ရွေးချယ်ခြင်း အနုပညာ

( 4 မှတ်ချက်)

12500 (ကျပ်)

▫️ ဘဝတစ်ခုလုံးက ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတာပါ။ ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ ရွေးချယ်မှုတစ်ခု ပြုပြီးရင်လဲ နောက်ထပ် ရွေးချယ်မှုတွေ ထပ်ကြုံလာမှာပါပဲ။ တချို့ ရွေးချယ်မှုတွေက အရာအားလုံးကို ပြောင်းလဲသွားနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဘဝတစ်လျှောက်လုံး ဖြစ်ပျက်လာတဲ့ အခိုက်အတန့်တွေဟာ ရွေးချယ်မှုတွေပေါ် မူတည်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်ရဲ့ ရွေးချယ်မှုကို အခြားသူကို ကူညီခိုင်းလို့ ရနိုင်ပေမဲ့ ဘဝရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေမှာ ကိုယ်တိုင်ပဲ ရွေးချယ်ကြရတာပါ။

▫️ ရွေးချယ်ချင်တာကို ရွေးချယ်မှာလား?
▫️ ရွေးချယ်သင့်တာကို ရွေးချယ်မှာလား?
▫️ “ရွေးချယ်ခြင်း အနုပညာ”က အကောင်းဆုံးတွေကို ရွေးချယ်နိုင်ဖို့ သင့်ကို လမ်းညွှန် ပြသသွားမှာပါ။

▫️ စာအုပ်အဖြစ်ကော ရုပ်ရှင်အဖြစ်ပါ အောင်မြင်ခဲ့တဲ့ Nicholas Sparks ရဲ့ နာမည်ကျော်ဝတ္ထု The Choice ကို ဆရာဦးတင်မောင်မြင့်က ရွေးချယ်ခြင်းအနုပညာ အမည်နဲ့ ဘာသာပြန်ဆိုထားပါတယ်။ Nicholas Sparks ရဲ့ နာမည်ကျော်စာအုပ်များကဲ့သို့ ဖတ်ရှုသူတို့ရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်မှာမို့ ဇာတ်သိမ်းမှာ မျက်ရည်မခိုင်သူတို့ အနားမှာ တစ်ရှူးဆောင်ထားပြီး ဖတ်ရမဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Goodsread မှာ 5 stars – 38% , 4 stars – 33% , 3 stars – 21% အထိ ရရှိထားတဲ့ စာအုပ်ဖြစ်ပြီး 5 stars ပေးတဲ့ Reviewer တွေထဲက အချို့ရဲ့ ညွှန်းဆိုချက်တွေနဲ့ ဆရာဦးတင်မောင်မြင့် ဘယ်လိုခံစား ဘာသာပြန်ခဲ့ရသလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

▫️ မေရီအိဗ် – “ကျွန်မ နှလုံးသားတွေ ကွဲကြေကုန်သလိုပါပဲ။ ဇာတ်လမ်းဆုံးတော့ ငါးမိနစ်လောက် အငိုမတိတ်နိုင်ခဲ့ဘူး။ နိကလက်စပတ် ရေးပုံက ဇာတ်လမ်းကို ခေါင်းထဲရိုက်သွင်းပြီးမှ အကျပ်အတည်းတွေ (ရွေးချယ်မှု) ကို စဉ်းစားခိုင်းသလိုပါပဲ။ ဖတ်ပြီး ငါးမိနစ်လောက် ကျွန်မ အငို မတိတ်နိုင်ခဲ့ဘူး”

▫️ ဂျွန်ကလာယာရီ – “The Choice ဟာ သိပ်လှတဲ့ အချစ်ဝတ္ထုတပုဒ်ပါ။ ကျွန်တော် အကြိုက်ဆုံး ဝတ္ထု။ ရုပ်ရှင်ကြည့်တော့လဲ စာအုပ်ဖတ်တုန်းကအတိုင်း ‘ခိုက်’သွားတာပဲ။ ထရားဗစ်နဲ့ ဂက်ဘီဟာ စာဖတ်သူတိုင်းရဲ့ ရင်ထဲကို ရောက်သွားမှာ သေချာပါတယ်။ ကတိကဝတ်တိုင်း မဖောက်မဖျက် လိုက်နာသင့်သလားဆိုတဲ့ ပြဿနာလဲ ခင်ဗျားခေါင်းထဲ ရောက်လာမှာ သေချာပါတယ်။ ဖတ်ဖို့ အပြတ်ညွှန်းချင်ပါတယ်”

