မိစ္ဆာဝင်္ကပါ

( 1 မှတ်ချက်)

29000 (ကျပ်)

Les Miserable ဝတ္ထုကြီးသည် ဟူးဂိုး၏အကောင်းဆုံးနှင့် နာမည်အကြီးဆုံးလက်ရာဖြစ်သည်။ ဇာတ်လမ်းမှာ “ယန်းဗေလ်ယန်း” ၏ ဘဝဖြစ်သည်။ ယန်းဗေလ်ယန်းသည် ဟူးဂိုးကို စီးထားသော ဇာတ်ကောင်ဖြစ်သည်။ ဇာတ်လမ်းကို ယန်းဗေလ်ယန် ထောင်ကလွတ်သည့် နေ့မှ စထားသည်။ သူအကျဉ်းကျခံရသည့် ထောင်မှာရိုးရိုးထောင်မဟုတ်။ ဘုရင့်ရေတပ်မှ ဧရာမဝမ်းဗိုက်ပြား လှေကြီးများကို လှော်ခတ်ရသည့် “တက်ကိုင်” ကျွန်ဘဝမျိုးဖြစ်သည်။

သူ ထောင်ကျခံရသည့် ပြစ်မှုမှာ ပေါင်မုန့်တလုံး ခိုးယူမှု ဖြစ်သည်။ အစ်မလုပ်သူ၏ငတ်နေသည့် ကလေးခုနစ်ယောက်ကို ကျွေးဖို့ သည်ပြစ်မှုကို သူကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ဆယ့်ကိုးနှစ်ကြာ လှေကျွန်ဘဝမှ လွတ်လာသည့်အခါ သူ့မှတ်ပုံတင်မှာ အဝါရောင် ဖြစ်သွားသည်။ ခံဝန်ဖြင့် လွတ်လာသည့် ထောင်ထွက်မှတ်ပုံတင်။ ထိုအခါ သူ့ကို ဘယ်သူမှ လက်မခံကြတော့။ ဘယ်အိမ်တံခါးမှ သူ့အတွက် ပွင့်မလာတော့ပေ။

ဝတ္ထုနောက်ခံပြုသည့်ခေတ်မှာ ပြင်သစ်နိုင်ငံ၏ နပိုလီယံခေတ်လွန်ကာလဖြစ်သည်။ အကျဉ်းသားများ၊ ထောင်ထွက်များကို လူမဆန်စွာ ရက်စက်နှိပ်ကွပ်သောကာလဖြစ်သည်။ ပါရီမြို့ကြီးတွင် အပြင်းထန်ဆုံး ပေါက်ကွဲသည့် လူထုအုံကြွမှုကြီးဖြစ်ပွားခဲ့သော အချိန်လည်းဖြစ်သည်။

သည်ဝတ္ထုမှာ သာမန်ကြည့်လျှင် လူတစ်ယောက်၏ စွန့်လွှတ်အနစ်နာခံမှုကို အခြေပြုသည့် စွန့်စားခန်းဝတ္ထုတပုဒ်ဟု ယူသော်ရသည်။ သို့သော် သေသေချာချာလေ့လာလျှင် အပုံကြီး ပိုလေးနက်ကြောင်း၊ အလွန်အမင်း လူသားဆန်သည့် ဝတ္ထုဖြစ်ကြောင်း တွေ့ရှိကြရမည်ဖြစ်ပါသည်။ လူတို့သည် ကိုယ်ကျိုးစွန့်ခြင်း၊ အတ္တကို ပယ်ခြင်းဖြင့် လောကကောင်းကျိုးကို သယ်ပိုးနိုင်ကြောင်း အလေးအနက်ပြဆိုသည့် ဝတ္ထုကြီးဖြစ်သည်။

စာမျက်နှာ

443(Hard Cover)

စာအုပ်အရွယ်အစား

5.5 x 1 x 8.5 inches

ပုံနှိပ်မှတ်တမ်း

ကံ့ကော်ဝတ်ရည်စာပေ၊ 2024 ဇန်နဝါရီလ (ဒုတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

20.5.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 29000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

