ဆရာမ မွန်ဟော်စီရဲ့..
Love, Light & Power ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ခဲ့တယ်။
ဝတ္တူ့ရဲ့နာမည်လေးတွေက ကိုယ့်အကြိုက်စာလုံးတွေဖြစ်လို့ အတော်ကို မျှော်လင့်ပြီး သေသေချာချာ အချိန်ပေးပြီး အသေးစိတ်ဖတ်ခဲ့ပါတယ်။
FB မှာ ဆရာမကို Like & Follow လုပ်ထားတာပြီး နေ့စဉ်ဝင်ဖတ်ဖြစ်နေတာကြောင့် ဒီစာအုပ်ထဲက စာတွေတချို့က Fb မှာ ဆရာမတင်ပြီးသားတွေမို့ နောက်တကြိမ် ပြန်ဖတ်ရတာလဲ အရသာတခုပါပဲ။
ကိုယ်ကြိုက်နှစ်သက်တဲ့အရာတွေကို ထပ်ခါထပ်ခါစားနေရသလို ခံစားရတယ် 😁
စာအုပ်ထဲမှာ Main အနေနဲ့ စာအုပ်နာမည်အတိုင်းပဲ အပိုင်း ၃ ပိုင်းပါတယ်။
💗Love💗
ဒါကတော့ ကိုယ် အကြိုက်ဆုံး ခေါင်းစဉ်ပေါ့။
ကိုယ်က အချစ်ကို ယုံကြည်သလို (ကိုယ် တကယ်ချစ်တဲ့သူဆိုရင်) သိပ်ချစ်တတ်တဲ့အထဲမှာပါပြီး အချစ်ကို ပုံစံမျိုးစုံနဲ့ဖော်ပြပြီး ချစ်ရတာ ကြိုက်တဲ့သူမျိုးပါ။
ကိုယ့်ကိုကိုယ်လဲ အမြဲချစ်တတ်အောင်နေသလို ဆရာမ လိုပဲ တိရိစ္ဆာန်လေးတွေနဲ့အပင်လေးတွေကိုလဲ အကုန်ချစ်တယ်။ ကိုယ်ကပဲ ချစ်လို့လားမသိ သူတို့ကလဲ ကိုယ့်ကိုဆို ရင်းနှီးလွယ်ကြတယ်။
🔺ခိုလေးတွေက ကိုယ့်အနား အစာလာတောင်းဖို့ မကြောက်တတ်ကြဘူး။
🔺ခွေးလေးတွေ၊ ကြောင်လေးတွေက ကိုယ့်မြင်ရင် အမြှီးလေးတွေ တလှုပ်လှုပ်နဲ့ ချစ်ခင်မှု့ပြတတ်ကြတယ်။ ကိုယ်က သူတို့ကို မြင်ရင် မပွေ့ချီပဲ မနေနိုင်တဲ့ သူပါ။
🔺အပင်လေးတွေဆိုလဲ စကားပြောရင်း ရေလောင်ပေးရတာ၊ ချစ်တယ် လို့ပြောရတာ ကိုယ့် ဝါသနာတခုလိုပါပဲ။
နောက် Covid ဆိုတဲ့ကပ်ရောဂါကြောင့် ကိုယ့်အနားက လူတွေကို ပိုချစ်တတ်ဖို့သင်ယူခဲ့ရတယ်။ ဒီနေ့မြင်ပြီး မနက်ဖြန်ပျောက်သွားတဲ့ သေခြင်းတရားကို မျက်ဝါးထင်ထင်မြင်တွေ့လာရတဲ့အခါ…
ချစ်တတ်ဖို့ သတိရလာတယ်။
ခွင့်လွှတ်တတ်ဖို့ ကြိုးစားလာတယ်။
ဘဝတိုတိုလေးကို အမုန်းတွေထက် အချစ်တွေနဲ့ပဲ ကုန်ဆုံးချင်လာမိတယ်။
💡Light💡
အလင်းနဲ့ပတ်သတ်ပြီး ဆရာမ စကားတချို့ကို ကိုယ် ထောက်ခံတယ်။
လူတွေမှာ ကိုယ်ရောင်ကိုယ်ဝါရှိတယ်။
