


ပန်စေချင်သည်
9000 (ကျပ်)
စိမ်းလန်းလှပ မြင့်မားသော ချင်းတောင်တန်းနဲ့ တစ်ဆက်တည်း ရှိနေတဲ့ ခါမ်းပတ်မြို့။ တောင်ပေါ် တက်ပြီဆိုရင် အမြင်မှာ လှသလောက် လက်တစ်ဝါးသာသာ ဆိုင်ကယ်လမ်းတွေကို အားထားရသော အရပ်။ အခန့်မသင့်ရင် မိုးရာသီတွေမှာ တောင်ပြို၊ လမ်းပိတ်တတ်တဲ့ ဝေးလံခက်ခဲဒေသ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလောက် ထိုအရပ်မှာ နေထိုင်သူတွေရဲ့ စိတ်ထားက သူတို့ရဲ့ သဘာဝဝန်းကျင်နဲ့ထပ်တူ အေးချမ်းငြိမ်းအေးမှုရှိစွာ။ အမြဲတမ်း မြူတလွလွ၊ တိမ်တလွင့်လွင့် ရှိနေသည့် ချင်းတောင်တန်းကြီးပေါ်က ကလေး၊ လူကြီး အရွယ်စုံ၊ ဘဝစုံတွေရဲ့ ရုန်းကန်ရပ်တည်မှုများ၊ အလိုလောဘ နည်းသလောက် အေးချမ်းရောင့်ရဲကြသော စိတ်ထားများ၊ ကိုယ့်ရိုးရာဓလေ့ထုံးတမ်းများနဲ့ ပျော်မွေ့နေတတ်ကြသူများ။ခါမ်းပတ်မြို့ကလေးကို တိုက်နယ်ဆရာဝန်အဖြစ် ရောက်ရှိလာသူ အသက် ၂၇ နှစ်အရွယ် ဒေါက်တာသက်လင်း။သူက ကြုံရတဲ့ ဆုံရတဲ့ ဘဝလေးတွေကို စာလေး ပေလေး ရေးနေတဲ့သူ။ ဆေးရုံအုပ်ကြီး သက်လင်းဟာ တာဝန်နဲ့လူ တစ်ထပ်တည်း ရပ်တည်နေနိုင်ပေမဲ့ လူမှုဘဝဆက်ဆံရေးနယ်ပယ်မှာတော့ အလွန်အင်မတန် ရိုးစင်းလွန်းသူ။ သူ့အချစ်ရေးဟာလည်း သူ ချစ်တဲ့ ချင်းတောင်ပေါ်က လမ်းကလေးတွေလို တစ်ခါ တစ်ခါ ကျဥ်းမြောင်းပျောက်ဆုံး။
သူ့တစ်သက်မှာ တစ်ကြိမ်ပဲ ပွင့်ဖူးခဲ့တဲ့ သည်းဦးပန်းဟာ တောင်ပေါ်ရွာကလေးတစ်ရွာက တောင်ဇလပ်ပင်တစ်ပင်လို မျှော်သူမောရတဲ့ထိ နီးမလိုလိုနဲ့ ပွင့်ခက်တဲ့ အမျိုး။သက်လင်းဟာ အငုံ့စိတ်ကလေးနဲ့ သူ့ဥပဓိရုပ်ကို သိမ်ငယ်တတ်သူ။ ဆေးရုံကလေးဆီ အမှတ်မထင် ရောက်ရှိလာသူ ဒေါက်တာနေယံကတော့ သက်လင်း ချစ်ရသူ ဒေါက်တာထူးထူးခိုင်နဲ့ ရှေ့သွားနောက်လိုက်ညီတယ်ဆိုပြီး တစ်ဆေးရုံလုံးက တညီတညွတ်တည်း မှတ်ချက်ပြုရလောက်တဲ့ထိ ရုပ်ရည်ချောမောသူ။