3 in stock

မိစ္ဆာဝင်္ကပါ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. စိုးဘားဒိုင်

    ကမ္ဘာ့ဂန္ထဝင်ဝတ္ထုကြီးဖြစ်တဲ့ victor Hugo ရဲ့ Les Mise’rables ကို မူလဝတ္ထုကြီးအတိုင်းအပြင်ချုံ့ပြီးဘာသာပြန်တဲ့မူတွေရှိတဲ့အထဲ မြန်မာဘာသာပြန်အနေနဲ့ဂျီဗလကြီးနဲ့မိစ္ဆာဝင်္ကပါကို ဖတ်ဖူးတယ်။ဂျီဗလကြီးက ပါးပါးလေးဖြစ်ပြီး၊မိစ္ဆာဝင်္ကပါကတော့ စာမျက်နှာ၄၀၀ ကျော်ရှိတယ်။ဆရာတင်မောင်မြင့်က စင်စင်နက်တီတက္ကသိုလ်က ဂျိမ်းစ်ကေနှင့်ရော်ဘင်ဆင်တို့ ဘာသာပြန်သောမူကိုဘာသာပြန်ထားခြင်းဖြစ်ပြီး၊မူရင်းစာအုပ်ကြီးကိုလည်း ဖတ်ရှုညှိနှိုင်းခဲ့တယ်လို့ဆိုပါတယ်။
    ယန်းဗေလ်ယန်းဟာ သာမန်သစ်ခုတ်သမားတစ်ယောက်ဖြစ်ပြီး၊ချို့တဲ့စွာအသက်မွေးရသူဖြစ်တယ်။အတူနေသူ့အစ်မရဲ့ကလေးခုနစ်ယောက် ငတ်မွတ်နေကြတာကို သနားလွန်းလို့ ပေါင်မုန့်တစ်လုံးခိုးမိရာကနေ ပြစ်ဒဏ်ကြီးကြီးချမှတ်ခံရပြီး၊အလွန်ဆိုးဝါးလှတဲ့ထောင်ထဲမှာ လှေကျွန်အဖြစ် ၁၉နှစ်ကျခံရပြီး လွတ်မြောက်လာခဲ့ပေမယ့် သူ့ကိုဘယ်တည်းခိုခန်းကမှ အတည်းမခံကြသလို၊ဘယ်သူမှလည်း စားစရာရောင်းမပေးဘူး။ခင်ကြီးတစ်ပါးရဲ့ကျောင်းကိုရောက်သွားပြီး၊ခင်ကြီးက ညစာကျွေး၊အိပ်စရာနေရာပေးတယ်။ကျောင်းကပစ္စည်းတွေခိုးပြီး ထွက်သွားတော့ရဲတွေက ဖမ်းလာပြီး ခင်ကြီးဆီခေါ်လာတဲ့အခါ ခင်ကြီးကသူ့ကိုကယ်လိုက်တယ်။ယန်းဗေလ်ယန်းဟာ သန်မာထွားကြိုင်းတဲ့ လူကြမ်းကြီးဖြစ်ပေမယ့် ခင်ကြီးကသူ့ကို ကယ်တင်ပြီး ဆုံးမလွှတ်လိုက်တယ်။
    ယန်းဗေလ်ယန်းဟာ ဖန်ထည်လက်ဝတ်ရတနာကို အကုန်အကျသက်သာတဲ့နည်းနဲ့ထုတ်လုပ်နိုင်ရာကနေ ချမ်းသာလာတယ်။အလှူအတန်းရက်ရောပြီး၊အလုပ်သမားတွေကို လုပ်ခကောင်းကောင်းပေးတဲ့အပြင် ဆေးဝါးကုသပေးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေလည်းလုပ်ပေးတယ်။သူဟာကျော်ကြားတဲ့သူဌေးကြီးဖြစ်လာပြီး မြို့တော်ဝန်ဖြစ်လာခဲ့တယ်။သူ့ကိုတချိန်လုံးစောင့်ကြည့်နေတဲ့ရဲအရာရှိဗယက်က ထောင်ထဲပြန်ထည့်ဖို့ တချိန်လုံးစောင့်ကြည့်နေတယ်။မွန်စီယာမက်ဒလင်းလို့နာမည်ပြောင်းထားပြီး မြို့တော်ဝန်အထိဖြစ်လာတဲ့ ယန်းဗေလ်ယန်းကို အလွတ်မပေးဘူး။ခင်ကြီးနဲ့တွေ့ပြီးကတည်းက လူကောင်းတစ်ယောက်အဖြစ်သူ့ကိုယ်သူပြောင်းလဲနေပေမယ့် သူ့ရဲ့အရိပ်ဟောင်းက သူ့ကိုဒုက္ခပေးဖို့ရှိနေခဲ့တယ်။
