Silvana De Mari ရဲ့ THE LAST ELF ကိုနိုင်းနိုင်းစနေက နောက်ဆုံးနတ်သူငယ်အမည်နဲ့ဘာသာပြန်ထားတဲ့စာအုပ်။
ဒီစာအုပ်ဟာ ပုံပြင်စာအုပ်ဖြစ်ပေမယ့် ပုံပြင်ရဲ့
စိတ်ကူးစိတ်သန်းဆန်းကြယ်မှုနဲ့အတူ လူ့သဘော၊လူ့သဘာဝ၊လူ့အရည်အသွေးဆိုင်ရာတွေကို ထည့်သွင်းပုံဖော်ထားတာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတယ်။နောက်ဆုံးနတ်သူငယ်နဲ့နောက်ဆုံးနဂါးတို့ဆုံကြပြီးတဲ့နောက်စကြာ်ဝဠာကမ္ဘာလောကကြီး ပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့ နိမိတ်နဲ့အတူ နောက်ဆုံးနတ်သူငယ်ရဲ့ဖြတ်သန်းစွန့်စားခန်းတွေနဲ့အတူ စိတ်ဝင်စားစရာတွေကို ပုံပြင်ဖတ်သူတွေ နှလုံးမွေ့လျော်ဖွယ်ရာဖြစ်အောင် ရေးဖွဲ့ထားတယ်။ကလေးတွေကိုဖတ်ပြပြီးရှင်းလင်းပြောပြသွန်သင်လို့ရတဲ့ပုံစံမျိုးလည်းဖြစ်တယ်။
စာအုပ်ရေးသားထားပုံက ဝတ္ထုဆန်ဆန်အဖွဲ့တွေ၊လောကအမြင်တွေ၊ဓမ္မနဲ့အဓမ္မတို့ရဲ့ ရှင်းလင်းတဲ့အယူအဆတွေပါဝင်လို့ တွေးတောဆင်ခြင်စရာဖြစ်စေတယ်။သုံးသပ်ပြောဆိုချက်တွေကလည်း စိတ်နှလုံးကို အသိအမြင်ဆင့်ပွားထည့်သွင်းပေးသလိုဖြစ်စေတယ်။
နတ်သူငယ်တို့တိုင်းပြည် တွင်းထဲကိုရေတွေဝင်ရောက်လာတော့ နတ်သူငယ်လေးရဲ့အဘွားက နတ်သူငယ်လေးကို ဒီနေရာကနေလွတ်မြောက်အောင်ထွက်ပြေးဖို့ပြောတယ်။နတ်သူငယ်လေးဟာ လွတ်မြောက်သွားပြီး မိန်းမတစ်ယောက်၊မုဆိုးယောကျ်ားတစ်ယောက်၊ခွေးတစ်ကောင်နဲ့ဆုံတွေ့ကြရာကနေ ထူးခြားဆန်းပြားတဲ့အတွေ့အကြုံတွေပေါ်လာရတော့တယ်။
နိမတ်ဖတ်ချက်အတိုင်း နဂါးရှာပုံတော်ဖွင့်ရင်း နဂါးအိုကြီးတစ်ကောင်နဲ့ဆုံရတယ်။နတ်သူငယ်ကနဂါးအိုကြီးကို စောင့်ရှောက်ဖို့ဂူထဲမှာကျန်နေရစ်ခဲ့ပြီးလူသားနှစ်ယောက်နဲ့ခွေးကတော့ လူ့လောကထဲကိုပြန်သွားကြတယ်။အလွန်ဆိုးဝါးတဲ့အုပ်ချုပ်ရေးမှူးရဲ့အာဏာစက်အောက်မှာ နေရပ်လည်းမီးရှို့ခံရ၊ပိုင်ဆိုင်တာတွေလည်းသိမ်းဆည်းခံရပြီး အသတ်လည်းခံလိုက်ရတယ်။သမီးလေးတစ်ယောက်ကျန်နေရစ်ခဲ့တာကလည်း ကလေးသူငယ်ထိန်းကျောင်းရေးဂေဟာကိုအပို့ခံရပြီး၊နှိပ်စက်ညှင်းပန်းခံရကာ အခိုင်းအစေအဖြစ် မွေးမြူခံလိုက်ရတယ်။
နဂါးအိုကြီးဟာ ဥတစ်လုံးကိုထိန်းသိမ်းရင်း နဂါးကလေးပေါက်လာချိန်မှာ နောက်ဆုံးပျံသန်းမှုနဲ့အတူသေဆုံးသွားခဲ့တယ်။နဂါးပေါက်ကလေးဟာ ဥထဲမှာနေစဥ်ကတည်းက နဂါးအိုကြီးရဲ့ အာရုံနဲ့သင်ကြားလေ့ကျင့်ပေးထားတာတွေ တတ်မြောက်ပြီးစောစောစီးစီးနဂါးလားမြောက်လာခဲ့တယ်။နဂါးကြီးအောင်းနေတဲ့ ဂူကြီးဟာဧရာမစာကြည့်တိုက်ကြီးတစ်ခုဖြစ်ခဲ့ပြီး တိမ်မြုပ်သွားတဲ့နေရာဖြစ်တယ်။နတ်သူငယ်လေးဟာ စာကြည့်တိုက်ထဲက သိန်းချီရှိတဲ့စာအုပ်တွေဖတ်ရင်း ၁၃နှစ်ဆိုတဲ့ကာလကို ဖြတ်သန်းလာခဲ့တယ်။နဂါးလေးမှုတ်တဲ့မီးတွေကြောင့် တန်ဖိုးရှိတဲ့စာအုပ်တွေလည်း မီးလောင်ပြာကျပျက်စီးကုန်ကြတယ်။
