" ညီမလေးရယ် စိုးရိမ်မိတယ်....."
ရန်ကင်းနဲ့ ထီးတန်းတက္ကသိုလ်တွေ မပေါ်သေးတဲ့ ၁၉၅၃-၅၄ ခုနှစ် ရန်ကုန်တက္ကသိုလ်ကို ဆရာ တက္ကသိုလ်ဘုန်းနိုင်က နောက်ခံထား ရေးထားတဲ့ ဝတ္ထုလေးပါ။
ဆရာဘုန်းနိုင်ဟာ " နှစ်ဆယ်ရာစုနှစ်
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လူငယ်အပေါင်းတို့ ခေတ်ဟောင်း အမှောင်စင်ကာ
အမြင်သစ်နှင့် မိမိတို့၏ ကိုယ်ပိုင်ခေတ် ကောင်းကို ပြန်လည်ထူထောင်နိုင်ကြပါစေသတည်း" ဟူသော ရည်ရွယ်ချက်နဲ့ ဒီဝတ္ထုကြီးကို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်တဲ့။ ဆရာ့အနေနဲ့လည်း ဒီဝတ္ထုကြီးကို ရေးမိလို့ အချို့သော အဖွဲ့အစည်း လူနည်းစုတစ်သိုက်ရဲ့ ပုဂ္ဂိုလ်အရ အရှက်တကွဲ အကျိုးနည်းစေရန်လည်းကောင်း ၊ မသိနားမလည်သူတို့ အထင်လွဲမုန်းတီးလာရန်လည်း
ကောင်း စွပ်စွဲလုပ်ကြံခြင်းတို့ ၊ အသက်ကိုပင် ခြိမ်းခြောက်သော လျှို့ဝှက်စာပစ်ခြင်း
တို့ ကိုပါ ခံခဲ့ရပါတယ်တဲ့။ ဒါပေမဲ့လည်း
ဆရာ့ရဲ့ မေတ္တာခြုံသော သစ္စာတရားနှင့်
ရိုးသားသော ယုံကြည်မှု စေတနာတစ်ရပ်ကြောင့် ယခု ဝတ္ထုကြီးဟာ စတုတ္တအကြိမ်ထိ ပုံနှိပ်ခဲ့ရပြီး နှစ်ဆယ်ရာစုလွန်၍
နှစ်ဆယ့်တစ်ရာစုနှစ် လူငယ်အပေါင်းတို့
အပေါ်မှာပါအများကြီး ကောင်းကျိုးပြုနေဆဲပဲ ဖြစ်ပါတယ်။
" လူငယ်တွေရဲ့ ဘဝဟာ တက္ကသိုလ်ရောက်တဲ့အချိန်နဲ့ လာကြုံကြိုက်နေတယ်။ ကလေးဘဝဟာ စိတ်သဘောအရရော ၊ ရုပ်သဘောအရရော မျှတညီညွတ်နေတဲ့ အချိန်ဖြစ်တယ်။ အင်္ဂလိပ်လိုတော့ Period of Equilibrium လို့ခေါ်တယ်။ ကြီးကောင်ဝင်လူလားမြောက်တဲ့ အခိုက်အတန့်မှာ အဲဒီမျှတ ညီညွတ်ခြင်းသဘောဟာ ပျက်ယွင်းသွားတယ်။ လူသစ်စိတ်သစ်ဖြစ်သလို အကြံသစ် ဉာဏ်သစ် အမြင်သစ်တွေ ဝင်လာတယ်။ ဒီအချိန်မှာ စိတ်ကူးအယဥ်တတ်ဆုံး ၊ စိတ်အပြောင်းအလဲ အမြန်ဆုံး ၊ ကိုယ်စွမ်းကိုယ်စကို အပြချင်ဆုံး အချိန် ဖြစ်တယ်။ လူကြီး ဖြစ်လာမယ့်အချိန်မှာ တစ်သက် စွဲမြဲတော့မယ့် အကျင့် စာရိတ္တ နဲ့ စိတ်သဘောထားတွေ စတင်ဖွဲ့စည်းအခြေပြုတဲ့ စပ်ကူးမတ်ကူး အချိန်လည်း ဖြစ်တယ်။ ကံဆိုးတာက ကျွန်တော်တို့ နိုင်ငံရဲ့ ဟိုက်စကူးကျောင်းနဲ့ တက္ကသိုလ်