▫️ အက်ရှ်လေ – “အချစ်ဟူသည် ဘယ်အတိုင်းအတာအထိ ဘဝထဲမှာ စီးမျောစေတဲ့ အရာလဲ … ဆိုတဲ့ ပြဿနာကို ဆွေးနွေးထားတဲ့ ဝတ္ထုပါ။ ခါတိုင်းလိုပါပဲ။ နိကလပ်စ်ရဲ့ ဝတ္ထုတွေဖတ်ရင် မငိုဘဲ မနေနိုင်ပါဘူး။ ဇာတ်ကောင်တွေက အသက်ဝင်လွန်းတယ်။ တကယ့်အဖြစ်အပျက်များလား အောက်မေ့ရတယ်။ ထရားဗစ်ရော၊ ဂတ်ဘီပါ ဘယ်တော့မှ မေ့မရနိုင်တော့တဲ့ ဇာတ်ကောင်မျိုးတွေပါ။

▫️ ဘာသာပြန်သူ ဆရာဦးတင်မောင်မြင့် – “ဟုတ်ကဲ့၊ ကျွန်တော်လား။ ကျွန်တော်က သိပ်မျက်ရည်လွယ်တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစာအုပ်ကို ပြန်နေရင်း သောက်နေကျ သွေးကျဆေးတွေရဲ့ Dose က Maximum ကို ရောက်သွားပါတော့တယ်”
◽◽◽

စာမျက်နှာ

336

စာအုပ်အရွယ်အစား

5.4 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2023 ဒီဇင်ဘာလ

Out of stock

ရွေးချယ်ခြင်း အနုပညာ အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. ဖုဖု

    pre order

  2. Aeri Myat (verified owner)

    “ရွေးချယ်ခြင်းအနုပညာ”

    ဘဝမှာ ရွေးချယ်ခြင်းတွေ နေ့စဥ်နဲ့အမျှ လူတိုင်းလုပ်ကြရတယ်။မွေးဖွားချိန်မှသည် သေဆုံးတဲ့အချိန်အထိပါပဲ။

    ဒီစာအုပ်လေးထဲက အမျိုးသမီးလေး
    ဂက်ဘီကလည်း သူမဘဝအတွက်
    ချစ်သူ ကေဗင်ရယ်၊ မမျှော်လင့်ဘဲ သူမဘဝထဲ ရောက်လာတဲ့ ထရားဗစ် တို့ကြားမှာ ရွေးချယ်မှုတစ်ခုကို လုပ်ရလေတယ်။

    ချစ်သူဆိုတာထက် ဘဝလက်တွဲဖော်အဖြစ် သူမ ရွေးချယ်လိုက်သူက…
    ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းပြီး လက်ရှိ ပစ္စုပ္ပန်အချိန်တည့်တည့်မှာ ပျော်ရွှင်အေးချမ်းစွာ နေထိုင်တတ်တဲ့ “ထရားဗစ်”

    ဂက်ဘီ့လိုပဲ ကြင်နာတတ်တယ်၊ကလေးတွေ၊တိရစ္ဆာန်လေးတွေ ချစ်တတ်တယ်၊
    နောက်ပြီး စိတ်ရင်းစေတနာကောင်းပြီး
    ဂက်ဘီ့အပေါ် မေတ္တာအပြည့်ထားပြီး ချစ်ပေးတဲ့ “ထရားဗစ်”ရယ်ပါ❤️

    ဘဝမှာ အကြိမ်ကြိမ် ရွေးချယ်စရာတွေ
    ပေါ်လာတတ်သလိုပဲ…ထရားဗစ်အတွက် အရေးအကြီးဆုံး ရွေးချယ်မှုတစ်ခုကို ဂက်ဘီ့အတွက် ဆုံးဖြတ်ရမယ့် အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့တယ်။

    ကောင်းသော အဆုံးအဖြတ် ဖြစ်လာမှာလား၊ ဂက်ဘီ့အပေါ်ထားတဲ့ ကတိသစ္စာစကား တည်ဖို့လမ်းကို ရွေးသွားမှာလား
    ဆိုပြီး အဆုံးသတ်ထိ အသည်းတယားယား ဖတ်ရတော့တာပဲ။

