🪬 LOVE, LIGHT & POWER 🪬
🧿 မေတ္တာ၊အလင်းနဲ့စွမ်းအား 🧿

နာမည်လေး ကြားလိုက်ကတည်းက
အရမ်းစိတ်ဝင်စားခဲ့ရတဲ့ စာအုပ်လေးပါ

ဒီစာအုပ်ထွက်မယ်လို့ live တစ်ခုမှာ မမွန်
mention လုပ်ပြီးကတည်းက မျှော်ခဲ့ရတာပေါ့

ကံကောင်းစွာနဲ့ပဲ ဒီစာအုပ်ကို ဓာတ်ပုံပြိုင်ပွဲကနေ
ဆုရခဲ့တယ်
ဒါပေမဲ့ Right time မရောက်သေးလို့ ထင်ပါတယ်
ဒီစာအုပ်ကို တခြားသူတွေ တော်တော်များများ
ရပြီး ဖတ်ပြီးတဲ့အချိန် လကုန်ခါနီးလောက်မှပဲ
ကိုယ့်ဆီ ရောက်လာတော့တယ်
အရမ်းသိချင် အရမ်းဖတ်ချင်နေတဲ့ အကြောင်းအရာတွေမို့
စာအုပ်မရောက်သေးခင်ချိန်ထိ ကိုယ့်မှာ
နေမထိ ထိုင်မသာနဲ့ တမျှော်မျှော်ပါပဲ 😁
တကယ်ရောက်လာပြီ ဆိုမှ
ဒီကောင်လေးက အငမ်းမရ ဖတ်နေမိတော့တာပဲ

စာအုပ်နာမည်လေးအတိုင်းပဲ
ဒီစာအုပ်ကို မေတ္တာ၊ အလင်း၊ စွမ်းအားဆိုပြီး
အပိုင်း ၃ ပိုင်းနဲ့ Bonus ၁ ပိုင်း ပါပါတယ်

၁။မေတ်တာ
မေတ္တာဆိုတဲ့ စကားလုံးကိုတော့ လူတိုင်းကြားဖူးနေကြပါ
ဒါပေမဲ့ တကယ် ချစ်ခြင်းမေတ္တာ အစစ်ဆိုတာ ဘယ်လိုမျိုးလဲ
အချစ်လို့ ပြောလိုက်မယ်ဆိုရင် ကျွန်တော်တို့အားလုံးဟာ
ပူလောင်ခြင်းနဲ့ တွဲမြင်တတ်ကြပါတယ်
ဒါဟာ မှားတယ်လို့ ပြောလို့ မရပါဘူး ဘာလို့လဲဆိုတော့
ကျွန်တော်တို့အားလုံးဟာ အချစ်နဲ့ပတ်သက်ရင်
တစ်သက်မှာ တစ်ခါတော့ ပူလောင်ကြရတာကို
တကယ် မချစ်တတ်သေးလို့လည်း ဖြစ်မှာပါ

တကယ် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြုံတွေ့လိုက်တဲ့အချိန်မှာ
တစ်နည်းပြောရရင် ချစ်တတ်သွားတဲ့အချိန်
အချစ်ဆိုတဲ့ ပူလောင်တတ်တဲ့ အရာကို
မေတ္တာဆိုတဲ့ အေးငြိမ်းတဲ့ အရာနဲ့ ပေါင်းလိုက်ရင်
ကျွန်တော်တို့ရဲ့ ဘဝဟာ အပူထဲက ငြိမ်းနေမှာပါ

မေတ္တာ ဆိုတာ အဲ့ဒီလောက်တောင် စွမ်းအားကြီးပါတယ်
စွမ်းအားကြီးတဲ့ အချစ်ဆိုတဲ့ အရာကိုတောင်
မေတ္တာက ထိန်းပေး ငြှိမ်းပေး နိုင်ရင်
ဘဝထဲက ခေတ္တကြုံတွေ့ရင်ဆိုင်ရတဲ့ အပူအပင်တွေကို
မေတ္တာက မငြှိမ်းပေးနိုင်စရာ အကြောင်း မရှိပါဘူး
ဒီလိုမေတ္တာကို ကျွန်တော်တို့ အားလုံးက လိုချင်ကြပါတယ်

မေတ္တာမျိုးစေ့ကတော့ ကျွန်တော်တို့အားလုံးဆီမှာ
ပါလာပြီးသားပါ
အဲ့ဒီမေတ္တာကို ဘယ်လို ပြုစုပျိုးထောင်ရမလဲ
မေတ္တာနဲ့ ငြိမ်းချမ်းအောင် ဘယ်လိုစိတ်နဲ့နေထိုင်ရမလဲ
မေတ္တာစိတ်နဲ့ အခိုက်အတန့်တိုင်းကို ဘယ်လိုဖြတ်ကျော်ရမလဲ
လူ့စရိုက်ပေါင်းစုံနဲ့ ရှင်သန်နေရတဲ့ ပတ်ဝန်းကျင်မှာ
မေတ္တာစိတ်နဲ့ ဘယ်လို နေထိုင်မလဲ
အဲ့ဒီအကြောင်းကို ဒီအခန်းမှာ လိုတိုရှင်းနဲ့
ပြည့်ပြည့်စုံစုံ ဖတ်ရှုရမှာပါ

