ပင်လယ်ပြာနှင့်တံငါအို
18000 (ကျပ်)
၁၉၃၆ခုနှစ် ဧပြီလတွင် အမေရိကန်ပြည်ထုတ် အက်စ်ကွိုင်းယားမဂ္ဂဇင်းအတွက် ရေးသားပေးပို့သော “ရေပြင်ပေါ်မှာ” အမည်ရှိ ပင်တိုင်ဆောင်းပါး၌ သူသည် ကျူးဘားကျွန်းနှင့် မြောက်အမေရိကတိုက် တောင်ဘက်အစွန်းတစ်ဝိုက်၌ ငါးဖမ်းရသည်မှာ နှစ်သက်ဖွယ်၊ စိတ်ဝင်စားဖွယ်ရှိပုံရေးသားခဲ့သည်။ ထိုဒေသတွင် ကျက်စားသော မာလင်ငါးကြီးများအကြောင်းလည်းပါသည်။ ဆောင်းပါးတစ်နေရာတွင် ငါးဖမ်းရင်းကြားသိခဲ့ရဖူးသော ဇာတ်လမ်းတစ်ခုအကြောင်းကို ဖော်ပြသော စာတစ်ပိုဒ် ပါဝင်လေသည်။
တစ်ကြိမ်သောအခါက အဘိုးအိုတစ်ဦးသည် တံငါလှေလေးတစ်စင်းဖြင့် ပင်လယ်ထဲသို့ တစ်ကိုယ်တည်း ငါးဖမ်းထွက်ခဲ့ဖူးသည်။ မာလင်ငါးကြီးတစ်ကောင်ကို ငါးမျှားချိတ်တွင် ချိတ်မိ၍ ပင်လယ်နက်ထဲသို့ ပါသွားသည်။ ထိုအချိန်မှ နှစ်ရက်ကြာပြီးနောက် အခြားတံငါတို့သည် အဘိုးအိုအား ကမ်းခြေအရှေ့ဘက် မိုင်၆၀ဝေးသောနေရာတွင် သွားတွေ့၍ ပြန်လည်ခေါ်ဆောင်လာကြရသည်။ သူ့ကိုတွေ့သောအချိန်၌ ငါးကြီး၏ခေါင်းပိုင်းနှင့် ရင်ပိုင်းအချို့သာကျန်တော့သည်။ သူသည် ငါးကြီးကို လှေနှင့်တွဲ၍ ချည်လာခြင်းဖြစ်သည်။ ကြွင်းကျန်သော ငါးကြီး၏အသားများမှာ ပေါင်ချိန်ရှစ်ရာထွက်သည်။ အဘိုးကြီးသည် ငါးကြီးနှင့်အတူ တစ်နေ့နှင့်တစ်ည ၊ ပြီးတော့ နောက်ထပ်တစ်နေ့နှင့် တစ်ညမျှ အတူနေရင်း ငါးကြီးဆွဲရာသို့ ပါသွားခဲ့သည်။ ငါးကြီးပေါ်လာသောအခါ လှေနားသို့ဆွဲ၍ မှိန်းနှင့် ထိုးပြီး သတ်ခဲ့ခြင်းဖြစ်သည်။ ငါးသေကောင်ကြီးကို လှေနှင့်တွဲ၍ ချည်လာသောအခါ ငါးမန်းများနှင့် တွေ့၍ အဘိုးအိုသည် ငါးမန်းများကို ရှိရာလက်နက်ဖြင့် တစ်ကိုယ်တည်း ထိုးခုတ်၊ ရိုက်ပုတ်၍ တိုက်ခိုက်လာခဲ့သည်။ တံငါများက သူ့ကိုတွေ့သောအချိန်၌ အဘိုးအိုသည် လှေပေါ်တွင် ငိုကြွေးလျက်ရှိပြီး ငါးမန်းများမှာလည်း လှေအနီးတွင် ရစ်ဝဲလျက်တွေ့ရသည်။ ” ဟုရေးသားထားသည်။
ထိုဆောင်းပါးထဲတွင် သာမာန်မျှသာတင်ပြခဲ့သော အဖြစ်အပျက်ဇာတ်လမ်းကလေးသည် စာရေးဆရာ၏စိတ်ထဲတွင် ၁၅နှစ်မျှ ကိန်းအောင်းနေခဲ့သည်။ ထိုအဖြစ်အပျက် ဇာတ်လမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုသဘောကို သဲကွဲစွာ အဖြေထုတ်ယူမိပြီးနောက်တွင် “ပင်လယ်ပြာနှင့်တံငါအို” ဇာတ်လမ်းသည် အသက်ဝင်လာခဲ့ရလေသည်။
| စာမျက်နှာ | 253 |
|---|---|