    ဖတ်ပြီးရင်တော့ ချစ်ခြင်းမေတ္တာရဲ့ လှပမှုနဲ့ စွမ်းအားတွေက အတိုင်းအဆမရှိ
    ကျယ်ပြန့်ကြောင်းနဲ့ အံ့အားသင့်စရာတွေ
    ဖြစ်လာတတ်ကြောင်းကို အသေအချာ ခံစားမိစေပါလိမ့်မယ်🥰❤️

    ကျွန်မကတော့ ဖတ်ရင်း ကြည်နူးလို့ ငိုလိုက်ရ၊ဝမ်းနည်းလို့ ငိုလိုက်ရနဲ့ပါပဲ။ဆရာကြီး တင်မောင်မြင့် ဘာသာပြန် ညက်ညောမှုကြောင့်လည်း ဖတ်ရတာ ပိုပြီး အသက်ဝင်နေတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာတယ်လို့ ဆိုချင်ပါတယ်။

    ဖတ်ပြီး စိတ်ထဲ စွဲကျန်နေစေမယ့် စာအုပ်ကောင်းလေးတစ်အုပ်လည်း ဖြစ်ပါတယ်🥰

    Shwe Khoon Cho – ရွှေခွန်းချို စာပေ
    ကိုလည်း စာအုပ်ကောင်းလေး ထုတ်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်🧡

    ဆရာကြီးလည်း ကျန်းမာသက်ရှည် ဘေးကင်းပြီး စာအုပ်ကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေ🙏🙏🙏

  3. Motivated Yourself

    အချစ်အနှစ်ဇာတ်လမ်းလေးတွေ သဘောကျရင် ဒီစာအုပ်လေးဖတ်ဖြစ်အောင်ဖတ် 🤍
    ဖတ်နေရင်းမျက်ရည်ကျရတဲ့ စာအုပ်လေးပေါ့……
    “ထရားဗစ်” လိုယောကျာ်းမျိုးက ရှိတော့ရှိတယ်ရှားတယ်…… သူ့နှလုံးသားရဲ့ ရွေးချယ်မှုနောက်ကိုလိုက်ခဲ့တဲ့ “ထရားဗစ်” တစ်ယောက်ရဲ့ ရွေးချယ်မှုတွေမှန်ကန်ရဲ့လားဆိုတာတော့ ဖတ်ကြည့်နော်……
    တစ်ချို့လည်း “The Choice” ဆိုတဲ့ဇာတ်ကားလေးကိုကြည့်ဖူးကောင်းကြည့်ဖူးလိမ့်မယ်….. ကျွန်မကတော့ ဒီစာအုပ်လေးဖတ်ပြီးချိန်မှာပဲ ဇာတ်ကားကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်….. ဖတ်ရင်းနဲ့မျက်ရည်လည်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့……မင်းသား “ထရားဗစ်” နဲ့ မင်းသမီး “ဂက်ဘီ” တို့ရဲ့ သာယာကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေး ဘယ်လို အဆုံးသတ်သွားလဲဆိုတာ တော်တော်လေးဖတ်ကောင်းပါတယ်……
    ဘဝမှာရွေးချယ်စရာတွေနဲ့ကြုံလာတဲ့အခါ ကျွန်မတို့ဘာကိုရွေးချယ်ကြလဲ…..ဦးနှောက်ကဆုံးဖြတ်တာကိုလား နှလုံးသားက ရွေးချယ်တာကိုလား …… နှလုံးသားကပဲ ဆုံးဖြတ် ဆုံးဖြတ် ဦးနှောက်ကပဲ ဆုံးဖြတ်ဆုံးဖြတ် နောက်ဆုံးတော့ ရွေးချယ်မှုတစ်ခုခုလုပ်ရတာပဲ မဟုတ်လား….တစ်ခါတစ်လေလည်းနောင်တတွေရှိသလို ရွေးချယ်မှု မှန်ကန်သွားတာတွေလည်း ဒုနဲ့ဒေးပဲ…. Relationship တစ်ခုမှာဆို Right person right time ဆိုသလိုပေါ့….. မှန်ကန်တဲ့ ရွေးချယ်မှုလေးတွေဖြစ်ဖို့တော့လိုတယ် မဟုတ်လား….
    Relationship တစ်ခုမှာ ကိုယ်ဘက်ကတစ်ကယ်အချစ်စစ်ဆိုတာသေချာတယ်…..လုံးဝသေချာပီဆိုရင်တော့ ကိုယ့်နှလုံးသားက Guide လုပ်တဲ့နောက်ကို လိုက်ပါ…… တစ်ခါတစ်လေလည်း Follow your heart လုပ်ရတာ ဘဝမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုတစ်ခုပဲမဟုတ်လား 💝
    #ရွေးချယ်ခြင်းအနုပညာ
    #တင်မောင်မြင့်
    #TheChoice
    #NicolasSparks

