“သံသရာ ဘဝအဆက်ဆက်
သူ၏လောင်မြိုက်ခြင်းကို ဖန်တီးရတဲ့သူ ဖြစ်ပါစေ။
အမုန်းတရားတွေ ရှည်ကြာပြီး
ကျွန်တော်မျိုးမရှေ့ ဒူးထောက်ရတဲ့သူ၊
ကျွန်တော်မျိုးမထက် နိမ့်ကျတဲ့သူ ဖြစ်ပါစေ။” ဆိုတဲ့ အမုန်းကျိန်စာတစ်ခုကြောင့် ဘဝအဆက်ဆက် ကျိန်စာဝဋ်ကြွေးတွေကို ခံစားနေရတဲ့ လူ ၃ ဦး ...
📚 ခုတလောက သမိုင်းစာအုပ်တွေနဲ့ ပုဂံဘုရားသမိုင်းစာအုပ်တွေ ဖတ်ဖြစ်နေလေတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီစာအုပ်လေး Pre order တက်လာချိန်မှာ မှာဖြစ်ခဲ့လိုက်တယ်ပေါ့။ ကြိုတင်အမှာ ၁၀၀ ထဲပါတော့ ဆရာမလက်မှတ်ပါတဲ့ ပုဂံပို့စကတ်လေးတောင် ရလိုက်သေးတယ်။ စာရေးဆရာမ နာမည်က အဲဒီကျမှပဲ ကြားဖူးတယ်။ နောက်တော့မှ သိလိုက်ရတာက ဆရာမ မေ (ပညာရေး) ရဲ့ ကလောင်ခွဲတစ်ခု ဖြစ်နေတာရယ်။
📰 အဲ့တော့ ဆရာမလက်ရာကို ပထမဆုံး စဖတ်ဖူးတာပေါ့။ အရေးအသားက ဆွဲဆောင်မှုရှိတယ်၊ အကြောင်းအရာတွေက ငြီးငွေ့မသွားစေဘဲ ရှေ့ဆက်ဖတ်နိုင်အောင် ခေါ်သွားနိုင်တဲ့ အရေးအသားမျိုးလို့ ယူဆလို့ရတယ်။ နောက်ထပ် ဆရာမရဲ့စာတွေ ဆက်ဖတ်ဖြစ်ဖို့ သေချာသွားတယ်။
🗞 ရွှေဂူကြီးနဲ့ အလောင်းစည်သူမင်းကြီး (စာ - ၃၂)၊ ဓမ္မရံကြီးနဲ့ နရသူမင်း (စာ - ၇၀)၊ မင်္ဂလာစေတီနဲ့ နရသီဟပတေ့မင်း (စာ - ၈၀) အကြောင်းတွေ ပြောပြထားတယ်။ ဒီစာအုပ်မဖတ်ခင် တစ်အုပ်ကျော်မှာ ဆရာကြီး ပါရဂူရဲ့ “ပုဂံခရီးသည်” စာအုပ် ဖတ်ပြီးထားတော့ အကြောင်းအရာတွေ ပူပူနွေးနွေး ဖြစ်နေသေးတော့ မှတ်မိနေသေးပြီး ဖတ်ရတာ ပိုအဆင်ပြေနေတယ်ရယ်။
📖 ဇာတ်လမ်းမှာက လင်းလင်းထွန်းနဲ့ ရသဆိုတဲ့ သူငယ်ချင်းနှစ်ဦးက မိုးမခဂေဟာမှာ ကြီးပြင်းလာခဲ့တယ်။ နောက်တော့ လင်းလင်းထွန်း ၁၀ နှစ်အရွယ်မှာ မွေးစားမယ့်သူ ပေါ်လာတာကြောင့် ရန်ကုန်ကို ပြောင်းရွှေ့သွားပေမဲ့ မကြာမကြာ မိုးမခကို ပြန်လာလည်လေ့ရှိပါတယ်။ သူတို့ ကြီးပြင်းလာချိန်မှာ တည်ထောင်သူ မေမေကြီး၊ မေမေလေးတို့နဲ့အတူ ဂေဟာက ကလေးတွေကို စောင့်ရှောက်ပေးပြီး ဂေဟာ အလုပ်တွေ လုပ်ပေးကြတယ်ပေါ့။
