#ဆရာချစ်ဦးညို_မဏိစန္ဒာဥဒါန်း

သိပြီးသား သမိုင်းအကြောင်းအရာလေးကို နောက်ခံထားရေးသားတာဆိုပေမယ့် `ခင်ဦး´ဆိုတဲ့ နာမည်လေးကို တွေ့တိုင်း ခင်ဦးရဲ့ သံမဏိစိတ်ဓာတ် ၊ ခင်ဦးရဲ့ သည်းခံနိုင်စွမ်းတွေကို အံ့ဩရလောက်အောင်
ကိုယ့်ရဲ့ အတွင်းစိတ်ထဲကနေ အရမ်းလေးစားချီးကျူးမိတဲ့ထိ ဖြစ်သွားတယ်...။

အပယ်ရတနာတို့ ၊ သမ္ဘူလတို့ရဲ့ ကျေးဇူးတင်ချီးမွမ်းစကားတွေကိုပါ ပြန်လည်ခံယူရလောက်အောင် အလွန်ကိုသဘောထားကြီးတဲ့ မိန်းမမြတ်တစ်ဦးဖြစ်ပေတယ်လို့ သိရှိရသလို မိဖုရားလေးဦးထဲမှာ ကျန်စစ်သားမင်းကြီးရဲ့ အချစ်ဦးလည်းဖြစ် ၊ `မိဖုရားများလေခြင်းရယ်လို့ အမောင့်ကို ခင်ဦး အပြစ်မမြင်မိပေဘူးလား´လို့ ကျန်စစ်သားမင်းကြီးကိုယ်တိုင်က
ဘုရင်မင်းမြတ်ဆိုတဲ့ ဂုဏ်အရှိန်အဝါကို ခဝါချပြီး ရိုးသားနှိမ့်ချစွာ မေးယူရလောက်အောင် ကျန်စစ်မင်းကြီးရဲ့ အချစ်တွေအများကြီးပိုခဲ့ရသူ ဖြစ်ခဲ့တယ်ဆိုတာလည်း သိရှိရတယ်...။

မိန်းမသားတို့ရဲ့ စိတ်နေစိတ်ထားတွေ ၊
အနာတရပန်းတစ်ပွင့်ရဲ့ `ခံရသူတို့၏ သတ္တိ´ဆိုတဲ့ ရဲရဲတောက် ပြတ်သားနိုင်စွမ်းတွေ ၊ ချစ်သူကို
နာကြည်းပြီး `အမောင်နဲ့ ခင်ဦးတို့ဟာ တစ်ယောက်အတွက် တစ်ယောက် အပြန်အလှန်သေဆုံးသွားကြပြီ´လို့ ဟစ်ကြွေးခဲ့ပေမယ့် တပ်မင်းပြန်လာမယ်ဆိုတဲ့ သတင်းစကားကို ကြားတာနဲ့ အိပ်ပျော်နေတဲ့ နဂါးကြီးတစ်ကောင် လူးလွန့်နိုးထလာသလို ရင်ထဲက နစ်မြုပ်နေတဲ့ သံယောဇဉ်အခိုင်အခံ့ကြီးဟာလည်း လှုပ်ရှားနိုးထလာရစမြဲ.....။

ငါသာ ခင်ဦးနေရာမှာဆိုရင် ဆိုတဲ့စိတ်နဲ့ ဖတ်ရတဲ့အခါ သူခံစားရသလောက် ခံစားရတယ်...၊

သူနာကျင်ရတာထက် ပိုပြီး မချိတင်ကဲ ဖြစ်ရတယ် ...၊

သူပြတ်သားနိုင်သလို ကိုယ်ပါ သတ္တိတွေလည်း ရှိလာတယ်...၊

တကယ့်သမိုင်းအစစ်ထဲမှာ ဒီအရမ်းပြောင်မြောက်တဲ့ စကားလုံးတွေကို
ကာယကံရှင်တွေ တကယ်ပဲ ပြောခဲ့ပါသလား......၊ ဒါမှမဟုတ် ဆရာချစ်ဦးညို ရဲ့ စာပေဖန်တီးမှုတွေပဲလား.....လို့ တွေးယူရပေမယ့် စာဖတ်ရသူ ကိုယ့်အတွက်တော့ ဒီစာအုပ်လေးထဲက ခင်ဦးကြောင့် ဦးနှောက်နဲ့နှလုံးသားမှာ ရင့်ကျက်ခြင်းတရားတွေ ပိုတိုးလာတာတော့ အမှန်ပါပဲ...။

ဒီစာအုပ်လေးဖတ်ရင် အကျိုးရှိမှာ ဧကန်ပါပဲ...၊ မိန်းကလေးတွေအတွက်လည်း ခင်ဦးလို သတ္တိနဲ့ ပြတ်သားနိုင်ရမယ်၊
ယောက်ျားလေးတွေအတွက်လည်း ကျန်စစ်သားမင်းကြီးလို နှလုံးသားအရေးထက် တာဝန်နဲ့ ဝတ္တရားကို ရှေးရှုပြီး ဖြစ်သင့်တာကို ဦးစားပေးရင်း ယောက်ျားကောင်းယောက်ျားမြတ်တစ်ယောက်ဖြစ်အောင် မိမိကိုယ်ကို ဖန်တီးတည်ဆောက်နိုင်ရမယ်။

စာအုပ်ဆိုတာ အတုယူတတ်ရင် ယူစရာချည်းပါပဲ။ ကိုယ်တိုင်ဖတ်ကြည့်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ရှင်။
.
.
.
#အိမ့်