  4. စိုးဘားဒိုင်

    ချစ်စရာကောင်းတဲ့ အချစ်ဝတ္ထုတစ်ပုဒ်။
    Nicholas Sparks ရဲ့ The Choice ကိုဆရာတင်မောင်မြင့်က ရွေးချယ်ခြင်းအနုပညာ အမည်နဲဲ့ဘာသာပြန်ပါတယ်။နီကိုလတ်စ်စပါ့စ်ရဲ့ အရေးအသားက ရိုးရှင်းသိပ်သည်းတော့ ဖတ်ရတာလွယ်ကူပြီး၊ခံစားမှုအာရုံကို သိပ်သိပ်သည်းသည်း စိုးမိုးထားနိုင်တဲ့ အရေးအသားမျိုးလို့ဆိုရမှာပါ။
    ဝတ္ထုရဲ့အပိုင်း( ၁ )ကို စာမျက်နှာအတော်များများယူထားပြီး၊ထရားဗစ်နဲ့ဂက်ဘီတို့ရဲ့အချစ်ကိုရေးဖွဲ့ထားတယ်။အပိုင်းတစ်ပိုင်းလုံး
    ဟာ ကြည်နူးရင်ခုန်စရာ အချစ်တွေနဲ့ ပြည့်နှက်နေလေတော့ ဖတ်ရတာလည်း ကြည်နူးစရာကောင်းလှတယ်။သွက်လက်သိပ်သည်းတဲ့ အရေးအသားနဲ့အတူ ထရားဗစ်နဲ့ ဂက်ဘီတို့ရဲ့ အချစ်ဟာခန်းနားနေတယ်။
    ထရားဗစ်က တိကုဆရာဝန်၊ဂက်ဘီက ကလေးဆရာဝန်။သူတို့နှစ်ယောက်ဟာ အိမ်နီးချင်းတွေဖြစ်လာကြသလို တကိုယ်ရည်နေထိုင်ကြသူတွေလည်းဖြစ်ကြတယ်။ထရားဗစ်က လွတ်လွတ်လပ်လပ်နေထိုင်ရှင်သန်ရတာသဘောကျပြီး၊အပေါင်းအသင်းမိသားစုတွေနဲ့လည်း ကိုယ်စိတ်နှစ်ပါး အပန်းပြေစေမယ့် အစီအစဥ်လေးတွေကိုလုပ်တတ်တယ်။စိတ်ရင်းကောင်းပြီး၊သတ္တဝါတွေအပေါ် ချစ်တတ်တယ်။ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးတစ်ခုကို အိပ်မက်မက်ထားပြီး၊တွဲတဲ့သူတွေရှိပေမယ့် အိမ်ထောင်မကျသေးတဲ့သူ။
    ဂက်ဘီကကျတော့ မိဘနှစ်ပါးရဲ့ သွန်သင်မှုအောက်မှာ တည်တည်ငြိမ်ငြိမ် ဘဝကလေးအဖြစ် တစ်ယောက်တည်းရှင်သန်နေထိုင်နေသူဖြစ်တယ်။သူ့မှာတွဲနေတာကြာပြီဖြစ်တဲ့ ချစ်သူတစ်ယောက်ရှိတယ်။လက်ထပ်ဖို့အတွက် အချိန်ညှိနှိုင်းလို့မရသေးပေမယ့် တစ်ဦးနဲ့တစ်ဦး ဂရုတစိုက်ရှိကြတယ်။တစ်ခါတလေ အတူလည်ကြတယ်။တစ်ခါတလေ ချစ်တင်းနှောကြတယ်။အိမ်ထောင်တစ်ခု ထူထောင်ဖို့ပဲ လိုတော့တဲ့အနေအထားမျိုးနဲ့ ချစ်သူနှစ်ဦးဖြစ်ပြီး၊နှစ်ယောက်စလုံးကလည်း ကိုယ့်အလုပ်နဲ့ကိုယ်အောင်မြင်နေကြသူတွေဖြစ်တယ်။
    ထရားဗစ်က သူ့အိမ်နီးနားချင်းနဲ့ ရင်းနှီးခင်မင်ချင်တယ်။အဲဒီလိုရင်းနှီးခင်မင်ဖြစ်ဖို့ဖြစ်လာတဲ့ အောင်သွယ်တော်ကတော့ ဂက်ဘီရဲ့ ခွေးမလေးမော်လီ။မော်လီတစ်ယောက် ကိုယ်ဝန်ဆောင်နေရပြီလို့ ဂက်ဘီသိလိုက်ချိန်မှာ ဒီကိုယ်ဝန်ဟာ ထရားဗစ်ရဲ့ ခွေးထီးလေး