မင်းသမီး အတော်များများက ဘယ်လိုပဲ မထူးခြားတဲ့ အဝတ်အစားဝတ်ထားလဲ လူကြားထဲမှာ ရောမနေပဲ သီးသန့်လေး ဖြစ်တည်နေတာ ကိုယ် မြင်ဖူးတယ်။ လူတွေကြားထဲမှာ သူ့ကိုယ်ပေါ် မီးချောင်းထွန်းထားသလို လင်းလက်နေတာမျိုးပေါ့။
ဒါက မင်းသမီးမို့ သာမန်လူထက် ကိုယ့်ကိုကိုယ် ဂရုတစိုက်ပြင်ဆင်တဲ့အလှကြောင့်လဲ ဖြစ်နိုင်ပေမဲ့ တချို့သာမန်လူတွေမှာလဲ ခုလိုပဲ တယောက်ထဲ လင်းထွက်နေတာလဲ ကြုံဖူးပါတယ်။
ကိုယ်လဲ အဲ့လို သိပ်ဖြစ်ချင်ပေမဲ့ ကိုယ်ရောင်ကိုယ်ဝါထွက်လောက်အောင်ထိ ကိုယ်က စိတ်ထားမဖြူစင်ဘူးလို့ ကိုယ့်ကိုကိုယ် သိနေမိတယ်။
🔺သည်းခံတတ်တိုင်း…
🔺စိတ်ထားနူးညံ့တိုင်း…
🔺စကားပြောချိုသာတိုင်း…
🔺အမူအယာ သိမ်မွေ့တိုင်း…
အဲ့ဒီ့အလင်းက ထွက်ပေါ်တာမဟုတ်ပဲ..
🍀မာန်မာနနဲတဲ့သူ..
🍀မနာလိုစိတ်နဲတဲ့သူ..
🍀နားလည်ခွင့်လွှတ်နိုင်စွမ်းကြီးတဲ့သူ…
🍀အလိုလောဘနည်းတဲ့သူ…
🍀အတွေးမများတဲ့သူ..
🍀စိတ်အေးချမ်းတဲ့သူ.. တွေမှသာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပကြတာထင်ပါရဲ့။
အဲ့လိုလူတွေက သာမန်ဝတ်စားနေထိုင်လဲ စိတ်အကြည်ဓာတ်က ခန္တာကိုယ်ပြင်ပထိ လျှံထွက်နေလို့ သာမန်လူတွေကြားထဲ ထင်းနေအောင် အလင်းဖြာတယ်လို့ ကိုယ် ထင်တယ်။
ကိုယ်လဲ အဲ့လိုဖြစ်နိုင်ဖို့အဝေးကြီးလိုနေပေမဲ့ ကြိုးစားနေတုန်းပါပဲ။
🧿Power🧿
ဒါနဲ့ပတ်သတ်လို့တော့ ကိုယ့်မှာ review ပေးစရာ သိပ်မရှိလှဘူး။ ဘာကြောင့်ဆို ကိုယ်နဲ့က အတော်အလှမ်းဝေးနေတဲ့အရာ ဖြစ်နေလို့ပါပဲ။
သာမန်လူတယောက်ရဲ့ Power ဆိုတာ ငွေကြေးနဲ့ရာထူးပဲ ဖြစ်ပေမဲ့ ဆရာမ ဆိုလိုတဲ့ Power က စိတ်စွမ်းအင် ဖြစ်နေတာမို့ သီလ၊ သမာဓိနဲ့သာ ထူထောင်မှ ရတဲ့အရာမျိုးပါ။
တခုတော့ရှိတယ်။ ဆရာမ လိုပဲ ကိုယ်က မေတ္တာပို့လွှတ်ဆုတောင်းပေးရတာ ကြိုက်နှစ်သက်တယ်။
မနက် အိပ်ရာက နိုးတာနဲ့ ကိုယ်လက်သန့်စင်ပြီးရင် ဘုရားပန်းအိုး ရေလဲပြီး အိမ်က ပန်းလေးတွေပါ ခူးပြီးကပ်တယ်။ ဘုရားစင်ကို နေ့တိုင်းသေချာသန့်စင်ပြီး ရှင်းလင်းနေမှကြိုက်သလို ဘုရားစင်ပေါ် ဘုရားနဲ့မပတ်သတ်တဲ့ အရာတွေရှိနေတာ လုံးဝ မကြိုက်ဘူး။
