စာရေးစားပွဲထိုင်တဲ့နေ့
8000 (ကျပ်)
အက်ဆေးကို ကြိုက်နှစ်သက်သူတွေ .. အထူးသဖြင့် ဆရာနေမျိူးရဲ့ အက်ဆေးမှ အက်ဆေး ဆိုတဲ့သူတွေအတွက် ခံစားမှု တစုံတရာ ကျန်ရစ်စေမယ့် စာရေးစားပွဲထိုင်တဲ့နေ့ ..
ဒီထဲမှာ စာရေးစားပွဲထိုင်တဲ့နေ့ ခေါင်းစဉ်နဲ့ အက်ဆေး ၁၇ပုဒ် ၊ တခြား အက်ဆေးအစုံ အပုဒ် ၂၀ ပါဝင်ပါတယ် ..
နောက်တချက်က အပုဒ်တိုင်းမှာ ဆရာနေမျိူးရဲ့ အတွင်းသရုပ်ဖော်လက်ရာတွေလည်းပါလို့ ဆရာ့ရဲ့ လက်ရာတွေ သဘောကျသူတွေ စုဆောင်းသင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 152(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.3×8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025 ဇန်နဝါရီလ (ပထမအကြိမ်) |
12 in stock








စိုးဘားဒိုင် –
ဆရာနေမျိုးရဲ့စာရေးစားပွဲထိုင်တဲ့နေ့
အက်ဆေးများ စာအုပ်ထွက်လာတယ်။စာရေးစားပွဲထိုင်တဲ့နေ့ခေါင်းစဥ်အောက်က စာ ၁၇ပုဒ်နဲ့ သီးခြားခေါင်းစဥ်နဲ့ရေးသာထားတဲ့စာ၊ကဗျာစာအုပ်တွေမှာ ရေးခဲ့တဲ့အမှာစာ၊ကဗျာစာအုပ်မိတ်ဆက်ပွဲမှာပြောခဲ့တဲ့ စကားစတာတွေပါတယ်။၃၇ပုဒ်ပါ။
ဆရာနေမျိုးက စာအုပ်မိတ်ဆက်ပွဲတွေမှာ စကားပြောရင် ပြောမယ့်စကားကို ရေးသားလာပြီး စာဖတ်သလိုဖတ်တယ်။သူဘယ်လိုရေးပြီးဖတ်တယ်ဆိုတာကို အခုစာအုပ်မှာပါတဲ့ နှုတ်ခွန်းဆက်မှာ တွေ့နိုင်ပါတယ်။ကဗျာဆရာထွန်းလွင်သွယ်( ဆူးဖြူရိပ်)ရဲ့ပွဲမှာ ဖတ်ခဲ့တာ။
အက်ဆေးလို့ဆိုထားတဲ့ သူ့စာတိုတိုလေးတွေဟာ ဖတ်နေရင်းမှာ Mataphor တွေ
ပေါ်ပေါ်လာတဲ့ စာမျိုးတွေဖြစ်ပါတယ်။ကျွန်တော်ကတော့ အဲဒီ Mataphor တွေနဲ့ပေါင်းပြီးမှ သူ့စာတွေကို အက်ဆေးအဖြစ်ခံစားရတယ်။သူ့စာတွေက စာရေးစားပွဲထိုင်ချိန်မှာ ပေါ်လာတဲ့ စိတ်ကူးတွေ၊အာရုံတွေကိုချရေးထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။တချို့စာတွေကို သူ့ဝတ္ထုတိုတွေ၊အခုထွက်နေတဲ့လုံးချင်းဝတ္ထုတွေမှာလည်း ပုံစံတစ်မျိုး၊အာရုံတစ်သွယ်နဲ့ပါနေတာကို သတိထားမိကြပါလိမ့်မယ်။