    ယန်းဗေလ်ယန်းရဲ့လုပ်ငန်းထဲမှာ ဖွန်တင်းဆိုတဲ့ အလုပ်သမလေးတစ်ယောက်ရှိတယ်။ဖွန်တင်းဟာ ဆင်းရဲမွဲတေလွန်းလို့ သမီးကလေးကော့ဆက်ကို ထေနာဒီယေးတို့လင်မယားဆီမှာ ထားခဲ့ပြီး၊လုပ်ခရတာတွေကို သမီးကလေးစောင့်ရှောက်ပြုစုခအဖြစ်ပေးနေပေမယ့် ကော့ဆက်ကလေးဟာ အိမ်ကျွန်အဖြစ်နဲ့ ဆင်းရဲဒုက္ခကြီးစွာနေရတယ်။ဖွန်တင်းရဲ့နောက်ဆုံးရက်များမှာ ယန်းဗေလ်ယန်းက ကော့ဆက်ကလေးကို ကယ်တင်ဖို့အတွက် ကတိပေးခဲ့ပြီး၊ယန်းဗေလ်ယန်းအဖြစ် လူမှားစွပ်စွဲခံရသူကို ကယ်တင်တဲ့အနေနဲ့ သူကိုယ်တိုင် ယန်းဗေလ်ယန်းအဖြစ်ရုံးတော်မှာ ဝန်ခံလိုက်တယ်။သူ့ကိုထောင်ထဲမပို့မီ ကော့ဆက်ကလေးကို ကယ်တင်နိုင်ခဲ့တယ်။
    ယန်းဗေလ်ယန်းဟာ ကော့ဆက်ကလေး
    ကိုသံယောဇဥ်တွယ်မိသွားပြီး၊ထောင်ကနေထွက်ပြေးကာ ဒုက္ခများစွာခံပြီး ကျွေးမွေး
    စောင့်ရှောက်တယ်။ဗယက်ရဲ့ အလွတ်မခံလိုက်နေတာတွေကိုရှောင်ရှားရင်း ကော့ဆက်ကလေးကို ကျွေးမွေးစောင့်ရှောက်လာခဲ့တယ်။ကော့ဆက်ကလေးဟာ မာရီးယားဆိုတဲ့ကောင်လေးနဲ့ချစ်မိသွားကြတယ်။မာရီးယားက ဆွေကြီးမျိုးကြီးထဲကဖြစ်ပေမယ့် ဆင်းရဲသားပြည်သူလူထုအတွက် တော်လှန်ရေးလုပ်ဖို့ အိမ်ကဆင်းလာတာဆိုတော့ မွဲနေတယ်။
    ယန်းဗေလ်ယန်းက သူ့သမီးကော့ဆက်ကို မာရီးယားလို အလုပ်မရှိအကိုင်မရှိ တေလေဂျပိုးနဲ့သဘောမတူဘူး။နေရာတွေပြောင်းပြီး ဗယက်ရဲ့အန္တရာယ်ကနေ ရှောင်နေတဲ့ ယန်းဗေလ်ယန်းဟာ ဒီတစ်ခါမှာတော့ ပြင်သစ်ကနေ အင်္ဂလန်အထိ ရှောင်သွားဖို့ပြင်ဆင်တယ်။အဲဒီအခါမှာ ကော့ဆက်ဆီကို
    မာရီးယားရေးလိုက်တဲ့စာရပြီးတဲ့နောက် မာရီးယားတို့တော်လှန်ရေးအဖွဲ့တွေ ခံတပ်လုပ်ထားတဲ့နေရာကို ယန်းရောက်သွားတယ်။အင်အားမစို့မပို့နဲ့ အစိုးရတပ်တော်ကြီးကို အာခံတော်လှန်နေတဲ့ တော်လှန်ရေးသမားတွေနဲ့အတူရှိနေခဲ့ပြီး နောက်ဆုံးတော်လှန်ရေးသမားတွေ အတုံးအရုံးကျဆုံးသွားရပြီးတဲ့နောက်၊ဒဏ်ရာတွေအများကြီးရထားတဲ့ မာရီးယားကို မြေအောက်တူးမြောင်းတလျှောက်ခက်ခဲ ကြမ်းတမ်းစွာ ထမ်းပိုးခေါ်လာခဲ့ပြီး မာရီးယားရဲ့အဖိုးဆီကိုပို့ပေးနိုင်ခဲ့တယ်။
