲ့ စာလေးကိုအရင်ဖတ်မိတော့
ဘာလဲဟ ဆိုပြီးမျက်ခုံးပင့်မိပါတယ်။
စာရေးသူ က “ခေတ်ရှေးညို” အမည်ရပြီး ၀တ္တုထဲကဇာတ်ကောင်ကလဲ “ခေတ်ရှေးညို” ဘဲ ဆိုတော့ သူ့အကြောင်းကို သူပြန်ပြောတယ်လို့ မှတ်ရတော့တာပေါ့။
သူက အင်မတန်ထက်မြက်တိကျပြီး ခေတ်အတွေး ခေတ်အမြင်ရှိသူ အရာရာကို ဦးဆောင်လွမ်းမိုးချင်သူ အိမ်ထောင်ရှင်မ။
သူ့ရဲ့အိမ်ထောင်ဖက်ကတော့ ” ကြည်သာမောင်“လို့ အမည်ရတဲ့ ရုပ်သံလွှင့်တဲ့ အလုပ်က သတင်းကြေညာသူ ဖြစ်ပြီး ရုပ်ရည်ချောမောတဲ့အတွက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။
သူမက သူ့ယောက်ျားကို ”မောင် “လို့ခေါပြီး နေ့စဉ်နေမှုထိုင်မှု ဘဝတွေအလုပ်ကိစ္စတွေမှန်သမျှကို သူမကသာဦးဆောင်ပြီးနေတာတွေကို စီကာပတ်ကုံးရေးပြတာကို ဖတ်မိတဲ့အခါ
” အောင်မြင်သူယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ ဇနီးမယားရှိတယ်“ဆိုတာကိုဖျပ်ကနဲသတိရပြီး ဖတ်ရင်းပြုံးမိပါသေးတယ်။
သူတို့မှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ ဒီသားလေးကိုလည်း မေမေခေတ်ရှေးညိုက ခေတ်မီတဲ့ အတွေးအမြင်တွေရှိတဲ့ ကလေးတစ်ယောက်ဖြစ်လာအောင်၊
ဘောင်ပိတ်တဲ့ ရှေးဟောင်းအတွေးအခေါ်တွေကို ခေါင်းထဲရောက်မနေအောင်၊ ပြုစုပျိုးထောင်ပေးနေပါတယ်။
အချိန်ရှိသ၍ အတွေးအခေါ်အသစ်တွေကို နေ့စဉ်ရိုက်သွင်းပေးနေပါတယ်။
မေမေခေတ်ရှေးညိုကတော့ NGO အဆင့်မြင့်၀န်ထမ်းဖြစ်မယ်လို့ ယူဆရပါတယ်။
သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ “ မင်းချမ်းရှိန်“ရဲ့ ဦးဆောင်မှုအောက်မှာ အခြား၀န်ထမ်းတွေနဲ့အတူဆောင်ရွက်နေကြပါတယ်။ ချင်းပြည်နယ်လိုဖွံ့ဖြိုးတိုးတက်မှု နည်းပါးတဲ့ ဒေသက ကလေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ အဖွဲ့လေးပေါ့။ သူတို့ ချင်းပြည်နယ်ကိုရောက်တဲ့ အခါ ချင်းပြည်နယ်ရဲ့ သာယာလှပပုံတွေ၊ ချင်းပြည်နယ်ရဲ့ သင်္ကေတဖြစ်တဲ့အောက်ချင်းငှက် နဲ့ တောင်ဇလပ်ပန်းတို့ရဲ့ အကြောင်းတွေ၊ ချင်းပြည်နယ်သားတွေရဲ့ ရိုးရာဓလေ့တွေ။ ကမ္ဘာပေါ်မှာရှားပါးတဲ့ အရာတစ်ခုဖြစ်တဲ့ အသဲပုံ ရိဒ်ရေကန်ရဲ့အကြောင်းတွေကို လှပစွာဖွဲ့နွဲ့ထားတာကိုဖတ်လိုက်ရတာ စိတ်ကျေနပ်စရာ။ ခေတ်ရှေးညိုနဲ့ မင်းချမ်းတို့ရဲ့ ငယ်သူငယ်ချင်းဘ၀က ဗာဒံသီးအဆန်လေးတွေထုစားကြတာကိုဖတ်ရတဲ့အခါ ကျွန်တော်တို့ ကိုယ်တိုင် တမက်တမောစားခဲ့ကြရတာကိုသတိရပြီးငယ်ဘ၀ကိုတောင်လွမ်းမိသွားပါတယ်။ ဒီဗာဒံသီးကို စာနဲ့ရေးရင်သာ အခုလိုရေးပေမယ့် ကျွန်တော်တို့အားလုံးပါးစပ်ဖျားမှာကတော့ ဗန်ဒါသီးလို့ ဘဲ အခေါ်များပါတယ်။
