#နှင်းဆီခြေသံ
အတိတ်များသည် အရိပ်ပမာ
အားလုံး၏နောက်မှာ ကပ်၍လိုက်ပါနေဆဲ...
လောလောဆယ်မှာတော့
ခြေသံလေးပဲ နားစွင့်ခဲ့ရပြန်ပြီပေါ့...
ချစ်သောနှင်းဆီ...
အတိတ်...လူတိုင်းမှာ အတိတ်ဆိုတာတော့ ရှိစမြဲပါပဲ။ မေ့ထားလိုက်တဲ့ အတိတ်တွေနဲ့ ရှင်သန်နေသရွေ့ မေ့လို့ရမယ့်အတိတ်တွေဟာ
ကပ်ပါနေမှာအသေအချာပါပဲ။ ဒီထဲကမှ
တက္ကသိုလ် ဆိုတဲ့စကားလုံးလေးကို ကြားလိုက်တိုင်း ပျော်ရွှင်မှု ၊လွတ်လပ်မှု၊ငယ်ရွယ်နုပျိုမှု စတဲ့
အရိပ်ကလေးတွေဟာ ပြန်တွေးလိုက်တိုင်း
နွေးမြနေမယ့် အတိတ်ကလေးဖြစ်မယ်ဆိုတာ
ငြင်းနိုင်မှာမဟုတ်ပါဘူး။
မိဘအုပ်ထိန်းမှုနဲ့ ဆရာတွေရဲ့ထိန်းချုပ်မှုအောက်မှာ စာမှစာ ဖြစ်ခဲ့ရတဲ့ အထက်တန်းကျောင်းသားဘဝ ကုန်လွန်ပြီး လွတ်လပ်မှုဆိုတာကို စတင်ခံစားရမယ့် တက္ကသိုလ်ဆိုတာ ငယ်ရွယ်မှုတွေနဲ့အတူ လက်ဆတ်တဲ့ ခံစားချက် တွေနဲ့ ရောင်စုံ ပန်းကလေးတွေ အပြိုင်အဆိုင်ဖူးပွင့်ရာနေရာမဟုတ်လား။ " တကယ်တမ်းက တက္ကသိုလ် ဆိုသည်မှာ
မိဘအရိပ်အောက်မှထွက်လာကာ ကိုယ့်စိတ်နှင့်ကိုယ် ဘယ်လောက်ပဲ လွတ်လပ်သည်ဆိုဆို
ကိုယ့်လွတ်လပ်မှုကို ကိုယ်ထိန်းကာ ကိုယ်ပိုင်အသိတရား မွေးယူရမည့်နေရာပေပဲ။ "
ဒီစာအုပ်လေးကို ဆရာမက မေ၊မိုး၊မော် ၊ ခမ်း
ဆိုတဲ့ အမျိုးသမီးဇာတ်ကောင်လေးဦးနဲ့ ရန်ကုန်တက္ကသိုလ်ကို ကျောရိုးပြုပြီး ရေးထားတာပါ။
မတူညီတဲ့ ဒေသအသီးသီးကနေ ရောက်ရှိလာ
ပေမယ့် အဖြူထည်စိတ်ထားလေးတွေအရင်းခံတဲ့
ဒီအရွယ်မှာ လူတစ်ကိုယ်စိတ်တစ်မျိုးဆိုပေမယ့်လည်း နှင်းဆီရဲ့ အရိပ်အောက်မှာ တစ်ယောက်
နဲ့တစ်ယောက် နွေးထွေးမှု၊ကြင်နာမှု၊စာနာမှု၊ကူညီဖေးမမှုတွေနဲ့ အပြန်အလှန် နားလည်မှုတွေနဲ့အတူ
တက္ကသိုလ် ရဲ့ အရသာကို တဖြည်းဖြည်းပေါ်လွင်အောင်ဆွဲခေါ်သွားပါတယ်။
အစပိုင်းမှာတော့ တက္ကသိုလ် ကျောင်းသူဘဝရဲ့
လွတ်လပ်ပျော်ရွှင်မှုတွေကိုဖတ်ရတာ ပြန်လွမ်းရလောက်ပါရဲ့။ အဆောင်မှာ စုပြီးလေပေါကြတာ၊
လက်ဖက်သုပ်စားကြတာ၊ အဆောင်ရှေ့မှာ
ဂစ်တာလာတီးတဲ့အခါ အခန်းအပြင်လေးကို