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ 2023 မတ်လ (ပဉ္စမအကြိမ်-နှစ်ဘာသာဖြင့်ထုတ်ဝေခြင်း) |
| စာအုပ်အရွယ်အစား | 5.7 x0.4 × 8.7 inches |
| စျေးနှုန်းအပြောင်းအလဲ | 2.4.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 18000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
7 in stock








Kyaw Thu –
“အသက်ကြီးတဲ့လူတွေ ဘာကြောင့် စောစောနိုးကြသလဲ သိလား၊ တစ်ရက် တစ်ရက်ကို အချိန်ပိုပြီး နေရအောင်လို့များလားကွနော်”
– ပင်လယ်ပြာနှင့်တံငါအို, p. 55
ဒီစာအုပ်က ဖတ်ဖို့အညွှန်းခံရဆုံးထဲမှာပါပါတယ်။စာတစ်ပုဒ် စာတစ်ကြောင်း လူတိုင်းကြိုက်အောင် ရေးနိုင်ဖို့ မလွယ်လှပါဘူး။ Ernest Hemingway ရဲ့ရေးဟန်တွေက သတင်းဆောင်းပါးတွေလို ပြတ်တောင်းပြတ်တောင်းနဲ့ ဖတ်ရသူရဲ့စိတ်ကို ဆွဲဆောင်ပါတယ်။ ဟဲမင်းဝေးရဲ့ စာရေးရာမှာလိုက်နာခဲ့တဲ့ ဩဝါဒကတော့- “ဇာတ်လမ်းကို တင်ပြတဲ့နေရာမှာ ဓမ္မဓိဋ္ဌာန်ကျကျ စင်စင် ကြယ်ကြယ်ရေးတဲ့နည်းဟာ အကောင်းဆုံးပဲ။ ဖွဲ့ကာနွဲ့ကာနဲ့ စာဖတ်သူ ကို လှည့်ပတ်ပြီးရေးနေတာ အဓိပ္ပာယ်မရှိဘူး။ စိတ်ထဲပေါ်လာသမျှကို အစီအစဉ်မဲ့ ရေးတဲ့နည်းဟာလည်း အလကားပဲ” လို့ဆိုပါတယ်။
အသက်အရွယ်အရ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်တဲ့ဒဏ်ကိုခံရတဲ့ အဘိုးအိုရဲ့ဇာတ်လမ်းလေးပေါ့။ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အဘိုးဟာ သူ့ကို အထင်သေးနေတဲ့ရွာသားတွေကို တစ်ခုခုလုပ်ပြလိုက်ချင်တယ်။လူရာဝင်ချင်တဲ့စိတ် လေးစားခံချင်တဲ့စိတ်မျိုးပေါ့။
ငါးကြီးကြီးကို ဖမ်းပြလိုက်ဦးမဟဲ့ဆိုပြီး တေးထားတာ ရက်တွေလတွေကြာခဲ့ပြီ။ သူ့နားမှာ သူ့ကို လေးစားပြီးဂရုစိုက်တာဆိုလို့ Manolin ဆိုတဲ့ လူငယ်လေးတစ်ယောက်ပဲရှိတယ်။ သူအခက်အခဲကြုံတဲ့အခါ တမ်းတမိတာကတော့ သူ့ကို လေးစားပြီး ချစ်ခင်နားလည်ပေးတဲ့ Manolinကိုပဲ။ မေတ္တာတရားက ပေးတိုင်းပြန်မရဘူးဆိုတာရယ်လို့တော့ မရှိဘူးထင်ပါရဲ့။
အဘိုးအိုက ငယ်စဉ်တုန်းက ခေသူတော့မဟုတ်ဘူး နှစ်ရက်ကြာ လက်မောင်းလှဲပြိုင်တာကို အနိုင်ယူခဲ့တယ်။ ဒီငယ်စဉ်က ခွန်အားတွေကို ငါးကြီးနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် အားပြိုင်ခဲ့စဉ်မှာ ညှစ်ထုတ်နေခဲ့တယ်။အပြောကျယ်တဲ့ပင်လယ်ကြီးမှာ သေခြင်းတရားကိုတောင် မမှုတော့လောက်အောင် သူ့အတွက်ဘာတွေက အရေးပါနေတာလဲ။ အသက်ရှင်ဖို့တောင်မသေချာတဲ့အခြေအနေမှာ အရှုံးမပေး လက်မလျှော့ဘဲ သိက္ခာအတွက် ပန်းတိုင်အတွက် ဆက်ကြိုးစားရမလား။