စာရေးစားပွဲထိုင်တဲ့နေ့ အက်ဆေးတွေကို ဖတ်နေရင်း အာရုံထဲဝင်လာတာကတော့ ဂါဆီယာမားကေးရဲ့ ဝတ္ထုတိုအာရုံ ကောက်မှတ်ချက်များအကြောင်းဖြစ်ပါတယ်။အဲဒီကောက်မှတ်ချက်ကလေးတွေက အာရုံရတာကို ကောက်မှတ်ထားတာဖြစ်ပြီး၊နောက်ပိုင်းမှာ ဝတ္ထုတိုတွေရေးတယ်။ဆရာနေမျိုးရဲ့ စာရေးစားပွဲထိုင်တဲ့နေ့က သူ့အာရုံမှာပေါ်တာတွေကို စာရေးစားပွဲထိုင်လိုက်ချိန် ရေးချလိုက်တာမျိုးတွေဖြစ်ပြီး တချို့က ကြိုတင်အာရုံရထားတာတွေ၊တချို့က စာရေးစားပွဲထိုင်လိုက်တော့မှ ဘာရေးရမလဲလို့ သူ့အာရုံကို မေးခွန်းတင်လိုက်ပြီး အာရုံကပေးပို့ချက်တွေကို ချရေးလိုက်တာမျိုးတွေလို့ သဘောရပါတယ်။
စာရေးသူတွေဟာ စာရေးစားပွဲမှာ ထိုင်လိုက်ချိန် ရေးစရာတွေရှိနေသလို၊ဘာရေးမယ်မသိသေးတာမျိုးလည်းရှိတတ်ပါတယ်။ရေးစရာမရှိဘူးလို့ထင်နေပေမယ့် စာရေးစားပွဲထိုင်လိုက်ပြီဆိုရင် ရေးစရာတွေပေါ်လာတတ်ပါတယ်။ရေကူးချင်လို့ မြစ်ဆိပ်ကိုလာခဲ့တာမျိုးရှိသလို မြစ်ဆိပ်မှာထိုင်ငေးရင်း ရေကူးချင်စိတ်ပေါက်လာပြီး ရေကူးဖြစ်သွားတာမျိုး။ရေကူးဖြစ်သွားတာချင်းတူပေမယ့်
ရေကူးဖြစ်သွားတဲ့အာရုံချင်းမတူတာမျိုးပေါ့။
ဒီစာအုပ်ထဲမှာ ရေကူးချင်လို့ မြစ်ဆိပ်ကိုလာခဲ့တဲ့စာတွေထက်၊မြစ်ဆိပ်မှာငေးရင်း
ရေကူးဖြစ်သွားတဲ့စာတွေပိုများတာကို သတိထားမိတယ်။တနည်းအားဖြင့်ပြောရရင်တော့ စာရေးစားပွဲကပေးတဲ့စာတွေလို့ ဆိုနိုင်ပါတယ်။မျက်နှာဖုံးရော၊အတွင်းသရုပ်ဖော်ရော နေမျိုးလက်ရာဖြစ်ပါတယ်။
အောက်မှာအမြည်းကလေးတစ်ပုဒ်မျှဝေပေးလိုက်ပါတယ်။Mataphor နဲ့အတူခံစားရင်း နှစ်သက်စရာအက်ဆေးအရသာကိုရရှိနိုင်ပါတယ်။
#သိမ်းဆည်းထားသောအရေးအသား
လေပြည်သည် ဝှေ့၏။ သစ်ပင်သစ်ကိုင်းတို့သည် လှုပ်၏။ ရွက်ကျင်တို့ ကြွေ၏။ ထိုအခါ စာဆို၏စိတ်သည် ညွှတ်နူးလာတော့သည်။ မင်းတို့ကို ငါပြောပြပါမည်။ အသက်ကြီးကြီး လူတစ်ယောက်အကြောင်း ဖြစ်သည်။ သူက ပြောသည်။ ကျွန်တော့်နာမည် ဘယ်သူပါလဲခင်ဗျာ။ သူသည် လူစုစုရှိရာသို့သွား၍ ဤသို့ မေးခွန်းထုတ်၏။ ကျွန်တော့်နာမည် ဘယ်သူပါလဲခင်ဗျာ။ လူတချို့က မှတ်ချက် ပြု၏။ “ဒါသက်သက်အကြောင်ရိုက်တာ”။ အချို့ကမူ ဤသို့ဆို၏။ “စတန့်ထွင် တာလေ”။ အချို့က ဤသို့ပြော၏။ “ဒီလူ တစ်ခုခုတော့ တစ်ခုခုပဲ”။ ယခုပြောပြသည်မှာ အသက်ကြီးကြီး လူတစ်ယောက်အကြောင်း ဖြစ်သည်။ သူသည် လူသူ အစအန ရှိရာမှ ဖဲခွာ၍ တစ်နေရာသို့ ရောက်၏။ ထိုနေရာမှာ လမ်းဘေးရေအိုးစင် ဖြစ်၏။ သူသည် ရေတစ်ခွက်ခပ်ကာ သောက်၏။ ပြီးလျှင် ရေခွက်ကို သူ့မူလနေရာ ရေအိုးဖုံးပေါ် ပြန်တင်ကာထား၏။ ဤနေရာတွင် ညွှတ်နူးနေသော စာဆို၏စိတ်သည် လူးလွန့်လာချေ၏။ ရေချမ်းစင်တွင် ထိုးထားသော ကမ္ဗည်းစာ ကောင်းမှုကို မြင်လေသော် ယခု ပြောပြနေသည့် အသက်ကြီးကြီးလူသည် ရေချမ်းဒကာ ဦးဘမှန် ဒေါ်မြသင်ဟူသော စာကိုဖတ်၏။ “ဒါ ဘမှန်နဲ့ မြသင်တို့ပဲ။ ဒါဆို ငါက ဘထင်ပေါ့” ဟု ရေရွတ်၏။
စာဆိုသည် ယခုစာကို နှစ်လိုဖွယ်ကောင်းမှု၊ ယုတ္တိတန်မှုနှင့် လွယ်ကူမှုတို့ ပါရှိအောင် အားထုတ်၏။ မှန်ပါသည်။ လေပြည်သည် ဝှေ့၏။ သစ်ပင်သစ်ကိုင်း သစ်ရွက်တို့သည် လှုပ်၏။ ရွက်ကျင်တို့ ကြွေ၏။ ထိုအခါ စာဆို၏စိတ်သည် ညွှတ်နူးလာတော့သည်ဟု အထက်တွင် ဆိုခဲ့ပြီ။ ဆက်ပါအံ့. . . ။
ဦးဘထင်သည် လူသူအစအနရှိရာသို့ ရောက်သွားပြန်၏။ “ဦးဘထင် ဆိုတဲ့ လူတစ်ယောက်များ မသိကြဘူးလားခင်ဗျာ”။ လူတချို့က မှတ်ချက်ပြု၏။ “ဒီနာမည်ကြားဖူးတယ်”။ အချို့ကမူ ဤသို့ဆို၏။ “ရင်းရင်းနှီးနှီးထဲကပဲဗျ”။ အချို့ က ဤသို့ပြော၏။ “ဦးဘထင်ကို သိတယ် ခင်ဗျားလိုပုံစံမျိုးပဲ”။ အမယ်ကြီးတစ်ယောက်က ဝင်၍ “တော့်…ကိုဘထင် ဘာဖြစ်နေတာတုန်း”တဲ့။ ယခုစာစုကို အဆုံးသတ်ပါမည်။ မည်သို့အဆုံးသတ်မည်လဲ။ ယုတ္တိတန်ရဲ့လား။ လူမှုဘဝ ထင်ဟပ်ရဲ့လားဟု မေးခွန်းထုတ်၍ အဆုံးသတ်မည်လား။ မေးခွန်းနှင့် မဆီလျော်။ မည်သို့အဆုံးသတ်လျှင် ကောင်းမည်လဲ။
ယခုစာစုပါ ဇာတ်ဆောင်ကို မထိခိုက်သောနည်းဖြင့် အဆုံးသတ်လိုက်ပါသည်။ မည်သို့အဆုံးသတ်မည်လဲ။ အမယ်အိုကြီး၏စကားကို ကြားသဖြင့် သူသည် ပြုံးရယ်ကာ နင်က ဘယ်သူတုန်းဟု လက်ညှိုးထိုးကာ မေးလေ၏။ သူ၏ လက်ခုံတွင် မြင်ရသည်က ဆေးမှင်ဖြင့် ရေးထိုးထားသော နာမည်တစ်ခု။ “ဘထင်” တဲ့။