ကျောင်းတွေမှာ ဒီလို ပုံသွင်းတိုင်း ရမယ့်
လူငယ်တွေအတွက် အထူးရွယ်စူးပြီးထားတဲ့
ညွှန်ကြားပဲ့ပြင်မှုစနစ် မရှိဘူး။"
* တစ်ခါက တာဝန်သိတတ်တဲ့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တစ်ဦး
အိုးဝေမဂ္ဂဇင်းမှာ ရေးခဲ့သလို လူငယ်တွေဟာ ကိုယ်မသိနားမလည်သေးတဲ့ အမျိုးသားနဲ့ ကမ္ဘာ့နိုင်ငံရေးတွေမှာ ဗဟုသုတ ရှာမှီးတာ မဟုတ်ဘဲ ညစ်ကျယ်ညစ်ကျယ် ဝင်လုပ်နေမယ့်အစား တိုင်းပြုပြည်ပြု အတတ်တွေဘက် ပိုအာရုံစိုက်သင့်တယ်။ မာ့က်စ်က ဘာဟောတယ် ၊ လီနင်က
ဘာဆိုတယ် ၊ မော်စီတုန်းက ဘာမိန့်တယ် ...
အဲ ကျွန်တော့်ကိုယ်ပိုင်တော့ ဘာမှမပြောတတ်ဘူး ခင်ဗျ ဆိုတဲ့ အဆင့်ကနေ တက်ပြီး အခြေသစ်အနေသစ်နဲ့ ကိုက်ညီအောင်
စိတ်သစ်လူသစ်နဲ့ အကြံသစ် ဉာဏ်သစ်တွေ
ထုတ်သင့်တယ်။ ကျွန်တော်တို့ တိုင်းပြည်ကြီးဟာ လက်ရှိလူကြီး လူမိုက်ကြီးတွေကြောင့် ဒုက္ခရောက်လှပါပြီ ။ လူကြီးလူကောင်းလေးတွေက နောင်တစ်ခေတ်မှာ တိုင်းပြည်ကို ကယ်တင်နိုင်ဖို့ ကြိုးစားသင့်တယ်*
" တက္ကသိုလ်ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားတွေကို စာသင်ပေးဖို့ ၊
အသက်မွေးဝမ်းကျောင်းပညာ ပေးဖို့တင်
မကဘူး။ ကျောင်းသားတွေကို ဒီမိုကရေစီအခွင့်အရေးနဲ့ ဒီမိုကရေစီ စည်းကမ်းတွေကိုမျှမျှတတ ခံစားတတ်ကြဖို့ ၊ လိုက်နာတတ်ကြဖို့ လက်တွေ့ သွန်သင်ပေးရေးလည်း ပါတယ်။ ဒီမိုကရေစီကို အောင်မြင်စွာ ကျင့်သုံးနိုင်ဖို့က သည်းခံမှု ၊ နားလည််မှု၊ ခွင့်လွှတ်မှု ဆိုတဲ့ အကျင့်သဘောတွေကို မွေးမြူလက်ခံနိုင်ရမယ်...၊
ဒီမိုကရေစီကို သုံးမျိုးသုံးစား ယူဆနိုင်တယ်။ ပြည်သူလူထုထံက ဆင်းသက်လာတဲ့ အာဏာအရ အုပ်ချုပ်တာက နိုင်ငံရေး
ဒီမိုကရေစီပေါ့....။ တရားမျှတမှု ၊ လုံခြုံပြည့်ဝမှု ၊ လူချင်းတူညီမှု စတဲ့ သဘောတွေပါတဲ့ လူမှုရေးရာ ဒီမိုကရေစီလည်း ရှိသေးတယ်။ တစ်ခါ ဒီမိုကရေစီဆိုတာကို လူတွေရဲ့ စိတ်နေသဘောထားအဖြစ်လည်း ပြဆိုသေးတယ်။ စိတ်ရှည်မှု ၊ သည်းခံမှု ၊ ခွင့်လွှတ်မှု သဘောတွေ အကျုံးဝင်တယ်။ လူများစုမို့ ထင်တာလုပ်မယ်ဆိုတာလည်း
ဒီမိုကရေစီ မဟုတ်ဘူး။ အကြမ်းဖက်တဲ့ လူနည်းစုဟာလည်း ဒီမိုကရေစီကို လုပ်ကြံသူတွေပဲ...."