📚 လင်းလင်းထွန်းနဲ့ လက်ထပ်မယ့် သူ့ရဲ့ချစ်သူက "မှိုင်းဝေ" ကိုယ်ကတော့ သူ့ကို သဘောမကျဘူး။ ချစ်တယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ကောင်မလေးအပေါ် ချုပ်ချယ်လွန်းပြီး အနိုင်ကျင့်လွန်းတယ်။ လက်တောင်မထပ်ရသေးဘူး ဘယ်လိုနေ ဘယ်လိုထိုင်နဲ့။ လက်ထပ်ပြီးရင် ဘာမလုပ်ရတော့ဘူးနဲ့ အရမ်းအတ္တကြီးလွန်းတယ် မြင်တယ်။
📰 ပန်းချီဆရာမလေး “လင်းလင်းထွန်း” ဟာ သူအသက် ၃၀ ပြည့်တဲ့ညကစပြီး သူဟာ ရက်ပေါင်း ၃၀ ထူးဆန်းခြောက်ခြားဖွယ်ရာ အိပ်မက်တစ်ခုတည်းကိုပဲ မက်ခဲ့တယ်။ အိပ်မက်နိုးလာတိုင်းလည်း မွန်းကြပ်ပြီး မောဟိုက်နေတယ်။
📖 ဒီအကြောင်းကို ဂေဟာက အမေကြီးကို ပြောပြတော့ မွေးကင်းစအရွယ် သူ့ကို ပစ်ထားခဲ့စဉ်က ခြင်းတောင်းထဲမှာ အတူပါလာတဲ့ လက်ပတ်ကလေးကို အသက် ၃၀ ပြည့်တဲ့အချိန်မှာ ပေးဖို့ စာလေးတစ်စောင်ရှိကြောင်း ပြောပြပြီး အမေကြီးက အလယ်မှာ ကျောက်စိမ်းရောင် အလုံးလေး တစ်လုံးပါတဲ့ လက်ပတ်ကြိုးအပျော့လေးကို ထုတ်ပေးခဲ့တယ်ပေါ့။
📩 အိပ်မက်ထဲက အကြောင်းအရာတွေနဲ့ သူဟာ ဘယ်လိုပတ်သက်ဆက်စပ်နေသလဲဆိုတာ အဖြေရှာဖို့အတွက် လင်းလင်းထွန်းဟာ ပုဂံကို တစ်ယောက်တည်း ခရီးထွက်လာခဲ့တယ်။ သူ့ရဲ့ လက်ပတ်လေးကို မြင်တဲ့ရတဲ့ ပုဂံက လူတချို့က ထူးဆန်းဖွယ်ရာ အပြုအမူတွေ အပြောအဆိုတွေကြောင့် သူဟာ နောက်ထပ် ပဟေဠိတွေ ပေါ်လာရပြန်ပါတယ်။
📚 ပုဂံရောက်ချိန်မှာ ပန်းချီဆွဲရင်း လယ်ကွင်းထဲမှာ လယ်ထွန်နေတဲ့ ၁၅ နှစ်အရွယ် ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ရင်းက သူသွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးဖို့ ပြောရင်းနဲ့ ကောင်လေးနဲ့ ခင်မင်ပြီး သံယောဇဉ်တွယ်သွားခဲ့တယ်။
🗞 နောက်ပိုင်းမှာ ဒီ “ကောင်လေး” ကြောင့်ပဲ သူလိုက်ရှာနေတဲ့ ကျိန်စာရဲ့ အဖြေကို ရှာတွေ့ခဲ့တယ်။ ကောင်လေးနဲ့ ကျိန်စာဟာဘယ်လို ဆက်စပ်ပတ်သက်နေသလဲ?
ဒီကျိန်စာတွေဟာ ဘယ်နှဘဝတွေအထိ ဆက်ပြီးရှိနေဦးမှာလဲ?
မပြယ်နိုင်တဲ့ သံသရာအဆက်ဆက်က အမုန်းကျိန်စာတွေကြောင့် ဘယ်သူတွေ ထပ်ပြီး ထိခိုက်နေဦးမှာလဲ?
သူတို့တွေ ဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်အပျက်တွေနဲ့ပဲ ဇာတ်သိမ်းခဲ့ရတာလား။
လောကရဲ့ အဝေး ...
ကျိန်စာရဲ့ အဝေး …
အားလုံးရဲ့ အဝေး ...