စာရေးဆရာက သူ့ဖြတ်သန်းမှုကို ဝတ္ထုအဖြစ် ရေးဖွဲ့ရာမှာ ကြည်လင်ရိုးရှင်းတဲ့စိတ်နဲ့ ဖန်တီးထားမှန်း သူ့ဝါကျတစ်ကြောင်းချင်းစီက သက်သေခံနေပါတယ်။ ဖတ်နေရင်း ဟာသအနေနဲ့ မဟုတ်ဘဲ တသိမ့်သိမ့် ပြုံးမိစေတဲ့ ကြည်နူးမှုရသမျိုး၊ အရေးအဖွဲ့ကောင်းသူ ရေးဖွဲ့လိုက်တဲ့ ဝန်းကျင်ကို ဖတ်ရင်းနဲ့ ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားချက်မျိုးက ဒီဝတ္ထုကို ဖတ်ရတာ တန်စေမှာပါ။ စိတ်လေးလံနေချိန်မျိုးမှာ၊ အချစ်ဝတ္ထုတစ်ပုဒ် ဖတ်ဖို့ ခက်ခဲနေချိန်မျိုးမှာ အကြည်ဓာတ်ကလေးနဲ့ ဆွဲခေါ်သွားမယ့် ဝတ္ထုမျိုးလို့ပဲ မှတ်ချက်ချမိပါတယ်။
သူ ထိတွေ့ထားတဲ့ ဇာတ်ကောင်းတိုင်းကို ဇာတ်အရ နည်းနည်းလေး ပါတဲ့ ဇာတ်ကောင်ကိုပင် ဖြစ်စေ မိမိရရ သရုပ်ဖော်ထားပါတယ်။ ချင်းလူမျိုးပေါင်းစုံတွေထဲက တစ်မျိုးမှာ ယောက္ခမက ချွေးမဖြစ်သူအပေါ် သြဇာညောင်းပုံကို ဆေးရုံမှာ ကလေးမီးဖွားဖို့ကို ကန့်ကွက်တာ၊ တကယ်လည်း မွေးရော ယောက္ခမလုပ်သူက ကိုယ်တိုင် ငုတ်တုတ်ထိုင်စောင့်နေတာမျိုး အနုစိတ် ရေးဖွဲ့ထားတယ်။ အဲဒီအခန်းတွေမှာ ရိုးရာဓလေ့နဲ့ လူ့စရိုက်၊ မေတ္တာတရားကို ဖော်ညွှန်းတာက သရုပ်ပီပြင်လွန်းလှပါတယ်။ လူ့မနောအရ အတွင်းစိတ်အတွေး၊ အထေ့အငေါ့၊ ပြောစကား၊ အဖြစ်အပျက်များကို အဆို့အပိတ်များနဲ့ ဝတ္ထုစ/ဆုံး စကားလုံးတန်ဆာဆင်ထားပုံက ယုတ္တိတန်လှစွာ မြူးမြူးသိမ့်သိမ့်။ ဇာတ်လမ်းတည်ဆောက်ပုံ၊ အခန်းကူးပြောင်းချိတ်ဆက်ပုံတွေဟာ သဘာဝအလှတရားတွေအပြည့်နဲ့ မရိုးအီစေဘဲ ဖတ်ရသွက်ပြီး ပေါ့ပါးငြိမ့်ညောင်းနေပါတယ်။
“အပြင်မှာ တကယ်ရှိတဲ့ နေရာတွေ၊ လူနာမည်တွေနဲ့ သူ့စိတ်ကူးကို ပေါင်းစပ်ထားတဲ့ ဒီဝတ္ထုဟာ ရိုးရိုးရှင်းရှင်း အချစ်ဝတ္ထုတစ်ပုဒ်ပါ” လို့ စာရေးဆရာက အမှာစကား ဆိုထားပါတယ်။
| စာမျက်နှာ | 324 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ဆုရောင်စဉ်စာပေ၊ 2023 ဇွန်လ၊ (ပထမကြိမ်) |
5 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