    မော်ဘီနဲ့ရတဲ့ကိုယ်ဝန်လို့တွက်လိုက်တယ်။မော်လီတစ်ကောင် ခွေးကလေးတွေမွေးလာတော့မှာကို ဂက်ဘီတော်တော်စိတ်ညစ်သွားတယ်။ဒီကိစ္စကို ဘယ်လိုတာဝန်ယူမှာလဲလို့ ထရားဗစ်ကို သွားရန်တွေ့တာကနေ သူတို့နှစ်
    ယောက်ပိုပိုထိတွေ့ရင်းနှီးလာပြီး၊သံယောဇဥ်တွယ်လာရပုံကို ရိုးရိုးစင်းစင်းကလေးနဲ့ပဲ အ
    ကွက်မိမိရေးသွားတာ ဖတ်ရတဲ့သူကလည်း သူ့ဝတ္ထုကြောမှာ အသာကလေးလိုက်ပါသွားမိတော့တယ်။
    ထရားဗစ်နဲ့ဂက်ဘီညားကြတယ်။အပိုင်း( ၂ )ကိုရောက်တာနဲ့ ကြေကွဲစရာတွေနဲ့
    စတင်လိုက်တော့တာပဲ။ထရားဗစ်နဲ့ဂက်ဘီတို့ချစ်သူတွေဖြစ်လာပြီး၊လက်ထပ်ကြတဲ့အထိရေးထားတဲ့ အပိုင်း( ၁ )မှာ ကြည်နူးစရာတွေနဲ့
    ထုံးသီထားတဲ့ အချစ်ကိုဖွဲ့တယ်။အပိုင်း( ၂ )ကျတော့ ကြေကွဲစရာတွေနဲ့အချစ်ကို လက်ထဲကမလွတ်အောင် ဖမ်းဆုပ်ညှစ်ထားတဲ့အချစ်နဲ့ဖွဲ့တယ်။နှစ်ပိုင်းစလုံးဟာ အချစ်နဲ့ဖွဲ့ထားတာတွေပါပဲ။ကြည်နူးစရာရော၊ကြေကွဲစရာရောဟာ အချစ်နဲ့တသားတည်း ရစ်နှောင်နေလေရဲ့။
    ကြည်နူးစရာအချစ်ဖွဲ့ကိုဖတ်နေရချိန်မှာ
    အချစ်ရဲ့အရသာဟာ ချိုမြိန်ပျစ်နှစ်လို့နေတယ်။ကြေကွဲစရာအချစ်ဖွဲ့ကို ဖတ်နေရချိန်မှာတော့ တစိမ့်စိမ့်နာကျင်မှုအချစ်အရသာဟာ ခါးသက်ဆိမ့်အီလို့နေပြန်တယ်။
    ဘယ်လိုအနေအထားမျိုးကိုပဲ ရောက်ရောက် အချစ်သာစွဲစွဲမြဲမြဲရှိနေရင် အဲဒီအချစ်နဲ့ ရစ်ပတ်တွယ်နှောင်နေတဲ့ နွယ်ဟာခံနိုင်ရည်အရှိဆုံးနွယ်ဖြစ်နေတော့တယ်။ဘယ်တော့မှ
    ပြတ်တောက်မသွားနိုင်တဲ့ နွယ်မျိုး။
    ထရားဗစ်နဲ့ဂက်ဘီတို့ဟာ သမီးလေးနှစ်ယောက်ရတယ်။သူတို့အချင်းချင်းသိပ်ချစ်ကြသလို၊သူတို့သမီးလေးတွေကိုလည်း နှစ်ယောက်စလုံးကသိပ်ချစ်ကြတယ်။အလွန်ကြည်နူးပျော်မွေ့ဖွယ်ရာကောင်းတဲ့ မိသားစုလေးထဲကို ဝင်မွှေလိုက်တဲ့ကံကြမ္မာကတော့
    ထရားဗစ်မောင်းလာတဲ့ကား မှောက်သွားပြီး၊
    ဂက်ဘီတစ်ယောက် ကိုမာဖြစ်သွားရတာပဲ။