အင်မတန်မှဆိမ့်ပြီး အရသာရှိလှတဲ့ ဒီအဆံလေးကို ငယ်ဘ၀က အရမ်းကြိုက်ခဲ့ရတဲ့ အကြောင်းတစ်ခုကတော့ ၀ယ်စားစရာမလိုဘဲ အပင်အောက်မှာသွားကောက်ပြီး အုတ်ခဲနဲ့ထုစားလို့ရတာကြောင့်လဲဖြစ်မယ်ထင်ရဲ့။ ခေတ်ရှေးညိုရဲ့ ငယ်သူငယ်ချင်းမင်းချမ်းကလည်း အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး သူဇနီးလေးအမည်က စံပယ်အေးဖြစ်ပြီး ထက်အာကာဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။
ခေတ်ရှေးညိုနဲ့ ကြည်သာမောင်တို့ရဲ့သားလေးဖြစ်သူ မင်းသုတကတော့ ထက်အာကာထက် နည်းနည်းလေးကြီးပါတယ်။ ခေတ်ရှေးညိုနဲ့ မင်းချမ်းရှိန်တို့က ငယ်ဘဝလေးကတည်းကအတူရှိနေသူအိမ်နီးချင်း အတွင်းသိအစင်းသိ။
မင်းချမ်းရှိန်ကတော့ ငယ်စဉ်ကတည်းက အဖမဲ့တဲ့ ခေတ်ရှေးညိုရဲ့ ရင်ဖွင့်စရာ ပုခုံးတစ်ဖက်အငှားခံထားရတဲ့ ယုံကြည်ရသူ သူငယ်ချင်းလေးပေါ့။
ကြည်သာမောင်ကတော့ ခေတ်ရှေးညိုရဲ့တက္ကသိုလ်ကျောင်းသူဘ၀ကတည်းက ချစ်ခဲ့ရသူမောင်ပေါ့။
မောင် မင်းချမ်း ခေတ်ရှေးညိုတို့ရဲ့ လွမ်းမောစရာ ဘဝတွေကိုပြောပြနေတာကိုဖတ်ရတာ အင်မတန်မှကိုအရသာရှိလှပါတယ်။
ဒီဇာတ်ကြောင်းကို စိတ်၀င်စားစွာဖတ်နေရင်းက ကြားညှပ်ပြီး ပါးပါးလေး ထည့်ထားတဲ့
အသက်(၁၈)နှစ်အောက် ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုအကြောင်း၊
အရွယ်မရောက်သေးသောမိန်းကလေးများ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အကြောင်း၊
မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာအသက်မပြည့်ဘဲ အိမ်ထောင်ချပေးခြင်းခံရတဲ့ မိန်းကလေး ယောက်ျားလေးတွေရဲ့အကြောင်း၊ မိမိမွေးထားတဲ့သားသမီးလေးတွေကို ခေတ်မီမီ အတွေးရင့်ရင့်တွေကို မသိမသာသင်ကြားပေးသင့်တဲ့အကြောင်းတွေကိုလဲ ဖတ်မှန်းမသိဖတ်မိသလို ခေါင်းထဲကို ရောက်မှန်းမသိရောက်အောင် သွင်းသွားတာခံလိုက်ရပါတယ်။
ချစ်ရသူမောင်နဲ့ ယုံကြည့်ရသူ မင်းချမ်းတို့ ကို ဇာတ်ကောင်ပြုပြီး ရေးထားခဲ့တဲ့
ခေတ်ရှေးညိုရဲ့ တိမ်ပြိုပင်လယ်ကတော့ ဖတ်ကောင်းရုံမျှမကဘဲ ဖတ်သင့်တဲ့စာအုပ်တစ်အုပ်လို့ ယုံကြည်မိပါတယ်။
သေချာတာကတော့ ကျွန်တော်မဖတ်ရသေးတဲ့ “ ဆာယာရုပ်ကြွင်း”ကို အွန်လိုင်းကနေမှာရတော့မယ်ဆိုတာပါဘဲ။
ကိုပေါက်(မန္တလေး)
1522