ဒီစာအုပ်ထွက်တော့မယ်လို့ကြေညာကတည်းကကျွန်တော်စိတ်ဝင်စားနေတယ်။မြန်မာပြည်မြောက်ပိုင်းကကျောက်စိမ်း၊ရွှေစတဲ့ရတနာတွေအပြင် ကမ္ဘာ့တောရိုင်းလေ့လာရေးပညာရှင်တွေကို ဖြားယောင်းနိုင်တဲ့ အင်မတန်ကြီးကျယ်ပြည့်ဝတဲ့ သဘာဝတောရိုင်းဧရိယာကြီးတည်ရှိနေတဲ့ဒေသကြီးရှိနေတယ်။ကမ္ဘာပေါ်မှာကြံ့မျိုးစိတ်အများဆုံးတွေ့ရတဲ့ဒီဒေသဟာ ဆေးဝါးဓာတ်စာ
ကိုအကြောင်းပြုလို့ အစအနပျောက်ကွယ်သွားလောက်အောင် မျိုးတုံးလာတဲ့ကြံ့ကိုတွေ့ရှိဖို့ကြိုးပမ်းခဲ့ကြတဲ့အတွေ့အကြုံကနေ ရင်ခုန်စရာကောင်းတဲ့ မြန်မာပြည်မြောက်ပိုင်းရဲ့ရှားပါးရတနာတွေအကြောင်းကို ဖတ်လိုက်ရတော့ အရေးအသားကောင်းမွန်တိကျတဲ့နောက်ကျွန်တော့်မှာ ကောက်ကောက်ပါသွားရတယ်။
ဒီစာအုပ်ကိုရေးတဲ့အလန်ဟာ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့( Wildlife Conservation Society-WCS)ဋ္ဌာနချုပ်ရဲ့ အာရှဒေသသိပ္ပံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် ၁၉၉၃မှာမြန်မာနိုင်ငံကိုရောက်ရှိလာပြီး တောရိုင်းတိရစ္ဆာန်နှင့်သားငှက်လေ့လာရေးကို အလွန်တင်းကြပ်တဲ့စစ်အစိုးရလက်ထက်မှာ တားမြစ်နယ်မြေတွေကိုသွားလာလေ့လာခွင့်ရဖို့အတွက် အခက်အခဲများစွာကိုရင်ဆိုင်ပြီး ရနိုင်တဲ့အနေအထားကနေ လေ့လာရရှိခဲ့တယ်။
အလန်ရဲ့ကြိုးစားအားထုတ်မှုနဲ့စေ့စပ်သေချာမှု၊ယုံကြည်ချက်ပြင်းထန်ပြီး မလျှော့သောဝီရိယနဲ့ကြိုးပမ်းဆောင်ရွက်ပုံတွေကို ရင်တထိတ်ထိတ်နဲ့စိုးရိမ်ပူပန်မှုတွေပေါင်းစပ်ခံစားဖတ်ရတယ်။ပညာရှင်တွေစိတ်ဝင်စားမှုမြင့်မားလှတဲ့မြန်မာ့လျှို့ဝှက်အလှအပပဒေသာပင်ကြီးဟာဘယ်
လောက်အတိုင်းအတာအထိယိုယွင်းပျက်စီးကြေမွနေပြီလဲဆိုတာကိုလည်း စုတ်တသပ်သပ်နဲ့ဖတ်ရတယ်။
သဘာဝတောရိုင်းသယံဇာတတွေဟာ လူ့စိတ်ရိုင်းမုန်ယိုသူတွေရဲ့တန်ဖိုးမထားမှုတွေကြောင့် ဝမ်းနည်းကြေကွဲရင်နင့်ဖွယ်ရာပျက်စီးနေတာကို မျက်စိရှေ့အရောက်လာပြသသလိုကွင်းကွင်းကွက်ကွက်ဖတ်လိုက်ရတယ်။မြန်မာ့သဘာဝတန်ဖိုးတွေဟာ နေရာတကာမှာအနိုင်ထက်အကျင့်ခံနေရတယ်။
ဒီစာအုပ်ထဲမှာ တနင်္သာရီတိုင်း၊
မြိတ်ကျွန်းစုဘက်ကကျွန်တော်တို့ဒေသခံတွေက လမ်းပိ(လမ်းပိတ်ကျွန်း)လို့ခေါ်တဲ့အလွန်လှပသော ကျွန်းတန်းရှည်ကြီးရဲ့မြေပေါ်ရေအောက်အဖျက်အဆီးခံနေရပုံကိုလည်း ကျွဲကူးရေပါပြောပြသွားတယ်။
တကယ်ဖိုးရှိတဲ့ရတနာဆိုတာ တန်ဖိုးကိုတကယ်နားလည်သူတွေလက်ထဲမှာသာ တန်ဖိုးတွေတလက်လက်တောက်ပရတာမျိုးဖြစ်ပါတယ်။မြန်မာပြည်မှာနေရာတကာလက်ညှိုးထိုးမလွဲအောင် တန်ဖိုးရှိတဲ့ရတနာတွေရှိနေတယ်။တန်ဖိုးမထားသူတွေကတစ်ပဲခြောက်ပြားနဲ့ရောင်းချဖျက်ဆီး အစဖျောက်ကြတယ်။ကျူပင်ခုတ်ကျူငုတ်မကျန်ဆိုတာ အဲဒီနေရာတွေအတွက် သတ်မှတ်ပေးထားတဲ့စကားလိုပဲ။
စာအုပ်ကစိတ်ဝင်စားစရာကောင်းပြီးဆွဲဆောင်သလို ဖတ်ရတဲ့သူမြန်မာလူမျိုးတွေအတွက် အသည်းနှလုံးကိုထုခွဲစိတ်မွှာနေသလိုခံစားရတယ်။ရင်နာနာနဲ့ရှေ့ကိုတိုးတိုးဖတ်ရတဲ့ ဖတ်ပြီးမောရတဲ့ ဖတ်ဖတ်မောအကြောင်းအရာတွေပါပဲ။နိုင်ငံသူနိုင်ငံသားတိုင်းအတွက်ဖြစ်တဲ့နိုင်ငံ့ရတနာတွေဟာ နိုင်ငံသူနိုင်ငံသားအနည်းငယ်ကြောင့်ပဲ ဆုံးပါးကွယ်ပျောက်နေရလေတယ်။စေတနာထားသူတွေ၊တန်ဖိုးထားသူတွေနေရာမရတဲ့ နိုင်ငံ့ရတနာ
သဘာဝတွေဟာ ကယ်ပါယူပါတစာစာအော်နေသော်လည်း ပါးစပ်ပိတ်ထားသူတွေရဲ့လက်ကိုမဖယ်နိုင်ကြပါဘူး။
ဒီစာအုပ်အတွက် အလန်ကိုရော ဘာသာပြန်ပေးတဲ့ကိုနေ(မန်း)ကိုပါကျေးဇူးတင်ပါတယ်။ဖတ်စရာသုံးပုံတစ်ပုံလောက်ကျန်နေသေးပေမယ့် တစ်ဖြတ်နားတဲ့အချိန်မှာစိတ်ဝင်စားတဲ့ပရိသတ်မြန်မြန်သတင်းရအောင်ဝေမျှပေးလိုက်တာပါ။