ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ကျွန်တော်တို့ဟာ စာဖတ်တာချင်းတူကြပေမယ့် ကျွန်တော်တို့ ဖတ်ကြ၊ ကြိုက်ကျတဲ့ စာအုပ်အမျိုးအစားတွေကတော့ မတူနိုင်ကြဘူးထင်ပါတယ်။ ဒီစာအုပ်ကတော့ ဘာသာပြန်စာအုပ်တွေ၊ အတွေးအမြင်နဲ့ပတ်သက်တဲ့စာအုပ်တွေကို ပုံမှန်ဖတ်နေကျ စာဖတ်သူတွေအတွက် ဖတ်လို့ရနိုင်တဲ့ စာအုပ်မျိုးပါပဲ။ နိုင်ငံတကာမှာ အရောင်းရဆုံးစာအုပ်အနေနဲ့လည်း စာရင်းဝင်ထားပါသေးတယ်။
စာအုပ်မှာပါတဲ့ စာပိုဒ်တစ်ချို့ကို ကျွန်တော်ရေးပေးပါ့မယ်။ ဒီလိုအရေးသားနဲ့ တွေးမြင်ပုံမျိုးကို နှစ်သက်တယ်ဆိုရင်တော့ ဒီစာအုပ်ကို ဖတ်လို့ရကြမယ်ထင်ပါတယ်။ ကိုယ်တိုင်ပဲဆုံးဖြတ်ကြပါလို့။
#1. ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတိုင်းဟာ မနားမနေ လှုပ်ရှားသွားလာနေတာ တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခဏလေးမေးကြည့်မိတယ်။ လောကကြီးက အလုပ်များနေတာလား၊ ငါ့စိတ်ကပဲ အလုပ်များနေတာလား..လို့။
#2. လူတွေဟာ တူညီတဲ့အခြေအနေတစ်ခုကို တစ်ယောက်တစ်မျိုးစီ တုံ့ပြန်တတ်ကြတယ်။ ဒါကို သေချာလေ့လာကြည့်ရင် ကိုယ့်ကို တကယ်အနှောင့်အယှက်ပေးနေတာက ကိုယ်ကြုံနေရတဲ့အခြေအနေထက် ကိုယ်ကြည့်တဲ့ရှုထောင့်ကြောင့် ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။
#3. ကိုယ့်မှာ မပြည့်စုံတာတွေရှိနေပေမယ့်လည်း မိမိကိုယ်ကိုချစ်ပါ။ ဘဝတစ်လျှောက် မနားမနေကြိုးပမ်းလာရတာ ကိုယ့်ကိုယ်ကိုယ် ကရုဏာမသက်မိဘူးလား။ ရံဖန်ရံခါ ကိုယ့်ရင်ဘတ်ကိုပုတ်ပြီး မင်းကိုငါချစ်တယ်လို့ ပြောပေးပါ။ #ရှက်စရာကြီး
#4. ဂီတသံတွေကို ချိုမြစေတာက သံစဉ်တစ်ခုနဲ့တစ်ခုကြား အကွာအဝေးကြောင့်ပဲ။ လူတွေပြောနေတဲ့ စကားတွေဟာ ဘာကြောင့်နားထောင်ကောင်းတာလဲဆိုရင် စကားလုံးတွေကြားမှာ ရပ်နားထားတာလေးတွေ ပါနေလို့ပါ။ ဒါကြောင့် အသံတွေကြားကနေ တိတ်ဆိတ်မှုတွေကို သတိပြုပါ။
#5. မေးခွန်းတစ်ချို့ဟာ ရှည်လျားရှုပ်ထွေးပြီး စဉ်းစားရခက်ပေမယ့် အဖြေကတော့ ကလေးတစ်ယောက်တောင် နားလည်နိုင်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့အမှန်တရားတွေဟာ ရိုးရှင်းနေတာကြောင့်ပေါ့။ကိုယ်ကမေးလိုက်ပေမယ့် တစ်ဖက်သားက မဖြေလိုက်တဲ့အခါလည်း ဒါက အဖြေတစ်ခုပဲဆိုတာ နားလည်ရလိမ့်မယ်။

![]() | ![]() | ![]() |