    မာရီးယားကို ဆရာဝန်တွေက အသက်ကယ်ကုသပေးနိုင်ခဲ့တယ်။မာရီးယားနဲ့ကော့ဆက်တို့ကိုလည်း မာရီးယားရဲ့အဖိုးက လက်ခံလို့ မင်္ဂလာဆောင်ပေးလိုက်တယ်။ယန်းဗေလ်ယန်းကတော့ သူချစ်တဲ့မွေးစားသမီးလေးကော့ဆက် ကောင်းစားသွားတာကို ကျေနပ်သွားပြီး၊သူစုဆောင်းခဲ့တဲ့ ငွေတွေအကုန်ပေးခဲ့တယ်။မာရီးယားဟာ သူ့အသက်သခင်ကျေးဇူးရှင်ကို စုံထောက်တွေငှားပြီးရှာဖွေခဲ့ပေမယ့်မတွေ့ခဲ့ဘူး။ယန်းဗေလ်ယန်းက သူ့ဘဝဟောင်းကို မာရီးယားကိုပြောပြခဲ့သလို ကော့ဆက်အကြောင်းကိုလည်း ပြောပြလိုက်တယ်။
    ထေနာဒီယေးက ကော့ဆက်ရဲ့အဖေကြီးယန်းဗေလ်ယန်းအကြောင်း မာရီးယားကိုလာပြောပြီးငွေညှစ်သလိုလုပ်ရာက သူ့အသက်သခင်ကျေးဇူးရှင်ဟာ ယန်းဗေလ်ယန်းဆိုတာသိသွားတယ်။ကော့ဆက်ကိုခေါ်ပြီး ယန်းဗေလ်ယန်းဆီလိုက်သွားရမှာတော့ သေတော့မယ့်ဆဲဆဲအခြေအနေကိုတွေ့လိုက်ရပြီး သူတို့လက်ထဲမှာပဲ ယန်းဗေလ်ယန်းသေသွားတယ်။
    ယန်းဗေလ်ယန်းရဲ့စွန့်စားခန်းတွေ၊ဒုက္ခဆင်းရဲမှုတွေ၊ကြိုးစားအားထုတ်မှုတွေ၊စိတ်သဘောထားကောင်းမွန်မှုတွေကို အခြေခံပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဝတ္ထုဇာတ်ကြောင်းကြီးကို ဇာတ်ကောင်ပေါင်းများစွာနဲ့ရေးဖွဲ့ထားတယ်။ဇာတ်ကောင်တွေကို ချိတ်ဆက်သွားတာမှာလည်း လှပကောင်းမွန်လှတယ်။ပြင်သစ်တော်လှန်ရေးအကြောင်းကိုမာရီးယားတို့လူငယ်တစ်ဖွဲ့နဲ့ပဲ အကွက်ဖော်ဖော်ပြသွားတယ်။
    ယန်းဗေလ်ယန်းကို ဘယ်ဘဝရောက်နေနေ ထောင်ထဲပြန်ထည့်ဖို့ တချိန်လုံးကြိုးစားနေတဲ့ ဗယက်ကိုလည်း ယန်းဗေလ်ယန်းကအသက်ဘေးကကယ်တင်ခဲ့တယ်။မာရီးယားရဲ့အဖေကို တိုက်ပွဲအတွင်းကယ်တင်ဖူးတဲ့ ထေနာဒီယေးတို့မှာ အကြံအဖန်လင်မယားတွေဖြစ်နေပြီး ကော့ဆက်ကိုအသုံးချပြီးယန်းဗေလ်ယန်းဆီက ငွေတွေရဖို့ကြံတယ်။ထေနာဒီယေးရဲ့သား ဂါ့ဗ်ရော့ရှ်ဟာ မာရီးယားတို့တော်လှန်ရေးအဖွဲ့ထဲမှာ အငယ်ဆုံးလေးဖြစ်ပေမယ့် တက်ကြွစွာပါဝင်ရင်း အသက်ဆုံးရတယ်။သမီးအေပိုနင်းကတော့ မာရီးယားကိုချစ်မိသွားပြီး ကော့ဆက်နဲ့လွဲအောင်ကြိုးစားခဲ့ပေမယ့် မာရီးယားကိုကယ်ရင်း အသက်ပေးလိုက်ရတယ်။