" ကျောင်းသူကျောင်းသားတွေဟာ ကျောင်းစာအပြင် ဝါသနာပါရာ တစ်ခုခုကို
အောင်မြင်ထွန်းပေါက်အောင် လုပ်တာ ကောင်းမွန်ပါတယ်။ ဒါပေမဲ့...ဝါသနာပါရာ
ဘာပဲလိုကျစားလိုကျစား ဝါသနာက ဒုတိယ၊
ကျောင်းစာက ပထမဆိုတာတော့ သတိမလွတ်သင့်ဘူး။"
" လူ့ဘဝမှာ ကိုယ့်ဘဝမှာ ကိုယ်ပျော်နိုင်ဖို့
ဟာ အရေးကြီးဆုံးပေါ့ ကိုလှဝေ....မရနိုင်တာကို တောင့်တမိခြင်းလိုပဲ ရနေတာနဲ့
မတင်းတိမ်နိုင်ခြင်းဟာလည်း စိတ်ဒုက္ခရဲ့
စ,ရာ အကြောင်းရင်းတစ်ခုပါပဲ..."
" မမနွဲ့အထင်တော့ ဂီတပညာကို နားလည်မှ လူတစ်ယောက်၏ ပညာတတ်မှုဟာ ပြည့်စုံတယ်လို့ ထင်တယ်။"
" ချစ်ပြီး ပြတ်ခဲ့ကြတဲ့ အဖြစ်မျိုးတွေဟာ
လူ့ပြည်လူသားတိုင်း လူလားမြောက်ရင် တစ်ကြိမ်မဟုတ် တစ်ကြိမ် ကြုံရစမြဲပဲ။ ဘဝတစ်ကွေ့မှာ အစိုးမရလို့ ဖြစ်ပျက်ခဲ့ပေ
မယ့် ဟောင်းနွမ်းပြီး အရာမရောက်တော့တဲ့
အကြောင်းတစ်ခုအနေနဲ့ ပစ္စုပ္ပန်ရဲ့ ကောင်းကျိုးဆိုးကျိုးကို လာမပေးစေသင့်တော့ဘူး...."