    အဲဒီကာလမှာ သူတို့မိသားစုရဲ့ ချစ်ခြင်းကိုဖတ်ရတာ နင့်နေတော့တာပဲ။နင့်နေတဲ့ကြား
    ကမျှော်လင့်ချက်ကလေးဟာ သူတို့နဲ့အတူ စာ
    ဖတ်သူတွေရင်ထဲမှာပါ အတူတကွရှိနေလေ
    အောင် အရေးအဖွဲ့ကောင်းနဲ့ ပူးကပ်ထားနိုင်ပါတယ်။
    ဝတ္ထုရဲ့ခေါင်းစဥ် ရွေးချယ်မှု ဟာဝတ္ထုဆုံးခါနီးမှာ ရောက်လာခဲ့ပါပြီ။ထရားဗစ်ရွေးချယ်ရမယ့်ကိစ္စမှာ စာဖတ်သူဟာရင်တထိတ်ထိတ်ပါပဲ။စာဖတ်သူကိုယ်တိုင်ဆိုရင်
    ဘယ်လိုရွေးချယ်ဆုံးဖြတ်မလဲဆိုတာကို အမေးခံလိုက်ရတာကတော့ ထရားဗစ်ကသူ့ညီမလေး စတက်ဖနီကို လှမ်းမေးလိုက်တဲ့အခါမှာဖြစ်ပါလိမ့်မယ်။စတက်ဖနီဖြေသလို
    ကျွန်တော်တို့ဖြေမိမလား။ကျွန်တော်တို့ဆိုရင်
    ဘယ်လိုရွေးချယ်မလဲ။စာဖတ်သူကိုယ်တိုင်သာ ဖတ်ရှုကြည့်ပါတော့လို့ ညွှန်းရတော့မယ်။
    ကြေကွဲမှုနဲ့ဖွဲ့တည်နေတဲ့အချစ်ကို အရသာရှိအောင် ဇာတ်သိမ်းပေးထားပါတယ်။ရင်တုန်ပန်းတုန်နဲ့ ကြိမ်မီးအုံးထဲမှာ အချစ်ကို မြင်တွေ့လိုက်ရတဲ့အခါ စာဖတ်သူဟာလည်း ကြည်နူးမျက်ရည်လည်မိသွားနိုင်ပါတယ်။
    ဝတ္ထုအကြောင်းအစအဆုံးလို ခြုံငုံပြောလိုက်မိသလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီဝတ္ထုက ဇာတ်လမ်းအကျဥ်းနဲ့ အရသာရှိတဲ့ဝတ္ထုမျိုးမဟုတ်ပါဘူး။ဇာတ်လမ်းကလည်းအထူးအဆန်းကြီးမဟုတ်ပါဘူး။စာရေးဆရာရဲ့ ဝတ္ထုဆက်တင်နဲ့ အရေးအသားကသာ အဓိကဖြစ်ပါတယ်။ကိုယ်တိုင်ဖတ်တဲ့အရသာ
    လောက် ဘယ်သူတဆင့်ပြောတာကမှ ကောင်းမှာမဟုတ်တဲ့ဝတ္ထုမျိုးပါ။ဒါကြောင့်ဇာတ်လမ်းအကျဥ်းနီးပါးမိတ်ဆက်မျှဝေလိုက်တာဖြစ်ပါတယ်။
    ဒီဝတ္ထုမှာ ကျွန်တော်သဘောကျတာက
    ဇာတ်ကောင်တွေရဲ့ လူသားဖြစ်တည်မှုပုံစံတွေဖြစ်ပါတယ်။ထရားဗစ်နဲ့ ဂက်ဘီကိုသဘောကျရသလို စတက်ဖနီလေးကိုလည်း
    ချစ်လိုက်တာဆိုတာ၊ဘယ်လိုချစ်စရာကောင်းတဲ့ ကလေးမလေးလို့တောင် ပြောစရာမရှိသလိုပဲ။ကျွန်တော်သဘောအကျဆုံး ဇာတ်ကောင်လေးပါ။သိပ်ကိုလှတဲ့လူသားဖြစ်တည်မှုပုံပြတစ်ခုပါပဲ။
    ဖတ်တာပိုအရသာရှိလို့၊ဖတ်ကြည့်ပါလို့ပဲ
    မျှဝေစကားဆိုလိုက်ရပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တင်မောင်မြင့် စာအုပ်များ