    ဗယက်ဟာ ယန်းဗေလ်ယန်းကို ထောင်ထဲ
    ပြန်ထည့်နိုင်ဖို့ ဇွဲကောင်းကောင်းနဲ့ကြိုးစားခဲ့သူဖြစ်ပေမယ့် သူ့အသက်ကို ယန်းဗေလ်ယန်းကကယ်တင်လိုက်ပြီးတဲ့နောက် ယန်းဗေလ်ယန်းရဲ့ စိတ်ကောင်းစေတနာကောင်းတွေကို မျက်ကွယ်ပြုခဲ့တာတွေအပေါ် အရှက်ရသွားပြီး မာရီးယားအဖိုးအိမ်ကို ယန်းဗေလ်ယန်းနဲ့အတူ လိုက်ပို့ပေးပြီးတဲ့နောက် သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်။
    ပေါင်မုန့်ကလေးတစ်လုံးခိုးမိတာကနေ ပြစ်ဒဏ်ကြီးကြီးချမှတ်ခံရကာ ၁၉နှစ်ကြာလှေကျွန်အဖြစ်ထောင်ကျခံခဲ့ရပေမယ့် ခံဝန်နဲ့
    ပြန်လွတ်လာပြီး သူ့ဘဝအလှည့်အပြောင်းကို
    ကောင်းတဲ့ဘက်ကူးလိုက်ပေမယ့် ယန်းဗေလ်ယန်းရဲ့ဘဝဟာ ဘဝဟောင်းရဲ့ဒုက္ခပေးမှုတွေကို စိတ်ရောကိုယ်ပါခံရတယ်။ဝတ္ထုအဆုံးသတ်ကိုတော့ ဒရာမာအကွက်ကောင်းကောင်းနဲ့ လှပစွာအဆုံးသတ်ခဲ့တယ်။ဇာတ်လိုက်ကျော်ကြီး ယန်းဗေလ်ယန်းကို အထိုက်တန်ဆုံးဂုဏ်ပြုပေးလိုက်တဲ့ ဇာတ်သိမ်းကို သိမ်းပေးလိုက်တယ်။
    ဇာတ်လမ်းအကျဥ်း၊နည်းနည်းချဲ့လိုက်တဲ့ဇာတ်ကြောင်း၊ပိုပြီးကြွယ်ဝစွာ ဖွဲ့စည်းတည်ဆောက်လိုက်တဲ့ ဇာတ်အိမ်ကြီး စသည် စသည်ဖြင့် ဂန္ထဝင်ဝတ္ထုကြီးတစ်ပုဒ်ရဲ့ ဖန်တီးမှုလက်ရာအထာတွေကို စိတ်ဝင်စားစရာ ဖတ်ရှုလေ့လာနိုင်တဲ့ဝတ္ထုကြီးပါ။ဝတ္ထုကနေဝတ္ထုဖတ်သူကိုပေးတဲ့အသိ၊အမြင်တွေကလည်းအားကောင်းခန့်ထည်လှတာကို တွေ့ရပါမယ်။လူ့သဘာဝ၊လူ့စရိုက်ကို ပီပြင်စွာပုံဖော်ထားတာဖြစ်လို့ ဝတ္ထုရဲ့နောက်ခံကာလဆက်တင်
    ဟာ သမိုင်းဟောင်းအဖြစ်ကျန်နေခဲ့ပြီဖြစ်ပေမယ့် လူ့စရိုက်၊လူ့သဘာဝ၊ဓမ္မနဲ့အဓမ္မ အဝန်းအဝိုင်းနဲ့ လက်ဆုပ်လက်ကိုင် ကောင်းမှုမကောင်းမှုတွေဟာ သစ်လွင်နေဆဲဖြစ်တာကိုတွေ့နိုင်ပါတယ်။
    ဓမ္မဘက်တော်သားတွေက ဓမ္မအတိုင်းပဲ
    ဂုဏ်သိက္ခာရှိနေမြဲဖြစ်ပြီး၊အဓမ္မဘက်တော်သားတွေကတော့ အဓမ္မအမူအကျင့်နဲ့ ဂုဏ်သိက္ခာမဲ့မှုတွေပဲ လုပ်ဆောင်နေတာကိုမြင်တွေ့ရပါလိမ့်မယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တင်မောင်မြင့် စာအုပ်များ