ကိုယ်က ရေချမ်းကပ်တဲ့အခါ ရေချမ်းဖန်ခွက်ကို ကြည်လင်တောက်ပနေမှကြိုက်သလို ဘုရားရှစ်ခိုးပြီးလို့ ရေချမ်းခွက်လေးက ဘုရားမီးရောင်အောက်မှာ Cristal လေးလို ကြည်လဲ့နေတာကြည့်ရင်း ကိုယ်ပြုသမျှ ကုသိုလ်တွေကို ကိုယ်ချစ်တဲ့သူ ထပ်တူရဖို့ ဆုတောင်းရတာ၊ ရေချမ်းခွက်ထဲရေလို သူ့ရင်ထဲ ထာဝရ စိတ်အေးချမ်းစေဖို့ မေတ္တာပို့ရတာ နှစ်သက်တယ်။
တနေ့တာရဲ့ မနက်ကို ဒီအတိုင်း နေ့စဉ် မလုပ်ပဲ တခြားအရာတွေ လုပ်မိရင် တခုခုလိုနေသလိုလို၊ စိတ်မလုံခြုံသလို ခံစားရလို့ တတ်နိုင်သရွေ့ မနက်တိုင်း မပျက်မကွက် အရင်ဆုံး လုပ်မိတဲ့အလုပ်တွေပါပဲ။ ဒါဟာလဲ Power ရဲ့ တစိတ်တပိုင်းပဲထင်ပါတယ်။
Energy ဆိုတာလဲ လောကီအတွက် အသုံးဝင်တဲ့စိတ်ထားတတ်မှု့တွေကို ကြိုးစားတည်ဆောက်ရင်တော့ လူ့ဘောင်လောကရဲ့ Relationship တွေ အဆင်ပြေချောမွေ့နိုင်တာမို့ ဆရာမရဲ့ အကြံပေးလမ်းညွှန်မှု့တွေက အရှုံးတော့မရှိနိုင်ပါဘူး။
Power ဆိုတဲ့ခေါင်းစဉ်ကို review ရေးဖို့ထက် ကိုယ်တိုင်လေ့လာကြိုးစားဖို့သာ ပိုလိုအပ်မယ်ထင်ပါတယ်။ Power နဲ့ ကိုယ်နဲ့က မူကြိုနဲ့တက္ကသိုလ်လို အဆင့်ကွာနေတာမို့ စာတွေ့နားလည်ဖို့ကိုပဲ ထပ်ခါထပ်ခါ ပြန်ဖတ်လိုက်ပါ့အုံးမယ်။
ရေးမယ်ဆိူ အများကြီးရှိပေမဲ့ အပေါ်ကအရာတွေကတော့ ကိုယ် နားလည်သလောက်နဲ့ ဆရာမ စာတွေထဲကနေ ဖတ်ပြီးပြီးချင်း ကိုယ် စုပ်ယူခံစားမိတဲ့အချုပ်လေးပါပဲ။
နောက်ဆုံး ဒီစာအုပ်လေးမှာ ကိုယ် မကြိုက်တဲ့ တချက်ကတော့ English စာတွေက (မြန်မာဝတ္တူ့စာအုပ်တအုပ် အတွက်) များနေတာပါပဲ။
စာအုပ်အရှေ့ဆုံးမှာ ဆရာမရေးခဲ့တယ်။ စားသောက်ဆိုင်က စားပွဲထိုးကလေးကို ဆရာမစာတွေဖတ်ဖို့ ဆရာမရဲ့သူငယ်ချင်းက တိုက်တွန်းတယ်တဲ့။
ယျေဘူရအားဖြင့် စားပွဲထိုးကလေးရဲ့ အတန်းပညာက ဘွဲ့ရတော့ရှားလိမ့်မယ်ထင်တယ်။ ၁၀ တန်းအောင်ပဲထားပါလေ။
ဒီလိုစာအုပ်မျိုးကို အရွယ်သုံးပါးမရွေး ဖတ်ဖို့ဆိုရင် English လို ဒီထက် နည်းသင့်တယ် ထင်ပါတယ်။ မြန်မာနိုင်ငံကလူတွေဖတ်ဖို့ မြန်မာလို ထုတ်ဝေတဲ့စာအုပ်ဖြစ်နေတာကြောင့်ပါ။