မေတ္တာ ဆိုတဲ့ အရာကို ကျွန်တော်တို့အားလုံးက
ပေးချင် လိုချင်ကြတယ် မဟုတ်လား ………
မလွယ်ပေမဲ့လည်းပေါ့
ကျွန်တော် အရမ်းကြိုက်တဲ့ ဦးငှက်ရဲ့ သီချင်းထဲလို
“ ကိုယ်အလိုချင်ခဲ့ဆုံးအရာ ဘဝမှာ ချစ်ခြင်းမေတ္တာ “
အဲ့လိုပဲ ကျွန်တော်လည်း ထပ်တူထပ်မျှပါပဲ။

မဟတ္တမဂန္ဒီ ပြောသလိုပဲ
“ Where there is love, there is life “

၂။အလင်း
အလင်းဆိုတဲ့ အတိုင်းပဲ အမှောင်ကို ဖြိုခွင်းမယ့် အလင်းအကြောင်း
ကျွန်တော်တို့အားလုံးဟာ ဘဝမှာ ကိုယ်ဒုက္ခအမှောင်တွေ
ကျရောက်နေတဲ့ အချိန်ကာလတွေ ရှိမယ်
စိတ်ဒုက္ခအမှောင်တွေ ကျရောက်နေတဲ့ အချိန်ကာလတွေ ရှိမယ်
ဒီဒုက္ခတွေဟာ လောကဓမ္မတာ မို့ ရှောင်လွှဲလို့ မရပါဘူး
တစ်ခုခုအလိုမကျတာနဲ့ ကျွန်တော်တို့စိတ်တွေဟာ
မှောင်သွားတတ်တယ်
စိတ်က မကြည်တာနဲ့ လူက နေရထိုင်ရတာ မကောင်းတော့ဘူး
သူများတွေတော့ မသိဘူး ကျွန်တော်ဆိုရင်
တခြားနေရာမှာ ဟန်ဆောင်ကောင်းချင် ကောင်းနေမလားတော့ မသိဘူး
ဒီနေရာမှာ တအားညံ့ပါတယ်
စိတ်က အလိုမကျတာနဲ့ မျက်နှာမှာ တန်းပေါ်တာ 😅
ကျွန်တော်တို့ လူတွေမှာ အကြည်ဓာတ်ဆိုတာ
အရမ်းကို အရေးကြီးပါတယ်
အဲ့ဒီအကြည်ဓာတ် ရှိ မရှိ ကြည့်လို့ မမြင်နိုင်ပေမဲ့
ကျွန်တော်တို့ ခံစားကြည့်လို့ရပါတယ်
ခံစားတတ်ဖို့တော့ လိုတာပေါ့နော်

အဲ့ဒီ စိတ်အခြေအနေပေါ်လိုက်ပြီး ကျွန်တော်တို့မှာ
Aura လို့ခေါ်တဲ့ ကိုယ်ရောင်ကိုယ်ဝါဟာလည်း
အရောင်တွေ ပြောင်းနေတတ်ပါတယ်
ဒီအခန်းမှာဆိုရင် မမွန်က ဘယ်လိုအရောင်တွေဆို
ဘယ်လိုစိတ်အခြေအနေကြောင့်ဆိုပြီး
အဲ့ဒီကိုယ်ရောင်ကိုယ်ဝါ အကြောင်းတွေကို
အများကြီး ပြောပြထားပါတယ်
အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်နော်
ပြီးတော့ ဒီအခန်းမှာ ကျွန်တော်တို့က ဘယ်လိုလူလဲ
ခုဏက ပြောခဲ့တဲ့ ကိုယ်ရောင် ကိုယ်ဝါတွေ
တောက်ပနေအောင် ဘယ်လိုပြုမှုနေထိုင်ရမလဲ
ပြီးတော့ ဉာဏ်အလင်းနဲ့ ဘယ်လိုအမှောင်တွေကို
ဘယ်လိုဖြိုခွင်းရမလဲ
ဘယ်လိုအရာတွေကရော ဉာဏ်အလင်းကို
အထောက်အပံ့ပြုမလဲ စတဲ့ အကြောင်းအရာ
စုံစုံလင်လင်ကို မမွန်က ဒီအခန်းမှာ အများကြီး
ပြောပြထားပါတယ်