တစ်ခုစဉ်းစားမိတာက ဝါရင့်တံငါ တစ်ဦးအနေနဲ့ မဖမ်းခင်၊ ဖမ်းနေစဉ် နဲ့ ဖမ်းပြီးအချက်တွေ ကိုထည့်မတွက်ခဲ့ဘူးလား။ ဒီလိုဆက်လုပ်ရင် ဒုက္ခရောက်မယ့်အပြင် အသက်ပါဆုံးရှုံးနိုင်တာကိုသိရက်နဲ့တောင် နောက်ဆုတ်ဖို့ မတွေးခဲ့၊မပြောခဲ့၊မကြံစည်ခဲ့တဲ့ အဘိုးအိုရဲ့လွယ်လွယ်နဲ့အလျှော့မပေးတဲ့စိတ်ဓာတ်ကိုတော့ လေးစားမိပါတယ်။ငါးမရရင်နေပါစေ ရေချိုးတော့မပြန်ဘူး အရိုးရရ ခေါင်းရရသယ်လာမယ်။
သူ့သိက္ခာကိုလာထိပါးတဲ့ ငါးမန်းကြီးတွေကို သူတို့ကျက်စားတဲ့ပိုင်နက်တွေမှာ ရရာလက်နက်နဲ့ ယှဉ်ချခဲ့တဲ့ အဘိုးအိုရဲ့ သတ္တိကတော့ တကယ်ကိုအံ့ဖွယ်ပါပဲ။ ငါးမန်းကိုမှ တစ်ကောင်မဟုတ်ဘဲ ဆယ်
ကောင်လောက်ကို မှိန်းကုန်ရင် ဓား၊ဓားကျိုးရင် တုတ်၊တုတ်ကျိုးရင် တက်၊တက်ကျိုးရင် လက်နဲ့ထိုးမယ့် အာဂအဘိုးအိုပါပဲ။ အဘိုးအိုက အရွယ်နဲ့စာရင် စိတ်က ပိုနုပျိုနေခဲ့တယ်။
ဒီဇာတ်လမ်းလေးက တကယ်ဖြစ်ပျက်ခဲ့ပြီး ဒီဇာတ်လမ်းလေးကို ဖတ်လိုက်ရတဲ့ စာရေးဆရာ ဟဲမင်းဝေးရဲ့စိတ်ဝိညာဉ်ကိုကာလအတန်ကြာဖမ်းစားသွားခဲ့တဲ့နောက်မှာ ဂန္တဝင် လက်ရာတစ်ခုကို အမိအရချပြခဲ့ပါတယ်။ တကယ့် ဇာတ်လမ်းနဲ့ ဒီစာအုပ်က ဇာတ်လမ်းရဲ့ကွာခြားချက်ကတော့ ဒီစာအုပ်ထဲက အဘိုးအို ဆန်တီယာဂိုကတော့ ကယ်ဆယ်ရေးသမားတွေ ပင်လယ်နက်ကြီးထဲမှာ သူ့ကိုလာကယ်ရင် တောင် ငိုနေမယ့်လူမျိုး မဟုတ်တာတော့ သေချာပေါက်ပြောရဲပါတယ်။စာရေးဆရာရော အဘိုးအိုရောက စာဖတ်သူကို ကြောက်စရာလန့်စရာတွေကို ကြောက်
စရာလန့်စရာရယ်လို့မမြင်အောင်
သူတို့သတ္တိခွန်အားတွေ ကူးစက်စေပါတယ်။ပင်လယ်ပြင်ကြီးမှာ အဖော်မဲ့နေတဲ့အခိုက်အတန့် တစ်ကိုယ်တည်းပြောစကားတွေကလည်း အဘိုးရဲ့ မာန်ကို ထင်ဟပ်စေပါတယ်။
ကျနော်တို့ဘဝတွေမှာ တစ်ခုခုကိုလုပ်မယ်ဆို အစ အလယ် အဆုံး ကြံ့ခိုင်နေဖို့လိုပါမယ်။ ယိမ်းယိုင်မသွားဘဲ ကြုံလာသမျှကို ရင်ဆိုင်သွားရမယ်ဗျ။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို နှစ်တွေလတွေနဲ့ချီ ကြံစည်သင့်ကြံစည်ရမှာဖြစ်သလို အခွင့်အရေးပေါ်လာရင် အရိုးကြေကြေ အရေခန်းခန်း တွေဝေမနေဘဲ လုပ်လိုက်ဖို့ စာရေးသူက အဘိုးအိုကတဆင့် ပြောပြနေခဲ့တယ်။လေးလံလွန်းလို့ လွှတ်ချချင်နေပြီလား ရည်မှန်းချက် မပြည့်မချင်း