ဘာသာပြန်မဟုတ်ပါဘူး။
စာရေးဆရာအိမ်းထက်မွန်က စာအုပ်ပေါင်းများစွာကို အထောက်အထားပြုပြီး ကျမ်းတစ်ခုပြုစုထားတာ။
စာကိုတောက်လျောက်ဖတ်မရဘူး
စာဖတ်လိုက်၊ပြန်ချထားလိုက်၊စဥ်းစားလိုက်၊တော်တော်အလုပ်ပေးတဲ့စာအုပ်ပါ။
ကျွန်တော်တို့ငယ်ငယ်က လမ်းထွက်တာနဲ့ စာအုပ်အငှားဆိုင်ဆိုတာ ခလုပ်တိုက်လောက်တယ်။
ပြီးတော့ လူငယ်ရိပ်သာရှိတယ်။
စာအုပ်ငှားဖတ်လို့ရတယ်၊ချက်စ်ထိုးလို့ရတယ်။
အခုဘယ်မှာလဲစာအုပ်ဆိုင်နဲ့စာကြည့်တိုက်။
တနေ့ကစာအုပ်တအုပ်ဝယ်တာ ငါးသောင်းခွဲ။
ဝတ္ထုတစ်အုပ်စျေးမေးတော့ ခုနှစ်သောင်းနှစ်ထောင်။
အိမ်နားက ကလေးမလေး နေ့တွက်အလုပ်ခက ငါးထောင်။
Maslow ရဲ့ ပိရမစ်မှာ စားဝတ်နေရေးကိုကျော်ပြီး ရုပ်ရှင်ကြည့်ဖို့၊စာဖတ်ဖို့မလုပ်နိုင်ကြဘူးတဲ့။
စာရေးဆရာအိမ်းထက်မွန်က၂၅ခန်းခွဲတင်ပြထားတယ်။
ဒီတင်ပြချက်က အကျယ်ဆွေးနွေးသင့်တဲ့အရာပါ။
စာတအုပ်တခါထုတ်ရင် အုပ်ငါးရာဆိုတာ တိုင်းပြည်လူဦးရေနဲ့ချိန်ထိုးစဥ်းစားသင့်ပါပြီ။
စာကိုတအားခုံမင်သူတွေသာ မရအရ ဖတ်ကြရပေမပေါ့။
ဒါပေမဲ့ဆရာအိမ်းထက်မွန်က စာဖတ်သူအမျိုးအစားကိုအုပ်စုခွဲထားပြန်တော့ရီမိတယ်။
၁။ပုဏ္ဏားမျိုးတွေ။ဒေါ့စ်တိုယက်စကီးမှ၊မူရာကာမိမှ စာရေးဆရာလို့ထင်သူများအုပ်စု
၂။မင်းမျိုးတွေ။မြသန်းတင့်မှ၊ကျော်အောင်မှ လို့ဆိုသူတွေ။
၃။ကုန်သည်မျိုးတွေ။How to စာအုပ်တွေပဲဖတ်သူများဆိုစို့။သူဌေးဖြစ်နည်းနိသျည်းတို့၊ပိုက်ဆံရှာနည်းတို့ဆိုပါတော့လေ။
၄။ဇာတ်နိမ့်တွေပေါ့။အချစ်ဝတ္ထု သရဲဝတ္ထုဖတ်တဲ့သူတွေလေ(အထက်ကပုဏ္ဏားမျိုးတွေက ဟောသည်ဇာတ်နိမ့်တွေကိုနှိမ်ချင်ကြတယ်လေ)
တလောက
အနုပညာလောကထဲကလို့ သူ့ကိုယ်သူပြောနေသူတယောက်ပေါ့။
မင်းသမီးငယ်လေးက ပုညခင်ဝတ္ထုတွေကြိုက်ကြောင်း.အင်တာဗျူးမှာဖြေတာကို အနှီပုဂ္ဂိုလ်က ထောက်ပြပြီး မိုးမိုး(အင်းလျား)တို့ဂျူး တို့မကြိုက်လို့ပြစ်တင်ရေးသားနေပါကရောလား။
တလောက
စာပေအရာနှံစပ်သူလို့ (သူ့ကိုယ်သူပြောနေသူတယောက်က)လက်ဖက်ရည်ဆိုင်ကောက်နုတ်ချက်တွေနဲ့ ဆရာမောင်ပေါ်ထွန်းကိုဝေဖန်ပြန်ပါရောလား။
