ဂျာနယ်ကျော်ဦးချစ်မောင်ကို ၉တန်းမှာစပြီးရင်းနှီးခဲ့တယ်

၉တန်းတုန်းက Bio ဆရာက "ဂျာနယ်ကျော်ဦးချစ်မောင်ဆိုတာ သူ့ထီးရိပ်အောက်မှာ မိုးခိုရင်း သူ့အိတ်ထဲကပိုက်ဆံကိုနှိုက်နေတဲ့ ခါးပိုက်နှိုက်ကိုတောင် နှိုက်ရတာပိုလွယ်အောင် မသိမသာနဲ့အိတ်ကပ်လေးကိုဟပေးခဲ့တာ. . အဲ့သလောက်စိတ်ထားကောင်းပြီး ငဲ့ညှာတတ်တာ. . " ဆိုပြီး ဦးချစ်မောင်ရဲ့ရိုးသားပုံတွေကိုပြောပြောပြပြီး "မင်းတို့ အဲ့ဒီဦးချစ်မောင်အကြောင်းရေးထားတဲ့ "သူလိုလူ"ကို ဖတ်ကြစမ်းပါ၊ အတုယူကြစမ်းပါ၊ အဲ့လိုစာအုပ်မျိုးတွေဖတ်ရမှာ"လို့ စာသင်ရင်းအမြဲပြောပြောနေကျမို့ အဲ့ကနေစပြီး သိရှိဖတ်ရှုရင်း ရင်းနှီးခဲ့တယ်ဆိုပါတော့. . .

ဦးချစ်မောင်ဟာ နယ်ချဲ့လက်အောက်ကနေ နိုင်ငံလွတ်လပ်ရေးရအောင်ကြိုးစားကြတဲ့နေရာမှာ ကလောင်လက်နက်နဲ့တိုက်ပွဲဝင်ခဲ့တဲ့သူတစ်ဦးဖြစ်တဲ့အလျောက် အဲ့ဒီခေတ်အခါက နိုင်ငံရေးလှုပ်ရှားမှုတွေလည်း ပါသင့်သလောက်ပါပါတယ်။

ပြည်သူကိုသတင်းပေးတဲ့ သတင်းစာတစ်စောင်ဟာ ဘယ်လောက်အရေးကြီးသလဲ၊ အရေးပါအရာရောက်သလဲဆိုတာကလည်း မပါမဖြစ်ပေါ့။

သူ့ဘဝမှာ အကြိုက်ဆုံးစာအုပ်တစ်အုပ်ကတော့ သူနဲ့အကျင့်စရိုက်ချင်း သိပ်ကိုတူလှတဲ့ Queed ဆိုတဲ့စာအုပ်ပါတဲ့၊ (ဦးဝင်းတင် ဘာသာပြန်ထားတာရှိပါတယ်၊ "ကွိ" ဆိုပြီးရှာဖတ်နိုင်ပါတယ်။)

သတင်းစာလုပ်ငန်း/ဂျာနယ်လုပ်ငန်းအကြောင်းကိုလည်း လေ့လာနိုင်တယ်။

ဆရာဝန်လည်းဖြစ်ချင်/သတင်းစာဆရာလည်းဖြစ်ချင်ခဲ့တဲ့ဦးချစ်မောင်တစ်ယောက် သတင်းစာလောကကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဝင်ရောက်ဖြစ်ခဲ့တာလဲဆိုတာကလည်း လေးစားစရာပါ။

ရိုးသားတဲ့နေရာမှာ သြချရလောက်အောင် ရိုးလွန်းတဲ့လူဆန်း၊ ဆန်းလွန်းတဲ့လူရိုးလူဖြောင့်ကြီး ဦးချစ်မောင်. . .
ကိုယ်ကျိုးစွန့်တဲ့နေရာမှာလည်း အံ့သြရလောက်အောင်စွန့်နိုင်ခဲ့တဲ့ ဦးချစ်မောင်. . .
သူ့ကြင်ဖော် ဂျာနယ်ကျော်မမလေးနဲ့တွေ့တဲ့အချိန်မှာတော့ "ကျွန်တော်တော့စျာန်လျှောပြီ"လို့ ထုတ်ပြောရလောက်တဲ့ထိ အရင်ကဘယ်အမျိုးသမီးတစ်ယောက်နဲ့မှ အဆက်အဆံမရှိ တည်ကြည်ခဲ့တဲ့ဦးချစ်မောင်. . .
ဘယ်တော့မဆို သူ့ကိုယ်သူနှိမ့်ချပြီးပဲပြောတတ်/ဆက်ဆံတတ်တဲ့ ဦးချစ်မောင်. . .
သူ့ဘဝတစ်လျောက်လုံးမှာ သူ့ထက်နိမ့်ကျတဲ့လူတစ်ယောက်ကိုမပြောနဲ့၊ ခွေးတစ်ကောင်ကိုတောင် ခြေနဲ့မကန်ဖူးခဲ့တဲ့ ဦးချစ်မောင်. . .

နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို အစဥ်တစိုက်ဂရုစိုက်ပြီး သူ့အသိ၊ သူ့ပညာတွေအမြဲမျှဝေခဲ့ပေမယ့်
သူကိုယ်တိုင်ရဲ့ကျန်းမာရေးကိုတော့ ဥပေက္ခာပြုခဲ့တယ်။

သူ့ဘဝနဲ့ယှဥ်ပြီးပေးခဲ့တဲ့ Message ကတော့ ဝါသနာပါရာ/စေတနာသန်ရာကို တစိုက်မတ်မတ်လုပ်ဆောင်သင့်တယ်ဆိုပေမယ့် ကျန်းမာရေးကိုတော့ အလွန်အကျူးလျစ်လျူရှုမထားဘဲ ဂရုစိုက်သင့်တယ်ဆိုတာပါပဲ. . .

သြော်. . . ဦးချစ်မောင်. . .
ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်ခဲ့ရတယ်. . .
နှမြောပါဘိခြင်း. . . နှမြောလှပါဘိခြင်း. . .