နူးညံ့စွာ ကုစားခြင်း

( 0 မှတ်ချက်)

10000 (ကျပ်)

“နာကျင်မှုတိုင်းတွင် ကုစားခွင့်ရှိသည်”

ကျွန်မတို့ကျင်လည်နေရတဲ့ အလျင်အမြန်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ “အမြဲတမ်းအဆင်ပြေနေရမယ်”၊ “အမြဲတမ်း စိတ်ဓာတ်တက်ကြွနေရမယ်” ဆိုတဲ့ လူမှုပတ်ဝန်းကျင်ရဲ့ မမြင်ရတဲ့ ဖိအားတွေကြားမှာ ကိုယ့်ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ဖုံးကွယ်ရင်း “အဆင်ပြေပါတယ်” ဆိုတဲ့ မျက်နှာဖုံးကို တပ်ဆင်ထားမိကြတာ ဘယ်နှကြိမ် ဘယ်နှခါ ရှိခဲ့ပြီလဲ။

တကယ်တော့ ကျွန်မတို လူသားတွေဟာ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ဆေးထည့်ဖို့၊ ကုသဖို့ မမေ့လျော့ကြပေမယ့် စိတ်နှလုံးအိမ်ထဲက နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ မဖြေရှင်းရသေးတဲ့ စိတ်ဒဏ်ရာတွေကိုတော့ “အချိန်ကြာရင် အဆင်ပြေသွားမှာပါ”၊ “မေ့ပစ်လိုက်ပါ”၊ “သည်းခံလိုက်ပါ” ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ တိတ်တဆိတ် ဖိသိပ်ထားတတ်ကြပါတယ်။

ဆွေးနွေးနှစ်သိမ့်ပေးသူ (Counselor) တစ်ဦးဖြစ်တဲ့ ဆရာမ “ပွင့်ဖူး” ကတော့ သူမရဲ့ “နူးညံ့စွာ ကုစားခြင်း” စာအုပ်အစမှာကတည်းက စာဖတ်သူအား “ဒီနေရာမှာ သင် ဘေးကင်းပါတယ်” ဆိုတဲ့ စကားလုံးလေးနဲ့ နွေးထွေးစွာ ကြိုဆိုထားပြီး ကိုယ့်စိတ်နှလုံးအတွင်းက နာကျင်မှုတွေကို ရှောင်မပြေးဘဲ နူးနူးညံ့ညံ့ နားလည်ပေးဖို့၊ လက်ခံပေးဖို့နဲ့ ဖြည်းဖြည်းချင်း ကုစားပေးဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီစာအုပ်လေးကို အခန်း (၇) ခန်းနဲ့ စနစ်တကျ ဖွဲစည်းထားပြီး လူသားတစ်ယောက်ရဲ့ ခံစားချက်နဲ့ ဖြစ်တည်မှုတွေကို စိတ်ပညာရှုထောင့်ကနေ အရိုးရှင်းဆုံးနဲ့ အနူးညံ့ဆုံး စကားလုံးတွေနဲ့ ရှင်းလင်းရေးသားထားပါတယ်။

အခန်း (၁) : ဒေါသ၊ ဝမ်းနည်းမှု၊ ကြောက်ရွံမှုတွေဟာ ကျွန်မတို့ဆီ လာလည်တဲ့ ရန်သူတွေမဟုတ်ဘဲ စိတ်အိမ်လေးက ပေးပိုလိုက်တဲ့ အရေးကြီးသတင်းစကားတွေသာ ဖြစ်ကြောင်း နားလည်စေခြင်း။

အခန်း (၂) : မိမိအတွင်းစိတ်ထဲက ကလေးငယ်ကို ပြန်လည်ပွေ့ဖက်ပြီး အတိတ်က စိတ်ဒဏ်ရာတွေကို စိတ်ရှည်စွာ ကုစားခြင်း။