*ပလေတိုက ပြောတယ်...။ ချစ်ခြင်းဆိုတာ ပိုင်ဆိုင်လိုခြင်းပဲတဲ့။ မိမိပိုင်ဆိုင်လိုတဲ့
အရာကို စွန့်လွှတ်ဖို့အတွက် မိမိ ဘယ်လောက် ထိခိုက်ခံစားရတယ် ဆိုတာဟာ ချစ်ခြင်းမေတ္တာရဲ့ပမာဏကို အတိုင်းအတာပေးမယ်လို့ ထင်တယ်...၊
နောက်ပြီ ချစ်ခြင်းမည်သည် ပေါင်းသင်းရခြင်းကို မျှော်မှန်းပေမယ့် ပေါင်းသင်းရခြင်း တစ်ခုတည်းဟာသာ ချစ်ခြင်းမေတ္တာစစ်တို့ရဲ့ ဆုံးလေရာ အဖြစ်လို့ တွက်လို့ မရပေဘူး....*
အမှန်တကယ်တော့ ဒီဝတ္ထုကို
ဆရာဘုန်းနိုင် ရေးခဲ့တဲ့အကြောင်းအရင်းက
ဆရာ့ရဲ့ " မုန်းရစ်လေဦး" ဝတ္ထုကို ဖတ်ရှုအားပေးထားကြတဲ့ ပရိသတ်တွေရဲ့ တောင်းဆိုချက်အရ " မုန်းရစ်လေဦး ဟာ တိုလွန်းတယ် ၊ အဲဒီအထဲက (၁) မာ့က်စ်ဝါဒနဲ့ ပတ်သတ်တဲ့ ဝေဖန်ချက် ၊ (၂)ဘာသာရေး
နဲ့ ပတ်သတ်တဲ့ ဆွေးနွေးခန်း ၊ (၃) ဖီလိုဆိုဖီ
ရေးရာ ၊ (၄) နိုင်ငံရေးရာ ဝိဇ္ဇာပညာ အဲဒါတွေကို မုန်းရစ်လေဦး ဝတ္ထုထက် ပြည့်စုံအောင် နောက်ထပ် ဝတ္ထုရှည်တစ်ပုဒ် ရေးဖို့ ဝတ္တရားရှိတယ်"လို့ ထင်မြင်မိလို့ " ညီမလေးရယ် စိုးရိမ်မိတယ်" ဝတ္ထုလေး ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်တဲ့။ အဲ့ဒါကြောင့်
လည်း ယခု " ညီမလေးရယ် စိုးရိမ်မိတယ်"
ဝတ္ထုဟာ ရသဝတ္ထုရှည် တစ်ပုဒ်ရဲ့ အရသာ
ထက် အထက်ပါ နက်နဲတဲ့ အတွေးအခေါ် အယူအဆ ပညာရပ်တွေအကြောင်း ဆွေးနွေးခန်းတွေ အတော်များများ ပါတဲ့အတွက် ရသစာပေဖတ်ရှုနေကျ သူတွေမဟုတ်လည်း အဆိုပါ ပညာရပ်တွေအကြောင်း စိတ်ဝင်တစား လေ့လာလိုသူများအနေနဲ့လည်း ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လို့ မြင်မိပါတယ်။
" ညီမလေးရယ် စိုးရိမ်မိတယ်" ဆိုတဲ့ ဝတ္ထု
ကိုဖတ်ရင်ဖြင့် ချစ်ခြင်းမေတ္တာနဲ့ ပါတ်သတ်ပြီးလည်း နက်နက်နဲနဲ ခံစားရမှာ ဖြစ်သလို
ဒီမိုကရေစီ နဲ့ ပါတ်သတ်ပြီးလည်း ကွဲကွဲပြားပြား သိရှိသွားမှာ ဖြစ်ပါတယ်။
ဒီစာအုပ်လေးထဲမှာ စာပေအနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ အနုပညာ ကဗျာ စာပေတွေကို ဘယ်လိုအခါတွေမှာ ဖန်တီးတတ်
ကြသလဲဆိုတာကိုလည်း ဖော်ပြထားပါသေးတယ်။
"အချို့ကဗျာဆရာ/မတွေက ရင်ထဲမှာ ခံစားမှုတွေ ပြည့်လာတဲ့အခါ ဖွင့်အန်ပစ်တဲ့သဘောနဲ့ ရေးချတတ်ကြတယ်။ ခံစားမှုတွေဟာ ရင်မှာ ပြည့်လျှမ်းလာတဲ့အခါ ထွက်လမ်းပေးတဲ့အနေနဲ့ အနုပညာတစ်ရပ်ရပ်ဟာ ပေါက်ဖွားလာစမြဲပေပဲ။ တချို့ကလောင်ရှင်တွေ အရင်လို ကဗျာတွေ မရေးတော့တာက ခံစားမှုတွေ မရှိတော့လို့ဆိုတာမျိုးလည်း မဟုတ်ဘူး။ အရင်တုန်းက