ဒီအခန်းကို ဖတ်ပြီးသွားရင်
အားလုံးပဲ ပညာအလင်း ဉာဏ်အလင်း ကံအလင်းတွေ
အတောက်ပဆုံး ထွန်းလင်းတောက်ပနိုင်ကြပါစေ
“ And may darkness be dispelled from us “

၃။စွမ်းအား
စွမ်းအားဆိုတာ ကျွန်တော်တို့ရဲ့ စိတ်စွမ်းအား
သတိစွမ်းအား မေတ္တာတရားရဲ့စွမ်းအား သစ္စာတရားရဲ့စွမ်းအား
စကားလုံးတွေရဲ့ စွမ်းအား နဲ့ ယုံကြည်မှုစွမ်းအားတွေ အကြောင်းပါ

အထူးသဖြင့် ကျွန်တော်တို့ရဲ့ စိတ်အကြောင်းတွေ
ကောင်းသောစွမ်းအင် ကောင်းသောစိတ်
ကုသိုလ်စိတ်ဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ
ဆုတောင်းတဲ့အခါမှာလည်း ဘယ်လိုစိတ်ထားပြီး
ဘယ်လိုဆုတောင်းရမလဲ
ငယ်ငယ်တုန်းက ကြားဖူးတဲ့ သုဝဏ္ဏသာမဇာတ်ထဲကလိုပေါ့
မျက်မမြင်မိဘနှစ်ပါးရဲ့ ဆုတောင်းဟာ
ဘယ်လောက်တောင် ပညာသားပါလိုက်မလဲ နော်
တစ်ဆုထဲနဲ့ကို လှပပြီး ပြည့်စုံလွန်းပါတယ်

ပြီးတော့ High vibrational frequency ဆိုတာ ဘာလဲ
Low vibrational frequency ဆိုတာ ဘယ်လိုမျိုးလဲ
ကိုယ့်ရဲ့ စိတ်ခံစားမှုကို ကြည့်ပြီး Consciousness Map လို့ ခေါ်တဲ့
အာရုံသိစိတ်မြေပုံမှာ ကိုယ့် Frequency က ဘယ်အဆင့်မှာ ရှိနေလဲ
အောက်အဆင့်မှာရှိနေရင်
အပေါ်အဆင့်ရောက်အောင် ဘယ်လို လုပ်ရမလဲ

စတဲ့ စိတ်ဝင်းစားဖို့ကောင်းတဲ့ အကြောင်းအရာတွေ
အားလုံးသိချင်နေကြတဲ့ အကြောင်းအရာတွေကို
တစ်ခန်းပြီး တစ်ခန်း အချိတ်အဆက်မိမိနဲ့
ပြောပြထားတာ တကယ်ကို ဆက်တိုက်ပဲ
လက်က မချချင်လောက်အောင်ကို ဖတ်ရမှာပါ။

ဒီအခန်းထဲမှာပါတဲ့ မမွန်ရဲ့ ဖိုးလေးအကြောင်းဆို
ဖတ်ပြီး ရင်ထဲမှာ တကယ်ကို မှတ်မှတ်ရရပါပဲ။
မေတ္တာတရား နဲ့ သစ္စာတရားရဲ့ စွမ်းအားကြောင့်
Evil Power ကို အနိုင်တိုက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်း
ဘယ်လောက်တောင် စိတ်ဝင်တစားနဲ့ ဖတ်ခဲ့ရသလဲ

ကျွန်တော်ကိုယ်တိုင်လည်း မေတ္တာတရား
သစ္စာတရား သတိတရား စတဲ့အကြောင်းအရာတွေကို
အရင်တုန်းက မယုံကြည်ဘူးဆိုတာထက်
သိတောင် မသိခဲ့လို့ ဂရုလည်း မစိုက်ခဲ့သူ တစ်ယောက်ပါ
တကယ်လည်း အရွယ်ရောက်လာတဲ့အချိန်
လောကဓံတွေနဲ့ လက်တွေ့ရင်ဆိုင်လာရတဲ့အချိန်မှာ
ကူကယ်ရာ မဲ့ပြီး ငြိမ်သက်အောင် ဘယ်လိုတည်ဆောက်ရမလဲ မသိဘဲ လမ်းတွေ ပျောက်ခဲ့ရတယ်
အဲ့တာဆို မေးကြမယ် အခုတော့ အေးဆေးဖြစ်သွားလားပေါ့
အဲ့လိုတော့ မဖြစ်သေးပါဘူး
ကျွန်တော်ကိုယ်တိုင်က ကြိုးစားပီး ရှာဖွေလေ့လာနေတုန်းပါ
နေတတ်အောင် ကြိုးစားနေတုန်း ရှိပါသေးတယ်
လေ့လာမှတ်သားနေတုန်းနဲ့ သညာအသိတွေပဲ ရှိပါသေးတယ်
ကျွန်တော်သိတဲ့ အကြောင်းအရာတွေဆိုတာလည်း
တကယ်ကို နည်းနည်းလေးပဲ ရှိပါသေးတယ်
ဒီ့ထက် အများကြီး ကြိုးစားရဦးမှာပါ