အသက်သေချင်သေပါစေတော့ အဆုံးထိဘဝတိုက်ပွဲဝင်ရမှာပေါ့။ ကိုယ်မစွမ်းနိုင်တော့ဘူးလား စိတ်ကအဓိကပဲ။ ကိုယ့်ရည်မှန်းချက်ကဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေပါစေတဲ့လေ။ ဘဝမှာ ငါးမန်းလိုအနှောင့်အယှက်တွေ ကြုံလာရတဲ့အခါ အဆုံးစွန်ထိဖယ်ရှားပစ်ရမယ်။ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင်ရော.. အဘိုးအိုကတော့ သိက္ခာရှိရှိ ရေကုန်ရေခန်းကြိုးစားခဲ့တဲ့အတွက် နောင်တရနေမှာမဟုတ်ဘူး။ ဒါပေမဲ့ သူလျှောက်တဲ့လမ်း၊သူလျှောက်မယ့်ပန်းတိုင်နဲ့ပတ်သက်လို့ သေချာအချိန်ပေးမတွက်ချက်ခဲ့တာကိုတော့ နောင်တမကင်းခဲ့ပုံပါပဲ။
Aeri Myat –
ပင်လယ်မှာ ငါးဖမ်းထွက်တဲ့ တံငါသည်အဖိုးအိုအကြောင်း ဇာတ်လမ်းလေးက ရိုးရိုးလေးပေမယ့် သင်ယူစရာတွေများတဲ့ စာအုပ်လေးတစ်အုပ်။
အဘိုးအိုတစ်ယောက် ချို့ချို့တဲ့တဲ့နဲ့ နေရတယ်၊ ငါးဖမ်းထွက်ပြန်တော့လည်း
ငါးလုံးဝ ဆက်တိုက်မရတဲ့ နေ့တွေလည်း ကြုံရတယ်။ဒါပေမယ့်လည်း ဇွဲမလျှော့ဘဲ ငါးဖမ်းထွက်တယ်။အဘိုးအို လှေထက် ကြီးမားတဲ့ မာလင်ငါးကြီးကို ဖမ်းမိသွားတဲ့ အချိန်ကစပြီး ဖတ်ရတာ စိတ်လှုပ်ရှားရတော့တာပဲ။
ပင်ပင်ပန်းပန်း ကျားကုတ်ကျားခဲ ထိန်းရင်း နာကျင်ပွန်းပဲ့နေတဲ့ လက်အစုံကို
ပင်လယ်ရေထဲ စိမ်လိုက်၊ဆာလောင်လွန်းတဲ့အခါ ငါးအသားစိမ်း၊ပုစွန်စိမ်းတွေ စားလိုက်၊ဒုက္ခအမျိုးစုံကို ကြုံတွေ့ရတော့တာပါပဲ။
လူ့လောကမှာလည်း အဆင်ပြေတော့မယ် ထင်ခါမှ မထင်မှတ်ဘဲ အဆိုးတွေ
ကြုံရတတ်သလိုပဲ အဘိုးအိုခမျာ ငါးမန်းတွေနဲ့ ထပ်ပြီးရင်ဆိုင်ရပြန်တယ်။
တစ်ခုခုဆို မြန်မြန်လက်လျှော့တတ်တဲ့
ကျွန်မအတွက်တော့ အဘိုးအိုဆီက ဇွဲလုံ့လဝိရိယတွေကို သင်ယူလိုက်ရတယ်။
အဘိုးအိုအပေါ်မှာ ချစ်ခင်လေးစားပြီး
စိတ်ရင်းနဲ့ ကူညီစောင့်ရှောက်ပေးတဲ့ သူငယ်ကလေးအကြောင်း ဖတ်ရတာလည်း နွေးထွေးလွန်းတယ်။
အခက်အခဲတွေ ကြုံတဲ့အခါတိုင်း သူငယ်ကလေးကို အဘိုးအို မကြာခဏ တမ်းတတတ်သလိုပါပဲ….။
ကျွန်မတို့ဘဝမှာ မိတ်ဆွေကောင်းရှိခြင်းကလည်း ဘဝရဲ့ ပန်းတိုင်တွေကို သွားတဲ့လမ်းမှာ အထောက်အပံ့ကောင်း ရစေတယ်လို့ ထင်မြင် ယူဆမိပါတယ်။
တော်တော်များများ ဖတ်ဖူးပြီးသား ဖြစ်လောက်ပေမယ့် ညီမလေး Thae Mar Htwe ကျေးဇူးကြောင့် အခုမှ ဖတ်ခွင့်ရတယ်။ညီမလေးကိုရော ကျေးဇူးအများကြီးတင်ပါတယ်💚
Jason –
Young people got a lot of lessons from this book 📖