ခံစားမှုတွေက အဟုန်ပြင်းပြင်း တက်တက်ကြွကြွနဲ့ လှုပ်ရှားမှုသဘောက များနေတယ်။
ကဗျာတွေ မရေးကြတော့ခြင်းဟာ ဖော်ပြစရာ ကာရန်ရှာမတွေ့တဲ့ ခံစားမှုမျိုးတွေပဲ။
ပြီးတော့ ပုဂ္ဂလိက ခံစားမှုတွေကို ယေဘုယျ
ဓမ္မအနေနဲ့ တင်ပြချင်တဲ့စိတ်လည်း မရှိတော့တာကြောင့်ရောပေါ့....." တဲ့။
" ညီမလေးရယ် စိုးရိမ်မိတယ်" ဝတ္ထုမှာ
အချစ် ၊ နိုင်ငံရေး ၊ အတွေးအခေါ် ၊ စာပေ
အနုပညာ စတာတွေနဲ့ ပါတ်သတ်ပြီး
မှတ်သားသင်ယူစရာတွေ ၊ အတုယူလိုက်နာ
စရာတွေ ၊ မဖြစ်မနေ သိထားသင့်တာတွေ
အများကြီး ပါရှိတဲ့အတွက် ခါတိုင်း ရေးနေကျ review တွေလို ဝတ္ထုကြောရိုးကို ဇာတ်လမ်းတစ်ပုဒ် ပြောပြနေသလို စီကာပတ်ကုံး ဖွဲ့နွဲ့ရေးပြနေခြင်းမျိုး မဟုတ်ဘဲနဲ့ ဝတ္ထုထဲက သိသင့်သိထိုက်တဲ့ ဗဟုသုတ အကြောင်းအရာတွေကိုပါ အခုလို ထည့်သွင်းဖော်ပြရင်းနဲ့ ရေးလိုက်ရခြင်း
ဖြစ်ပါတယ်။
အဲ့သည်လို ရေးလိုက်ရတဲ့အတွက် လူငယ်ရေးရာအကြောင်းတွေ လာလိုက် ၊ ဒီမိုကရေစီ အကြောင်းတွေ ရှင်းလင်းပြလိုက်၊ အနုပညာရသတွေအကြောင်း တင်ပြလိုက်နဲ့မို့ ဖတ်ရတာ တစ်မျိုးကြီး ဖြစ်နေမှာပဲလို့ ထင်စရာရှိပေမယ့် ဝတ္ထုကို တကယ်တမ်း ဖတ်ရရင်တော့ နက်နဲတဲ့ ရသ သုတ အဖြာဖြာကို ခံစားသုံးသပ်နိုင်မှာပဲ ဖြစ်ပါတယ်။
" ညီမလေးရယ် စိုးရိမ်မိတယ်" ဝတ္ထုထဲမှာဆိုရင်.....
ပေါင်းသင်းရခြင်းသည်သာ ချစ်ခြင်း၏
နိဂုံးမဟုတ်...လို့ ခံယူပြီး ချစ်ရသူ နွဲ့ကို ဆင်းရဲခြင်းထဲ ဆွဲမခေါ်ဘဲ ရှောင်တိမ်းလေတဲ့ ကိုလှဝေ၊
ချစ်သူက လမ်းစပျောက်အောင် ရှောင်ပြေး လေတော့ မိန်းမသားတစ်ယောက်အနေနဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းကို မလွန်
ဆန်နိုင်ဘဲ မချစ်သော်လည်း ကြင်နာမယ့်
လူတစ်ယောက်ရဲ့ရင်ခွင်ထဲ ပြေးဝင်ရတော့မယ့် မမနွဲ့ ၊
တစ်ပါးသူကို ချစ်နေရက်နဲ့ အသည်းနှလုံးထဲက ဒဏ်ရာကို မျက်ကွယ်ပြုပြီး ဝတ္တရားဆိုတဲ့ အရာတစ်ခုကြောင့် မမနွဲ့ကို မဖြစ်မနေ ကြင်နာရတော့မယ့် ကိုမြင့်သူ၊
အဆိုးဆုံးက ကိုမြင့်သူဆီကအချစ်ကို အရယူဖို့ မဖြစ်နိုင်မှန်း သိရက်နဲ့က ဆက်ထားရှိခဲ့တဲ့ မျှော်လင့်ချက် ပျက်ပြုန်းတဲ့ အဆုံးဘဝကိုပါ လုံးလုံးရေစုန်မျောပြီး ထင်ရာစိုင်းလေတဲ့ အမိုက်မလေး မိမေရီ၊
မေရီ့ကိုမှ ဦးဦးဖျားဖျား အသည်းပန်းလေး
အပ်နှင်းမိခဲ့တဲ့ မောင်သက်တင်....