ကျွန်တော်တို့တွေအားလုံးရဲ့ ဘဝကို
အဓိက ဦးဆောင်ပဲ့ကိုင်ပေးနေတာက
ကျွန်တော်တို့ရဲ့ စိတ်ပါပဲ
ကိစ္စကြီးငယ်မရွေး စိတ်၏ဆန္ဒနဲ့ ဆောင်ရွက်နေကြတာပါပဲ
စိတ်ဆိုတာ အရှိတရား မဟုတ်တဲ့ အဖြစ်တရားပါ
အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာတဲ့ အဖြစ်တရား
ဒီစိတ်တွေကို သတိဆိုတဲ့ အလေ့အကျင့်နဲ့
ကျွန်တော်တို့ ထိန်းကွပ်လို့ ရပါတယ်
ဒါကတော့ လုပ်ရတာ မလွယ်ပေမဲ့
ကြိုးစားရင် ဖြစ်နိုင်တာပဲ မဟုတ်လား
ကျွန်တော်တို့တွေ စိတ်တစ်လုံးကိုထိန်းနိုင်ရင် အကုန်ငြိမ်းပါတယ်
ငြိမ်းတယ်ဆိုတာ ဒုက္ခတွေ မတွေ့ရတော့ဘူး
ဆင်းရဲတွေ မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး
အပူထဲမှာ ငြိမ်းအောင် နေတတ်သွားခြင်းပါ…….
ကျွန်တော်တို့ မြတ်စွာဘုရားရှင်လည်း
စိတ်အကြောင်းကိုပဲ သင်ပြလမ်းညွှန်ခဲ့တာတွေက
တကယ်ကို အများကြီးမှ အများကြီးပါ
မြတ်စွာဘုရားရဲ့ စာပေတွေထဲကနေလည်း လက်လှမ်းမီသလောက်
တကယ်ကို ကိုယ်လက်လှမ်းမီသလောက်ကိုပဲ
လေ့လာရှာဖွေ ဆန်းစစ်ကြည့်လို့ ရပါတယ်

စာအုပ်ထဲကနေပဲ ပြန်ကောက်နှုတ်ရရင်

“ Your state of mind creates your reality “ ပါ
အတွေးတွေ အေးချမ်းသွားတဲ့အခါ ဘဝတွေလည်း
အေးချမ်းသွားပါလိမ့်မယ်။ အေးချမ်းတဲ့ အခြေအနေတွေကို ဖန်တီး ယူလာနိုင်ပါလိမ့်မယ် တဲ့

ဒီစာအုပ်နဲ့ ပတ်သက်ပြီး ပြောချင်တာတွေက
အများကြီးမို့လို့ ဆက်ပြောရရင် ကုန်နိုင်မယ် မထင်ပါဘူး
ငြိမ်းအေးရာကို ဘယ်ကစပြီး ရှာရမလဲ မသိဘူးဆိုရင်
ဒီစာအုပ်ကနေ စလိုက်ပါလို့ အမှာပါးချင်ပါတယ်
ဒီစာအုပ်ဖတ်ပြီးသွားရင် ကိုယ့်ကိုယ်ကို ဘယ်လိုရှာဖွေရမလဲ
ဘယ်ကို ဆက်သွားရမလဲ ဘယ်လိုသွားကြမလဲ
စသည့် အကြောင်းအရာကို မမွန်က
Bonus အပိုင်းမှာ ပြောပြထားပါသေးတယ်

အားလုံးပဲ တည်ငြိမ်ခြင်း အေးချမ်းခြင်း
ပျော်ရွှင်ခြင်း ပြည့်စုံခြင်းတွေ ကိုယ်တိုင်ပိုင်ဆိုင်နိုင်ကြပြီး
မိမိပတ်ဝန်းကျင်ကိုပါ မျှဝေထွန်းလင်းတောက်ပနိုင်ကြပါစေ

မမွန်လည်း ကျန်းမာချမ်းသာပြီး
စာတွေ အများကြီး ရေးနိုင်ပါစေ…

ကျွန်တော်က စာရေးလေ့ရေးထမရှိတော့ အမှားပါတာ ရှိရင်
ဖတ်ရတာ အဆင်မပြေရင် မေတ္တာနဲ့ ခွင့်လွတ်ပေးပါနော်

The good life is one inspired by love and guided by knowledge.

-Bertrand Russell

27.08.2022
Your Beautiful Pixel ( Tala )
#monhalsey #lovelightandpower