အခန်း (၃) : ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ စည်းဘောင် (Boundary) သတ်မှတ်ခြင်း၊ သူတစ်ပါးအလိုကျ အမြဲတမ်း လိုက်လျောတတ်သည့် (People Pleasing) အပြုအမူကို ဆန်းစစ်ခြင်းနှင့် အဆိပ်အတောက်ဖြစ်စေသော ဆက်ဆံရေးများမှ ရုန်းထွက်ခြင်း။

အခန်း (၄) : အပြစ်ရှိစိတ် (Guilt) နှင့် မိမိကိုယ်ကိုယ် ပြစ်ဒဏ်ခတ်တတ်ခြင်း (Self-Sabotage) တို့ကို ကိုင်တွယ်ပြီး စိတ်ဒဏ်ရာများမှတစ်ဆင့် ရင့်ကျက်လာခြင်း။

အခန်း (၅)၊ (၆) နှင့် (၇) : မိမိကိုယ်ကိုယ် ချစ်မြတ်နိုးခြင်းနှင့် လက်ရှိအချိန်ကို သတိကပ်နေထိုင်ခြင်း (Mindfulness) တို့မှတစ်ဆင့် နာကျင်မှုများကြားက မျှော်လင့်ချက်အလင်းရောင်ကို ရှာဖွေပြီး ရှေ့ဆက်ရမယ့် ခရီးစဉ်ကို လမ်းညွှန်ပေးထားပါတယ်။

ဒီစာအုပ်ရဲ့ အထူးခြားဆုံး အလှတရားကတော့ အကြောင်းအရာတွေကို ရှင်းပြရုံသက်သက် မဟုတ်ဘဲ ခေါင်းစဉ်လေးတွေရဲ့ အဆုံးမှာ “စိတ်အိမ်လေးကို ပြန်လည်ဆန်းစစ်ခြင်း (Self-Reflection)” ဆိုတဲ့ မေးခွန်းတိုလေးတွေကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ စာအုပ်လေးကို ဖတ်ရင်း မိမိရဲ့စိတ်ကို မှန်တစ်ချပ်လို ပြန်လည်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး မိမိကိုယ်ကိုယ် ဝေဖန်အပြစ်တင်ခြင်း မပြုဘဲ အရှိကိုအရှိအတိုင်း အသိအမှတ်ပြုပေးကာ နူးညံ့စွာ ကုစားနိုင်ဖို့ ဖန်တီးပေးထားပါတယ်။
“နူးညံ့စွာ ကုစားခြင်း” ဟာ တစ်ညတည်းနဲ့ အပြီးဖတ်ရမယ့် စာအုပ်မျိုးမဟုတ်ပါဘူး။ စာတစ်မျက်နှာချင်းဆီကို ဖတ်ရှုရင်း မိမိကိုယ်ကိုယ် စိတ်ရှည်ပေးပါ၊ ကရုဏာထားပေးပါ၊ ဖြည်းဖြည်းချင်း ဖတ်ရှုခံစားပေးပါ။

သင်ဟာ… အတိတ်က ဒဏ်ရာတွေကြောင့် လက်ရှိမှာ ရှေ့ဆက်ဖို့ ခက်ခဲနေသူပဲဖြစ်ဖြစ်၊ ဆက်ဆံရေးတွေကြားမှာ မောပန်းနွမ်းနယ်နေသူပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုယ် ပိုမိုချစ်ခင်ပြီး ငြိမ်းချမ်းတဲ့ဘဝကို တည်ဆောက်ချင်သူပဲဖြစ်ဖြစ်… ဒီစာအုပ်လေးဟာ စာဖတ်သူရဲ့ ခရီးစဉ်တစ်လျှောက်လုံးမှာ ဘေးနားကနေ လက်ကိုတွဲပေးမယ့် အရင်းနှီးဆုံး သူငယ်ချင်းကောင်းတစ်ယောက်၊ လမ်းညွှန်မြေပုံတစ်ခု ဖြစ်လာပါလိမ့်မယ်။

 

စာမျက်နှာ

143(Woodfree paper)

စာအုပ်အရွယ်အစား

5.5 × 0.2 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 ဇွန်လ (ပထမအကြိမ်)

25 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နူးညံ့စွာ ကုစားခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပွင့်ဖူး စာအုပ်များ