နတ်သူငယ်လေးဟာ နိမိတ်တော်အတိုင်း လူသားမိန်းမတစ်ယောက်ကိုလက်ဆက်ဖို့ရှိနေတယ်။သူနဲ့ဆက်ဆံဖူးသူ၊နတ်သူငယ်တွေကို ရန်သူလိုသဘောထားတဲ့ လူသားတွေထဲက ရှားရှားပါးပါးကူညီခဲ့သူ လူသားနှစ်ယောက်ကို ၁၃နှစ်အကြာမှာပြန်လည်ရှာဖွေတော့ အသတ်ခံရပြီးသမီးတစ်ယောက်ကျန်နေရစ်တာကိုသိသွားပြီး၊အဲဒီကလေးမလေးကိုနဂါးနဲ့အတူ ကယ်တင်ဖို့ကြိုးပမ်းတော့တယ်။ကလေးမလေးကိုလည်းကယ်တင်နိုင်ခဲ့တယ်။နောက်ဆုံးနဂါးမျိုးဆက်ကတော့ သေသွားတယ်။
နိမိတ်တော်မှာ ဆိုထားတဲ့အတိုင်း အကုန်ဖြစ်လာခဲ့တယ်။ဒါပေမယ့် နတ်သူငယ်နဲ့လက်ဆက်ရမယ့်လူသားမိန်းမနာမည်မှာ အရုဏ်ဦးပါတယ်လို့ဆိုထားတဲ့ အချက်ကတော့ ကွဲလွဲသွားတယ်။အရုဏ်ဦးနာမည်ပါတဲ့ကလေးမလေးက အာဏာရှင်ရဲ့သမီးဖြစ်နေတယ်။နတ်သူငယ်လေးကသူ့ကိုလုံးဝသဘောမကျဘူး။သူ့ကိုကူညီခဲ့တဲ့လူသားနှစ်ယောက်ရဲ့သမီးကိုပဲသဘောကျ လက်တွဲဖို့ဆုံးဖြတ်လိုက်တယ်။
အဲဒီတော့ နိမိတ်တော်ကသတ်မှတ်ပေးထားတဲ့ကံကြမ္မာဟောကြားချက်ကို နတ်သူငယ်ကဘယ်လိုဆုံးဖြတ်လိုက်သလဲ။
"နင့်ကံကြမ္မာကရော၊နာမည်မှာ မနက်အရုဏ်အလင်းပါတဲ့ မိန်းခလေးကရော "
" ကံကြမ္မာဆိုတာ ကျောက်တုံးပေါ်ထွင်းထားတာမျိုးမဟုတ်ဘူး၊ငါတို့ရဲ့ကံကြမ္မာက ငါတို့ဘာဖြစ်ချင်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်၊ငါတို့ရဲ့ကံကြမ္မာကငါတို့ရဲ့ဘဝပဲ၊တခြားသူရဲ့စိတ်ကူးအိပ်မက် မဖြစ်သင့်ဘူး "
အဲဒီလိုအတွေးအမြင်မျိုးတွေကို ထည့်သွင်းပုံဖော်ထားတာက ဒီစာအုပ်ကို ထူးခြားစေတာလို့ပြောရမယ်။
' စိတ်ကူးအိပ်မက်ကို အားပိုစိုက်မယ်၊ပိုလုပ်မယ်၊မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင် ကိုယ့်မျှော်လင့်ချက်က အကောင်အထည်ပေါ်နိုင်တယ် '
စာအုပ်မှာ အပိုင်းနှစ်ပိုင်းပါတယ်။ပထမပိုင်းကနတ်သူငယ်လေးရဲ့ ဖြတ်သန်းစွန့်စားခန်းတွေဖတ်ရပြီး၊ဒုတိယပိုင်းက ၁၃နှစ်အကြာမှာ ကံကြမ္မာနိမိတ်တော်ကို အကောင်အထည်ဖော်တာတွေဖတ်ရတယ်။စာရေးသူဟာ စိတ်ကူးစိတ်သန်းကောင်းသလို၊တဖွဲ့တနွဲ့လည်းအရေးကောင်းသူလို့ဆိုရမယ်။လူ့စရိုက်အဖွဲ့တွေနဲ့ လူသားတစ်ယောက်ရဲ့ ရှင်သန်ရပ်တည်မှုတန်ဖိုးကိုလည်း တစ်ခါတည်းပါအောင်ရေးဖွဲ့သွားတယ်။
တမူထူးခြားတဲ့နတ်သူငယ် ရော့ရှ်ဟာ ရွှင်မြူးဖွယ်ရာတွေနဲ့ ကိုယ့်အနားကိုရောက်ချလာတာမျိုးခံစားရစေတယ်။