"အခံရှိမှ အမှန်သိ" ဆိုတဲ့ စကားနဲ့အညီ ကျွန်တော်ကတော့ စာအုပ်စာပေတွေကပေးတဲ့ ဘဝဒဿနသင်ခန်းစာအခံမပါပဲ ရှေ့ဘဝခရီးကို လျှောက်လှမ်းဖို့ အတော်ခက်ခဲလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းကို ဖတ်ညွှန်းအဖြစ် ရွေးချယ်လိုက်ပါတယ်။ ဆရာကြီးရဲ့စာအုပ်ဟာ လူတိုင်းဖတ်သင့်တဲ့ စာအုပ်တစ်အုပ်လို့ ဦးစွာပဏာမ ပြောကြားပါရစေ။ ဘာကြောင့် ဖတ်သင့်လဲဆိုတော့ ဆရာကြီးရဲ့စာအုပ်ဟာ သူ့ဘဝရဲ့ နောက်ခံဖြစ်ရပ်ဇာတ်ကြောင်းကို စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာနဲ့အညီ နောင်လာမဲ့ လူငယ်လက်သစ်တွေအတွက် ဘဝသင်ခန်းစာတွေကို တစ်ပုံတစ်ပင်ကြီးပေးစွမ်းနိုင်တဲ့ စာအုပ်လို့မြင်ပါတယ်။
ခေတ်တွေအဆက်ဆက်ကို ဖြတ်သန်းလာပြီး၊ လောကဓံတရား အကောင်းရော အဆိုးပါ "စုံ" နေအောင် ဖြတ်သန်းခဲ့တဲ့ စာအုပ်ဖြစ်လို့ ကောင်းတဲ့သင်ခန်းတွေကို အတုယူလိုက်မယ်၊ ဆိုးတဲ့အရာတွေဆို ကိုယ့်ရဲ့ဉာဏ်အမြော်မြင်နဲ့ ချင့်ချိန်ပြီး လုပ်သင့်၊ မလုပ်သင့် တွေးတောလို့ ရှေ့ဘဝခရီးကို လျှောက်လှမ်းတဲ့အခါမှာ အသိအမြင်ကောင်း၊ အတွေးကောင်းတွေကို ပေးစွမ်းနိုင်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်လို့လည်း မြင်မိပါတယ်။
"လူအမျိုးမျိုး ဘဝအထွေထွေ" လို့စာအုပ်တွေမှာ မကြာခဏ တွေ့ရ၊ မြင်ရဖူးပါတယ်။ လူတွေအကြောင်းကိုသိချင်ရင် စာအုပ်တွေ (အထူးသဖြင့် ယ္ခုကာလ) များများ ဖတ်ဖို့လိုပါတယ်။ လူအမျိုးမျိုး ဘဝအထွေထွေကို သိမြင်နားလည်နိုင်စေဖို့ အတ္ထုပ္ပတ္တိစာအုပ်ကောင်းတွေ ဖတ်ရှုခြင်းအားဖြင့် ကိုယ့်ရဲ့အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးနိုင်ပါတယ်။ လူတွေအကြောင်း ကောင်းကောင်းသိမှ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေ ပိုအဆင်ပြေမယ်။ အတ္ထုပ္ပတိစာအုပ်ကောင်းတွေကို ဖတ်ရှုခြင်းအားဖြင့် လူတွေနဲ့ အပြောအဆိုပိုင်းမှာ ပိုလို့ချောမွေ့မယ်။
"အပြောမတတ်ရင် ဆဲသလို" ဆိုတဲ့ စကားကို ရှေးလူကြီးတွေ မကြာခဏသုံးတာ ကြားဖူးပါတယ်။ စကားပြောလိမ္မာပါးနပ်စေဖို့ စကားပြောကောင်းတဲ့ စာအုပ်တွေကပဲ အထောက်အကူပြုနိုင်တာ မဟုတ်ပါဘူး။ အတ္ထုပ္ပတ္တိစာအုပ်ကောင်းတွေ ဖတ်ရှုခြင်းအားဖြင့်လည်း လူတွေရဲ့ အပြောအဆို စရိုက်သဘာဝကို သိနိုင်တာကြောငိ့ ယဥ်ကျေးလိမ္မာတဲ့ စကားပြောကောင်းသူတစ်ယောက်ဖြစ်အောင် အတ္ထုပ္ပတ္တိစာအုပ်ကောင်းတွေက ပေးစွမ်းနိုင်ပါတယ်။
သူများထက် (ယဥ်ကျေးလိမ္မာသောနေရာတွင်) ခေါင်းတစ်လုံးပိုသာချင်တဲ့ လူတစ်ယောက်က ကိုယ့်ရဲ့ဘဝကို အဓိပ္ပာယ်ရှိရှိ အတွေးကောင်းတွေနဲ့ဖြတ်သန်းဖို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းက လောကကြီးရဲ့ တစ်ထောင့် တစ်နေရာကနေ လူတွေကို အကျိုးပြုနေတဲ့ စာအုပ်ကောင်းကြီးတစ်အုပ်လို့ သုံးသပ်မိပါတယ်။