ထွက်ပြီး နားထောင်ကြတာ စတဲ့စတဲ့ အဆောင်
ကျောင်းသူဘဝကို ပီပီပြင်ပြင်ရေးဖွဲ့ထားတာ
တကယ်ကို လွမ်းမောရလောက်အောင်ပါပဲ။
အဓိပတိလမ်းမဟာ ချန်ထားလို့မရသလို
ဂျပ်ဆင်တို့ အင်းလျားတို့က မပါမဖြစ်ပေါ့ ။
နှင်းဆီအတိတ်သည် ပြန်တွေးကြည့်လျှင်အစပိုင်းမှာတော့ နွေးနွေးဖတ်ဖတ် နုနုငြိမ့်ငြိမ့် ရှိသလောက်
အလယ်လောက်မှာ ရင်တဖိုဖို နှင့်လှိုက်ခုန်မောစရာ
မတည်မြဲတဲ့ လောကကြီးမှာ နှင်းဆီသူတို့ရဲ့
ငယ်ရွယ် ပျော်ရွှင်ခြင်းတွေဟာလည်း မတည်မြဲခဲ့ပါဘူး။ ၁၉၈၈ နှစ်ဆန်းပိုင်းလောက်ကစပြီး
မတည်ငြိမ်မှုတွေနဲ့ ကျောင်းဖွင့်ချိန်ဟာ ဘယ်တော့မှန်းမသိရတော့တဲ့အချိန်တွေနဲ့အတူ
ငယ်ရွယ်ခြင်းတွေကိုပါ ယူဆောင်သွားခဲ့ပြီမဟုတ်လား။ ကျောင်းပြန်ဖွင့်ချိန်မှာ ကျောင်းခန်းထဲကို
မလာနိုင်တော့တဲ့သူတွေအတွက်လည်း
ဂျပ်ဆင်ထိပ်က လရိပ်ပြာ သီချင်းက ဆွေးမြေ့စေမှာပါ။
အတူတကွဆုံစည်းခဲ့တဲ့အချိန်တွေရှိရင်
ခွဲခွာရမယ့် အချိန်ဆိုတာလည်း မလွဲမသွေရောက်လာမှာပါပဲ။ တချို့က ပညာတစ်ပိုင်းတစ်စနဲ့
ဘဝထဲကို စောစီးစွာ ဝင်ရောက်ခဲ့သူတွေလည်း
ရှိခဲ့ပါပြီ။ ကျောင်းသူဘဝနဲ့ လက်တွေ့ဘဝရဲ့
ကွာခြားပုံ၊ အခက်အခဲတွေ ရင်ဆိုင်ရပုံ စတာတွေကို ကိုယ်တိုင်ဖတ်ကြည့်တဲ့အခါ ပိုပြီး ခံစားမိမှာ
ဖြစ်လို့ ဒီစာအုပ် လေးကိုဖတ်ကြည့်ဖို့ တိုက်တွန်း
ချင်ပါတယ်။
တက္ကသိုလ် နောက်ခံ ဝတ္ထုကိုမှ
ငယ်ရွယ်မှုရဲ့ ခံစားချက်၊ မိဘမေတ္တာ ၊ သူငယ်ချင်း သံယောဇဥ်၊မေတ္တာ ပါတဲ့ချစ်ခြင်း၊ အိမ်ထောင်ရေး အမြင် စတာတွေကို ဆရာမက လှလှပပလေး
ရေးဖွဲ့ သွားပါတယ်။ အချိန်တွေ ဘယ်လောက်ကြာပါစေ။ တက္ကသိုလ် အကြောင်း ပြောကြတဲ့အခါ
ခံစားချက်တွေက လက်ဆတ်နေမှာ အသေအချာပါပဲ မဟုတ်လား။
အင်းလျားရယ် ××× မရောက်ဖြစ်တာ ×××
နှစ်သိပ်ကြာ ထိုင်ခုံ လေးရဲ့ တစ်ဖက်မှာ
ကိုယ် တစ်ယောက် တည်းပေါ့ ×××
ကျောင်းကြီးရယ် ခွဲရတာ×××ခုထိပါ ရေပြင် အင်းလျားလေးက ×××
ရှိတုန်း ပဲကွာ ×××
လေးစားစွာဖြင့်
#Mon