မမကြီး
7000 (ကျပ်)
မြန်မာ့စာပေလောကတွင် စာဖတ်သူများကြား ရေပန်းစားခဲ့သော ၊ ယနေ့တိုင် ထင်ရှားကျော်ကြားနေဆဲဖြစ်သော ‘ မြိုင် ‘ ၀တ္ထု ကဲ့သို့ပင် အိမ်ထောင်ရေးဇာတ်လမ်းကို ရေးဖွဲ့ထားသော ဆရာကြီး ဗန်းမော်တင်အောင်၏ အမျိုးသမီးဇာတ်ကောင် မမကြီး . . .
💚’ မမကြီး ‘ ၀တ္ထုဟာ ၁၉၆၀ ပြည့်နှစ်မှာ စာရေးဆရာကြီးတစ်ဦး၏ ၀တ္ထုနှင့်အတူ စာပေဗိမာန်ဆုကို ပူးတွဲရရှိခဲ့ပေမယ့် စာရေးသူက ငြင်းပယ်ပြီး ဆုကို မယူဘဲ ငြင်းပယ်ခဲ့တဲ့ ၀တ္ထုဖြစ်ပါတယ် . .
💚လူအများစုသည် အချစ်နှင့်ထိတွေ့လျှင် ရူးမတက် စိတ်ကူးယဉ်တတ်ကြသည်။ ထိုစိတ်ကူးထဲတွင် စိတ်ချမ်းသာမှု သုခကိုသာ တွေးတောကြပြီး အခြားသော ဒုက္ခဆင်းရဲများကိုမူ ထည့်စဉ်းစားခြင်း မရှိကြပေ။ အိမ်ထောင်ပြုရာတွင်လည်း ထိုနည်းလည်းကောင်းသာ . . .
💚ဤ၀တ္ထုတွင်လည်း ကလေးနှစ်ယောက် ဖခင် တရားသူကြီး ဦးအေးသွင်ရဲ့မှားယွင်းစွာ ပြုခဲ့မိတဲ့ အိမ်ထောင်တစ်ခုကို မှတ်သားဖွယ်ရာ အနေဖြင့် ဖော်ပြထားပြီး အချစ်နှင့်မထိတွေ့ဖူးသူ သူငယ်မကလေး ခင်၏ဘ၀ ၊ အဒေါ်ဖြစ်သူ မမကြီးတို့ရဲ့ သံယောဇဉ်အလှ ၊စိတ်စေတနာအလှ မွန်မြတ်တင့်တယ်ပုံတို့ကို စာရေးသူ၏ စာအလှဖြင့် ဖွဲ့နွဲ့တင်ပြထားလေသည်။
| စာမျက်နှာ | 192 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 × 0.3 × 8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2024 ဇန်နဝါရီလ(ဆဌမအကြိမ်) |
Out of stock





Aeri Myat –
အခုတလော ဖတ်ဖြစ်သမျှထဲက အကြိုက်ဆုံးတစ်အုပ်ပါပဲ။ရသစာပေရဲ့ အနှစ်သာရ ပြည့်ပြည့်ဝဝကို ခံစားဖတ်ရှုလိုသူများအတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။
ရာဇဝတ်တရားသူကြီး ဦးအေးသွင်
ကလေးနှစ်ယောက် ဖခင် မုဆိုးဖိုပေမယ့်
အနေအထိုင်တည်ကြည်ပြီး ကိုယ်ကျင့်သိက္ခာ တည်ကြည်လေးနက်တဲ့ လူတစ်ယောက် ဖြစ်တာမို့ လူအများက လေးစားကြရတဲ့ သူတစ်ယောက် ဖြစ်တယ်။
ဦးအေးသွင်ဟာ သူ့ထက်အသက်ငယ်တဲ့
ခင်ဆိုတဲ့ မိန်းကလေးနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာပြီးနောက်ပိုင်း သွားလည်း “ခင်” စားလည်း “ခင်” ဆိုသလို
ခင့်အပေါ်မှာ တွယ်ငြိခြင်းတွေ ဖြစ်ပေါ်လာတော့တယ်။
ခင် ရဲ့အဒေါ်ဖြစ်သူ “မမကြီး”နဲ့
ဦးအေးသွင်ကို သူတို့ရဲ့ အရာရှိအသိုင်းအဝိုင်းတစ်ခုလုံးက သဘောတူပြီး ချိတ်ဆက်ပေးချင်ကြတယ်။
ဖြစ်ချင်တော့ ဦးအေးသွင်က အဒေါ်ဖြစ်သူနဲ့ မတွေ့ခင် တူမကလေးကို တမ်းတမ်းစွဲ ဖြစ်သွားရှာတယ်။
ဒီလိုနဲ့ မယားငယ်ငယ်လေးကို အရယူပြီး
မိုးမမြင် လေမမြင် ပျော်ရွှင်ခဲ့ကြတာပေါ့လေ။
တကယ့် လက်တွေ့မှာကျ အိမ်ထောင်မှူထိန်းသိမ်းဖို့၊ ဦးအေးသွင်ရဲ့ မယားပါ
ကလေးနှစ်ယောက်ကို စောင့်ရှောက်ဖို့၊
အိမ်ရဲ့ ဝင်ငွေ၊ ထွက်ငွေစရိတ်ကို မျှတအောင် သုံးစွဲဖို့ ဘာဆိုဘာမှမသိတဲ့
ခင်တစ်ယောက်ဟာ ဦးအေးသွင်ရဲ့
အလိုလိုက်၊ အရေးပေးမှုအောက်မှာ
စိတ်ထင်တိုင်းကြဲတော့တာရယ်။
ခင့်ကြောင့်ပဲ တည်ကြည်ရိုးဖြောင့်တဲ့ ဦးအေးသွင်ဟာ မထင်ထားတဲ့ လုပ်ရပ်တစ်ခုကို လုပ်မိသွားတယ်။အဲ့ဒီနောက်ပိုင်း
လည်း ခင်ဟာ ဆိုးမြဲ၊ လွင့်ဆဲ…အဒေါ်ဖြစ်သူ မမကြီးကတော့ သူ့တူမလေးအပေါ် နောက်ဆုံးအချိန်ထိ မေတ္တာမပျက်ယွင်းခဲ့ဘူး။သိပ်ကိုတော်တဲ့ အမေလို အဒေါ်မျိုးမို့ လေးစားစရာ အလွန်ကောင်းပါတယ်။
ဦးအေးသွင်လည်း လွန်မှ နောင်တကြီးစွာရ၊ ခင်လည်း နောက်ဆုံးမှ အဒေါ့်ရဲ့ မေတ္တာစေတနာကို နားလည်သွားခဲ့တာ
အခါနှောင်းခဲ့ပေမယ့်လည်းပေါ့လေ။
သူ့မိုက်ပြစ်တွေအတွက် ပေးဆပ်ရတယ်လို့ပဲ တွေးမိပါတယ်။
ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ အရေးအသားကလည်း ထိထိမိမိနဲ့ မျက်စိရှေ့မှာ မြင်နေရသလို ကွက်ကွက်ကွင်းကွင်း
ရေးပြသွားတာ၊ နောက်ပြီး ဝါကျဖွဲ့စည်းပုံတွေကအစ သဘောကျရသောပါပဲ။
ရသစာပေ ကြိုက်နှစ်သက်သူများအတွက် စာအုပ်ကောင်းလေးတစ်အုပ်မို့ ဖတ်ကြည့်စေချင်ပါတယ်။
စာအုပ်လေး ပြန်လည် ထုတ်ဝေပေးတဲ့ စာရိပ်မြိုင်စာပေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်❤️