ကိုယ်က ဘွဲ့တချို့ရပြီး လက်ရှိ Company တခုမှာ စာရင်းကိုင် လုပ်နေတဲ့သူမို့ နေ့စဉ် email တွေလဲ ပို့ရပါတယ်။ ဒါပေမဲ့ ဆရာမ စာအုပ်ထဲက စာလုံးတွေကို လက်တန်းမဖတ်နိုင်ပဲ အဘိဓာန်အကူအညီယူခဲ့ရပါတယ်။
ကိုယ်က English စာ တော်တဲ့အထဲမှာ မပါတာမို့ ဆရာမအနေနဲ့ ထမင်းစားရေသောက် ရေးလိုက်တဲ့ English စာတွေက လူတိုင်း ဖတ်နိုင်ဖို့ မလွယ်ပါဘူး။ ကိုယ်လဲ ကျော်ဖတ်ခဲ့တာတွေရှိတယ်။ ကိုယ် မကျွမ်းကျင်တဲ့ စာလုံးတွေဆို လူတိုင်းက Allergic ဖြစ်တတ်တာမို့ စာရဲ့ဆွဲဆောင်မှု့ လျှော့စေသလို English စာတွေကြောင့် ဆရာမ စာအုပ်က အဆင့်တခု သတ်မှတ်သလိုဖြစ်ပြီး လူတိုင်းဖတ်နိုင်ဖို့ ခက်ခဲသွားမယ်လို့ ထင်ပါတယ်။ (Just advice)
ဒီအချက်လေးတခုကလွဲရင် Power ကို နားလည်ဖို့ ထပ်ခါထပ်ခါ ပြန်ဖတ်ရအုံးမဲ့ စာအုပ်လေး တအုပ်ပါပဲ။
ဆရာမလိုပဲ…
🌸ကိုယ့်ရဲ့တနေ့တာကို ကောင်းတာလေးတွေပဲ အမြဲကြိုးစားလုပ်ဖို့ ရယ်…
🌸ကိုယ့်ကိုကိုယ် Love & Light ဖြစ်နိုင်အောင်ကြိုးစားဖို့ရယ်…
🌸Power & Energy တွေ တိုးပွါးလာဖို့ စိတ်စွမ်းအင်နဲ့ သမာဓိထူထောင်ရင်း ဝိပဿနာအတွက် နေ့စဉ် တရားထိုင်ဖို့ရယ်…
ဆုံးဖြတ်ချက်ချရင်း ဒီစာက စာအုပ် Review ဆိုတာထက် ဆရာမ စာအုပ်ထဲက ကောင်းတယ်၊ လုပ်သင့်တယ်ဆိုတဲ့အရာလေးတွေနဲ့ ကိုယ့်စိတ်၊ ကိုယ့်အကျင့်တွေကို compare လုပ်ကြည့်ခြင်းပါပဲ။
💞ကောင်းတဲ့အရာလေးတွေ ဆက်လုပ်ဖို့…
💞မလုပ်ရသေးတာတွေ ဆက်လက်သင်ယူဖို့…
💞ကိုယ့်နှလုံးသားနဲ့စိတ်ကို အေးချမ်းဖို့…
💞ကိုယ့်ပတ်ဝန်ကျင်ကို မေတ္တာထားတတ်ဖို့…
လမ်းပြပေးတာမို့ ကိုယ့်သူငယ်ချင်းတွေလဲ အချိန်အားလို့ စာဖတ်ဖို့ ဝါသနာပါရင် ဖတ်ကြည့်သင့်ပါကြောင်း recommend ပေးပါတယ်နော်။
ဆရာမ Mon Halsey လဲ ခုလို လူတွေအတွက် စိတ်ခွန်အားဖြစ်စေတဲ့ အကျိုးပြုစာလေးတွေ အများကြီး ရေးပေးရင်း စိတိချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ မေတ္တာတွေ မျှဝေနိုင်ပါစေ 🙏
#monhalsey
#LoveLightPower
#BookReview
💚HHH💚