လက်ဖက်ရည်ဆိုင်ထဲကအိမ်
6000 (ကျပ်)
ဆရာမိုးကျော်ဇင်က သူရဲ့ တတိယမြောက် လုံးချင်းဝတ္ထုရှည်ဖြစ်တဲ့ “လက်ဖက်ရည်ဆိုင်ထဲကအိမ်” နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ဖွင့်ဟပြောဆိုထားတာက …
“ကျွန်တော်က လက်ဖက်ရည်ဆိုင်တွေကို စွဲလန်းပါတယ်။ လက်ဖက်ရည်ဆိုင်တွေဟာ ကျွန်တော့်ရဲ့ မီယာမီကမ်းခြေဖြစ်ခဲ့ဖူးသလို ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဧည့်ခန်းဆောင်လည်း ဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ ကျွန်တော် မကြာခဏ ဆိုက်ကပ်တတ်လေ့ရှိတဲ့ ဆိပ်ကမ်းတစ်ခုလည်း ဖြစ်ခဲ့တယ်ပေါ့။ မြို့ကြီးပြကြီးတွေရဲ့ လမ်းဘေးအစွန်းမှာ ကပ်တွယ်ခိုဖက်ထားကြတဲ့ လမ်းဘေးဆ်ိုင်လေးတွေကို ကျွန်တော် စိတ်အဝင်စားဆုံးပါ။ အဲဒီလို ဆိုင်လေးတွေထဲမှာ သုံးဆောင်သူတွေအတွက်မဟုတ်ဘဲ သူတို့ကိုယ်တိုင် သောက်နေရတဲ့ အကျရည်များများ လက်ဖက်ရည်ခွက်တွေ ရှိနေတာကို ကျွန်တော် အထိတ်တလန့် သတိထားမိခဲ့တဲ့အခါ ….
ဒီဝတ္ထုဟာ အဲဒီလို အကျရည်များများ လက်ဖက်ရည်ခွက်တွေကို သောက်နေကြတဲ့ လူသားတချို့အကြောင်း ဖြစ်ပါတယ်။ သူတို့အချင်းချင်း၊ သူတို့နဲ့ သူတို့ပတ်ဝန်းကျင်ကြား၊ ပြီးတော့ သူတို့ကိုယ်တိုင်ရဲ့ စစ်ပွဲကလေးတွေ အကြောင်းပါပဲ။ ဒီကမ္ဘာကြီးရဲ့ ရာစုနှစ်အတော်များများဟာ စစ်ပွဲတွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပေမယ့် ဒီဝတ္ထုထဲက စစ်ပွဲကလေးတွေကိုတော့ မိတ်ဆွေတို့အနေနဲ့ ဘယ်သမိုင်းစာအုပ်မှာမှ ရှာဖွေတွေ့ရှိမှာ မဟုတ်ကြောင်း ကြိုတင် အသိပေးလိုပါတယ်။ ဒီအကျရည်များတဲ့ လက်ဖက်ရည်ခွက်တွေဟာ မိတ်ဆွေတို့နဲ့ သိပ် ဝေးဝေးလံလံ ရှိနေခဲ့တာတော့ မဟုတ်ပါဘူး။ တချို့မိတ်ဆွေတွေ ကိုယ်တိုင်သောက်သုံးဖူးပါလိမ့်မယ်။ ကျွန်တော့်ရဲ့ “လက်ဖက်ရည်ဆိုင်ထဲကအိမ်” မှာ ဘဝတွေကို တွေ့ရပါလိမ့်မယ်။ အဲဒီဘဝတွေရဲ့ အသက်ရှူသံတွေထဲမှာ”ခေတ်” ကို မြင်နိုင်ပါလိမ့်မယ်” လို့ ဝတ္ထုနဲ့ ပတ်သက်ပြီး မှာကြားခဲ့ပါတယ်။
ဆရာမိုးကျော်ဇင်က ရှေ့မှာ ထွက်ခဲ့ပြီးပြီဖြစ်တဲ့ အခန်းနံပါတ်(၆) ရယ်၊ ငါးဖမ်းသမားရယ်နဲ့မှာ စာချစ်သူ စာသမားအပေါင်းတို့ရဲ့ အသိအမှတ်ပြုခဲ့မှုကို ရရှိခဲ့ပြီးသူဖြစ်ပါတယ်။ ယခု လက်ဖက်ရည်ဆိုင်ထဲကအိမ်မှာ လူငယ်တစ်ဦးရဲ့ နေ့စဥ်ရှင်သန်ရတဲ့ ခါးသက်သက်နေ့ရက်တွေကြားက သူရယ်၊ သူ့မိသားစုရယ်၊ သူ့ပတ်ဝန်းကျင်ရယ် ခေတ်ကာလအခြေအနေပေါ်မူတည်ပြီး ဘဝဇာတ်ခုံမှာ ရုန်းကန်လှုပ်ရှားရပုံတွေကို တင်ပြထားပါတယ်။ မိုးကျော်ဇင်က သူဖန်တီးထားတဲ့ စာလုံးတွေကတစ်ဆင့် စာချစ်သူတို့ရဲ့ မျက်ရည်တွေ၊ စိတ်လှုပ်ရှားရမှုတွေ၊ တောက်ခေါက်သံတွေ၊ ဝမ်းနည်းမှုတွေကို စာချစ်သူတို့ဆီ အပြည့်အဝ ပေးစွမ်းမှာပါ …
| စာမျက်နှာ | 184 |
|---|---|
| စာအုပ်အရွယ်အစား | 7.9x 0.4 x 5.5 inches |
| ပုံနှိပ်မှတ်တမ်း | ကံ့ကော်ဝတ်ရည်စာပေ၊ 2020 ဩဂုတ်လ (ပထမအကြိမ်) |
6 in stock








thein min Zaw –
လူ့ဘဝပေါင်းများစွာကို လက်ဘက်ရည်ဆိုင်ထဲက အိမ်ထဲထည့်ပြီး ကိုယ်စားပြုထားသောမိသားစုအတွင်း ဘဝရှင်သန်ရေးအတွက် ရုန်းကန်နေရသောခံစားမှုရောင်စုံကို ဆေးသားခပ်ထူထူဖြင့် အလင်းအမှောင် ပြည့်စုံစွာ ရေးစွဲထားသော ပန်းချီကားချပ် များစွာကို တစ်ချပ်ပြီး တစ်ချပ် ဆက်တိုက်ကြည့်ချင်စိတ်ဖြစ်ပေါ်လာအောင် ရေးသားနိုင်စွမ်းရှိသော ဆရာမိုးကျော်ဇင် ရေးနည်း ရေးဟန်ကို သဘောကျမိပါသည်။