စတဲ့ အဓိက ဇာတ်ကောင် ၅ ယောက်နဲ့ ဖွဲ့နွဲ့
ရေးသားထားပါတယ်။
ဒီစာအုပ်လေးရဲ့ ထူးခြားချက်က
ဝတ္ထုထဲက ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနက ပါမေက္ခ ကိုမြင့်သူအကြောင်း ဖတ်ပြီး အပြင်လက်တွေ့ စိတ်ပညာဌာနက ဆရာတက္ကသိုလ်ဘုန်းနိုင် အစစ်အမှန်ကို တကယ်မြင်တွေ့ရ ၊ စကားတွေ ပြောနေရ သလို ခံစားမိစေတာပါပဲ....။
ဆရာဘုန်းနိုင် ရေးသားတဲ့ " ညီမလေးရယ်
စိုးရိမ်မိတယ်" ဝတ္ထုဟာ ...
လူကြီးလူကောင်းအသွင်နဲ့ မိမိထံမှ အချစ်ကို မရရှိလို့ အရွဲ့တိုက်ချင်စိတ်လေး ဖြစ်နေတဲ့ ညီမငယ် မေရီ့အပေါ် ကရုဏာဒေါသော
စိတ်ကလေးနဲ့ စိုးရိမ်မိလေတဲ့ ကိုမြင့်သူရဲ့
ချစ်ခြင်းမေတ္တာကို ရည်စူး ရေးသားထားတာများ ဖြစ်လေမလား ၊ ဒါမှမဟုတ် ဘယ်မိန်းကလေးကိုမှ အထင်မကြီး စိတ်မဝင်စားခဲ့တဲ့ အသည်းနှလုံးထဲက သစ်လွင်နေတဲ့ ချစ်ခြင်း၏ သည်းဦးပန်းလေးကို မေရီ့အတွက်လို့သာ ရည်စူးမိလေတဲ့
မောင်သက်တင်ရဲ့ငယ်ရွယ်နုပျိုတဲ့ ရင်ခုန်သံတွေကို ရည်ညွှန်း ရေးဖွဲ့ထားတာများ
ဖြစ်လေမလား ဆိုတာကို သေသေချာချာ သိရဖို့ ကိုယ်တိုင်ကိုယ်ကျ ဖတ်ရှုကြည့်ကြပါ
လို့ တိုက်တွန်းရင်း " ညီမလေးရယ် စိုးရိမ်မိတယ်" လို့ခေါင်းစဥ်ရှိတဲ့ တေးသီချင်းတစ်ပုဒ်ရဲ့ တစ်ပိုင်းတစ်စကို ဖော်ပြပေးလိုက်ပါတယ်နော်....။
" ဒီဘဝရဲ့ ဘုံအလယ်... ၊ ညီမတွက်ပုံတစ်သွယ်...၊ဪ.... ရီပျပျ မှုန်ခြယ်၊ မဟီနန်းမြိုင် သည်းစိုင်ဦးဝယ် ...ပွင့်ဖူးခဲ့တဲ့ မာလာ
ခိုင်စံပယ်...၊ ချစ်လွမ်းရိပ် သံသရာမှာကွယ်...၊ သမုဒယအရေး...ဪ...တစ်ခုကမှ မအေးမှာမို့...၊ ညီမလေးရယ် စိုးရိမ်မိတယ်..."
# အိမ့်
Mon, Dec 30, 2019.