=========================
📩 ဒီစာအုပ်ထဲမှာ နောက်ထပ်တွေ့မိတာ တစ်ခုက စာအုပ်တွေနဲ့ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း တော်တော်ကြီး highlight လုပ်ပြထားတာကို မြင်ရတယ်။
✔️ ဂေဟာမှာ ကလေးတွေ စာဖတ်အောင် စာကြည့်တိုက်ကြီး ထားပေးထားတာ၊ စာဖတ်ဝိုင်းတွေ လုပ်ပေးတာ
✔️ လင်းလင်းထွန်းနဲ့အတူ ကြီးပြင်းလာတဲ့ ရသက စာဖတ်တာကို ဝါသနာပါတာ
✔️ ဂေဟာပိုင်ရှင် မေမေလေးက ကိုယ်တိုင်စာမတတ်ပေမဲ့ ကလေးတွေကို ပညာလည်း အားပေးပြီး စာဖတ်ဖို့လည်း တိုက်တွန်းတာ
✔️ လင်းလင်းထွန်းကလည်း ဂေဟာလေးကို ရောက်လာတိုင်း စာကြည့်တိုက်အတွက် ဆာလာအိတ်နဲ့ စာအုပ်တွေ ယူယူလာတတ်တာ
✔️ လင်းလင်းထွန်းက ပုဂံမှာ ကောင်လေးကို စာဖတ်ဖို့ တိုက်တွန်းရင်း ကောင်လေးဆီ စာတိုက်ကနေ စာအုပ်တွေ ပို့ပေးတတ်တာ
✔️ အရှေ့သီရိရွာလေးမှာ ပြည်သူ့ဂုဏ်ရည်ဆုရ ဆရာမလေးက ရွာမှာ စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးတာ
✔️ လူငယ်တွေ စာဖတ်မြှင့်တင်မှု အရှိန်အဟုန် တိုးမြင့်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ ပရောဂျက် ဆုရတာတွေ
စသည်အားဖြင့် စာဖတ်ဖို့အကြောင်းကို တော်တော် ရေးပြထားတာတွေ့ရတယ်။ နောက်ဆုံးကျမှ ဆရာမရဲ့ bio မှာ သိလိုက်ရတာက ဆရာမကိုယ်တိုင်ကိုက education consultant တစ်ယောက်ဖြစ်ပြီး ကလေးတွေ စာဖတ်စွမ်းရည်တိုးတက်မှု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူဆိုတာ သိလိုက်ရတယ်။
📩 အကျင့်ယုတ်တာ ယောက်ျား မိန်းမနဲ့မဆိုင်ဘူး။ လူနဲ့ပဲဆိုင်တယ်။ ယောက်ျားဖြစ်ပြီး အကျင့်မယုတ်နဲ့ ဆိုတဲ့စကားကို မကြိုက်ဘူး။ အကျင့်ယုတ်တဲ့ ယောက်ျားတွေ တစ်ပုံကြီးရှိတယ်။ လူရယ်လို့ ဖြစ်လာရင် ကောင်းခြင်းဆိုးခြင်းက လူတစ်ဦးတစ်ယောက်တည်း အပေါ်မှာပဲ မူတည်တယ်။ ယောက်ျားဖြစ်နေလို့ မိန်းမဖြစ်နေလို့ဆိုတဲ့ မတူညီတဲ့လိင်ပေါ်မှာ မသက်ရောက်ဘူး။ (စာ ၁၈)
📖 မြတ်စွာဘုရားရှင် လက်ထက်တုန်းက မြတ်စွာဘုရားရှင်က တန့်ကြည်တောင်ပေါ်ကနေ အခု ပုဂံပြည် ဖြစ်လာမယ့် နေရာကို လက်ညှိုးထိုးပြီး ဒီနေရာမှာ ပေါက္ကံပြည်လို့ခေါ်တဲ့ ပုဂံပြည်ဖြစ်လာမယ်လို့ ဗျာဒိတ်တော် ပေးခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားရှင် နေပူမှာစိုးလို့ဆိုပြီး တောင်စောင့်ဘီလူးက အင်ရွက် သုံးရွက်နဲ့ ကာပေးတယ်။ အဲဒီကုသိုလ်တော်ကြောင့် တောင်စောင့်ဘီလူးက ပုဂံပြည်မှာ မင်းသုံးကြိမ် ဖြစ်လိမ့်မယ်လို့ ဘုရားရှင်က မိန့်ကြားခဲ့ပြန်တယ်။ အဲဒီမင်းသုံးပါးက စလေငခွေးမင်း (စာ ၁၀၁)၊ နရသူ (စာ ၇၀) နဲ့ နရသီဟပတေ့ (စာ ၈၀) ဆိုပြီး ဖြစ်လာကြတာ။ (စာ ၆၉)
ထု ဓမ္မရံ၊ ဉာဏ် သဗ္ဗညု၊ အနု အာနန္ဒာ
အနုပညာလက်ရာအမြောက်ဆုံး အာနန္ဒာဘုရားကို ကျန်စစ်သားမင်းက တည်ခဲ့တာ။
ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုကို အလောင်းစည်သူမင်းကြီး တည်ခဲ့တာ။
ထုထည်အကြီးမားဆုံး ဓမ္မရံကြီးကို နရသူမင်း တည်ခဲ့တာ။ (စာ ၇၄)
အင်းဘုရားကြီးအကြောင်း (စာ ၁၆၄)
😇😇😇
📖 စာအုပ်အမည် - နရသူ
👩🏻‍💻 စာရေးသူ - ခေတ်ရှေးညို
👨🏻‍🎨 မျက်နှာဖုံးဒီဇိုင်း - ဈာန်ရဲထွဋ်
🖨 ထုတ်ဝေမှု - ပန်းဆက်လမ်း၊ ပထမအကြိမ်၊ နိုဝင်ဘာလ ၂၀၂၂
📄 စာမျက်နှာ - ၂၈၇
💵 တန်ဖိုး - ၇၀၀၀ ကျပ်
📰🗞📰🗞📰🗞📰
#နရသူ
#ခေတ်ရှေးညို