သည်လိုလူတွေကိုကြည့်ပြီး စာဖတ်ချင်စိတ်ပျောက်သွားနိုင်ပါတယ်။
တခါ Facebookပေါ်က ဂယောင်ဂတန်းစာသမားတွေပေါ့။
ဟိုကသည်ကစာတွေ လျောက်ခိုး၊တကြောင်းစ နှစ်ကြောင်းစနဲ့သာယာပြနေကြသကိုး။
ဒီမှာတင် ဆရာအိမ်းထက်မွန်က ဆန်ခါပျောက်လို့ဆိုပြီးတင်ပြထားတယ်။
မှန်မှန်ကန်ကန်စာပေဝေဖန်ရေးပျောက်ဆုံးသွားတာပေါ့။
ဘုတ်ကျီးမြောက်
ကျီးဘုတ်မြောက်တွေချည်းရှိကြတာကိုး။
သိတ်ကောင်းတာပဲ
ဒါမှ စာပေတန်းဝင်တယ်ဆိုတာမျိုး။
(ရုပ်ရှင်မှာလဲ အလကားကြည့်ပြီးတိုင်းအကယ်ဒမီပေးကြတာ နည်းမှတ်လို့။ရုပ်ရှင်အစည်းအရုံးခမျာ သနားပါတယ်။ရွှေစင်ရုပ်ထု အခုတစ်ရာလောက် လုပ်ရတော့မယ်)
Tsundoku ဆိုတဲ့ဂျပန်စကားဟာ ဝယ်ပြီးပုံထားတာကိုဆိုလိုတယ်။
ကော်ဖီခွက်လေးနဲ့ စာအုပ်လေး ဓါတ်ပုံတွဲရိုက် ၊ဖေစ်ဘုတ်ပေါ်တင်ပြီးရင် အိုကေဆိုတဲ့လူတွေပေါ့။
ဂျာမန်ဒဿနပညာရှင် အဲရစ်ဖရွမ်းက လူနှစ်မျိုးပြတယ်။
၁။စာအုပ်ဘယ်နှအုပ်ရှိတယ်ဆိုတာဂုဏ်ယူချင်တဲ့Having mode
၂။ဖတ်သလောက်သွေးသားထဲရောက်တဲ့ Being mode လို့ဆိုပါတယ်။
တကယ်ကစာဖတ်တယ်ဆိုတာ အသံ ပါပါတယ်။
စာတကယ်ဖတ်သူတိုင်းသိတယ်။
မျက်လုံးက စာလုံးတွေ ကြည့်ရင်း စိတ်ထဲက အသံထွက်တာမျိုးပေါ့။
ဒါကိုသီချင်းနားထောင်ရင်းစာဖတ်တယ်
အော်ဒီယိုဘွခ် Audio bookနဲ့ဖတ်တယ်ဆိုတာ ဖြစ်နိုင်လားလို့ သုံးသပ်ပြထားတယ်။
မူရင်းစာရေးသူရဲ့အာဘော်၊အဖွဲ့အနွဲ့ကို ရနိုင်ပါတော့မလား။
ပြောရရင်တော့ ငါတို့ဘာလို့စာမဖတ်ဖြစ်တော့တာလဲ ကနေ ငါတို့စာဖတ်ကြစို့ ဆီဘယ်လိုသွားကြမလဲ။
ဒါကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသင့်ပြီထင်ပါတယ်။
အခုဆို.ဆွီဒင်က ကျောင်းတွေမှာ ဖုန်း၊တက်ဘလက်၊လက်ပ်တော့ပ် ပေးမသုံးတော့ဘူး။
F patternစာဖတ်နည်းတွေ များလာတာကိုး။
Facebook မှာ လူအများစုက F ပုံစံ အပေါ်တစ်ကြောင်း၊အလယ်တစ်ကြောင်းမပြည့်တပြည့်၊ပြီးရင် ဆွဲချသွားရော၊ဖတ်ပြီးပြီ တဲ့။
Nielson Norman Groupကဖော်ထုတ်ထားတာပါ။
တကယ်တော့ စာတအုပ်ကိုပိတ်ပြီးတဲ့အခါ ရလာမဲ့ပီတိကို သိသွားဖို့က အရေးကြီးတယ်မဟုတ်ပါလား။