ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

#အမေကိုပြောဖြစ်သောစကားများ
#မွန်ဟော်စီ #MonHalsey
ကလေးဘဝပြီးရင် လူငယ်ဘဝရောက်တာ.....၊ လူငယ်ဘဝပြီးရင် လူကြီးဘဝရောက်တာ.....၊ လူကြီးပိုင်းဘဝပြီးရင် အရွယ်အိုတဲ့ဘဝရောက်တာ.....၊
(ရွှေဥမင်တောရဆရာတော်ရဲ့ အဆုံးအမနဲ့ပြောရင် "ကလေးကလေး အထင်မသေးနဲ့..... ကလေးက လူကြီးဖြစ်တာ" ဆိုတာမျိုးပေါ့)
မိန်းကလေး တစ်ယောက် ကိုယ်ဝန်ရချိန်ကစလို့ အမေဖြစ်လာတာ.....၊ ယောကျ်ားတစ်ယောက်ကလည်း အဖေဖြစ်လာတာ.....။
ဒါဟာ ငြင်းမရတဲ့ သဘာဝတရားပါ။ ပြောလို့ရပါတယ်။ (လက်မခံရင် ဘာမှမတတ်နိုင်ဘူး။)
ဆရာမရဲ့ အမေဖြစ်သူ အသက် ခုနစ်ဆယ်ပြည့် မွေးနေ့မှာ ဒီစာအုပ်ထုတ်တာဟာ အမေကို ကျေးဇူးဆပ်တဲ့သဘောပဲလို့ ထင်မြင်မိတယ်။
ဒီစာအုပ်က အမေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံစာစုတွေချည်း လုံးဝမဟုတ်ပါဘူး။ လူကြီးပိုင်းအရွယ်ရောက်တဲ့အခါ ဘယ်လိုစိတ်ထားနဲ့ ရှင်သန်နေထိုင်ဖို့ ၊ အိုရနာရသေရမှာ ရင်ဆိုင်ရပေမယ့် တက်တက်ကြွကြွနဲ့ အားထုတ်ကြဖို့ ၊ ကိုယ်လုပ်နိုင်တဲ့အလုပ် လုပ်နိုင်ကြဖို့ ၊ လူကြီးနဲ့ လူငယ်တို့ရဲ့ ဆက်ဆံရေးပိုင်း စတဲ့ လူကြီးမိဘတွေအတွက်ရော လူကြီးမိဘတွေရှိတဲ့လူငယ်တွေအတွက်ပါ ဘဝနေနည်းစာစုတွေကို ဆရာမရဲ့ အတွေ့အကြုံနဲ့ယှဥ်ပြီး ဒီစာအုပ်ထဲမှာ ထည့်ရေးထားတယ်။ အထူးသဖြင့် စိတ်ပျော်အောင်နေတတ်ဖို့ စာအုပ်ထဲက လူကြီးမိဘတွေအတွက် စာစုလေးတွေပါ ထည့်ပါလာတယ် (ကျနော်ဒီစာအုပ်အစအဆုံးမဖတ်ရသေးပါ)။ နောက်ဆုံးအခန်းဖြစ်တဲ့ အမေအတွက် ပြောပြတဲ့ တရားဓမ္မစာစုလေးတွေပါ ပါတယ်။
ဆရာမရဲ့ ဒီစာအုပ်အရေးအသားက သိမ်မွေ့တယ်။ ပိုးသားလေးလို နူးညံ့လှပတယ်။ Smooth ဖြစ်တယ်။ လောကရေးရာနဲ့ဓမ္မရေးရာတွေနဲ့ အလယ်အလတ်လမ်းစဥ်ကျကျရေးထားတာ တွေ့ရတယ်။
"အမေ့ရဲ့ မွေးနေ့"ဆိုတဲ့ စာစုက (ဆရာမ)မွန်ဟော်စီရဲ့အမေမွေးနေ့ရောက်လို့ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲလို့မေးတယ်။ သူ့မောင်လေးနဲ့ တိုင်ပင်ပြီး တစ်ခုခုစီစဥ်ပေးတယ်။ ဒါပေမယ့် အမေဖြစ်သူကလည်း ဘာမှမပြောပါဘူး။ သူမ (မွန်ဟော်စီ)ငယ်ငယ်တုန်းက တစ်နှစ်ကနေ ကိုးနှစ်အထိ Birthday Party လုပ်ဖြစ်တော့ တစ်ချိန်ချိန်ကျရင် တစ်ခုခု ပြန်ပေးဆပ်ရမယ်ဆိုတဲ့ အသိရှိတဲ့ စိတ်ထားကို ဖော်ပြတယ်။
"အမေအတွက်ပြောဖြစ်တဲ့တရားများ"ကတော့ ယခုလက်ရှိအခြေအနေမှာနေနေကြတဲ့ လူကြီးမိဘများအတွက် လက်တွေ့မှာ အဆင်ပြေနိုင်မယ့် စာစုလေးတွေပါ။
မွန်ဟော်စီရဲ့ အဘိုး ("ဘ"လို့လည်း ခေါ်ပါတယ်။)က သူ မသေခင်တစ်ရက် မှာ စန္ဒရားဆရာနဲ့အတူတူ Piano နဲ့ သီချင်းတွေတိုက်လိုက်၊ Piano အတီးကျင့်လိုက်နဲ့ ညပိုင်းမှာ ရောဂါတစ်ခုခုဖြစ်လို့ ဆေးရုံရောက်ပြီး မနက်မှာ ဆုံးသွားတယ်။ ဒါပေမယ့် သူမအဖိုးစိတ်ဓါတ်ကို လူတိုင်း လေးစားအားကျသင့်တယ်လို့တော့ ကျနော်ထင်မြင်မိတယ်။
သက်ကြီးဘိုးဘွားများ ၊ လူကြီးမိဘများ ၊ လူကြီးမိဘများရှိတဲ့သူလူငယ်တွေ ၊ ခြုံပြောရရင် မိသားစုတိုင်းအတွက် ဘဝနေနည်းစာအုပ်တစ်အုပ်ဟာ ဆရာမ မွန်ဟော်စီ အမေဖြစ်သူရဲ့ အသက် ၇၀ ပြည့် မွေးနေ့မင်္ဂလာရက်မြတ်မှာ စာဖတ်သူလူကြီးမိဘများအားလုံးရဲ့ လက်ထဲကို အောင်အောင်မြင်မြင်နဲ့ ရောက်ရှိလာခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို အချုပ်ပြောရရင် မသေခင်လက်ကျန်လေးမှာ နေတတ်ထိုင်တတ် အသက်ရှင်တတ်ဖို့က လိုတယ်မဟုတ်လား......။
စွမ်းအားကျော်ဇံ
၂၂ - ၁၂ - ၂၀၂၁ (ဗုဒ္ဓဟူးနေ့)

![]() | ![]() | ![]() |