ရှင်သန်နေသောဘဝဖြတ်သန်းမှုနဲ့အသားကျခေါက်ရိုးကျိုးနေသော ဘဝဖြတ်သန်းမှုတို့ကို ချိန်ထိုးတွေးဆ၊သုံးသပ်၊အကြံပြုရေးသားထားတဲ့ စာအုပ်လို့ဆိုရပါမယ်။
ပဲ့ကိုင်ခြင်းလော့ဂျစ်များ၊ဘဝထဲက လော့ဂျစ်များဆိုပြီး နှစ်ပိုင်းခွဲရေးသားထားတယ်။အဲဒီလိုရေး
သားရာမှာ လူငယ်တစ်ယောက်က သူဖြတ်သန်းရင်ဆိုင်တွေ့ကြုံနေရတဲ့အနေအထားနဲ့ ရှေ့ကဖြတ်သန်းခဲ့ကြသူတွေရဲ့အနေအထားတစ်ချို့ကို ချိန်ထိုးနှိုင်းယှဥ်ရေးသားအကြံပြုထားတယ်လို့ဆိုရမယ်။
ခေတ်ပြိုင်လူငယ်တစ်ယောက်က ခေတ်ပြိုင်အာရုံခံစားမှုနဲ့အတူ ငြိမ်သက်နေ၊အသားကျနေတာ
တွေကို ရှင်သန်လာအောင် နှိုးကြည့်နေတာလို့လည်း
မြင်ပါတယ်။သူ့အမြင်၊သူ့အတွေး၊သူ့အယူအဆ၊သူ့အကြုံပြုချက်နဲ့ သူလက်ကိုင်ထားတဲ့တူရူချက်တွေအပေါ်မှာ ဆွေးနွေးငြင်းခုန်၊လက်ခံငြင်းပယ်၊ဖြည့်စွက်ထောက်ခံ စောဒကတက်စရာတွေရှိပါလိမ့်မယ်။
စာအုပ်နာမည်က အပူစာ။ပူလောင်နေတဲ့စာလား၊ပူလောင်စေတဲ့စာလား။အပူတပြင်းအကြောင်းတွေလား၊ပူနေစရာမလိုသေးတဲ့အကြောင်းတွေလား။ကျွန်တော်သတိထားမိလိုက်တာကတော့ ပူပန်သင့်တာတွေကို ပူပန်ကြရတော့မယ်လို့ လက်တို့လိုက်တာလို့ပဲဖြစ်ပါတယ်။ချဥ်းကပ်ပုံ၊အရေးအသား၊အပြောအဆိုတွေနဲ့ပတ်သက်လို့ ဘော်ဒါအချင်းချင်းအသုံးတွေလို့ သဘောရပါတယ်။လူငယ်အချင်းချင်း ပိုရင်းနှီးသွားစေတဲ့ပုံစံမျိုး။
လူကြီးတွေရဲ့ဖြတ်သန်းမှုကို ပြန်လည်သုံးသပ်ထားတာတွေလည်းဖြစ်လို့ လူကြီးတွေကိုလည်း ဆွေးနွေးထားတယ်လို့ဆိုနိုင်ပါတယ်။လူကြီးတွေအတွက်တော့ စိတ်ခလုတ်တိုက်နိုင်တဲ့ အရေးအသားပုံစံမျိုးဖြစ်နေနိုင်ပါတယ်။
ကျွန်တော်ကတော့ ခေတ်ပြိုင်လူငယ်တစ်ယောက်ရဲ့ ခေတ်ပြိုင်အရေးအဆိုများအဖြစ် ဖတ်ရှုလိုက်ပါတယ်။လူငယ်တွေရဲ့အရေးအဆိုကို သူတို့ရဲ့
ရင်ခုန်သံသာမက သူတို့ရဲ့ရင်ဖွင့်သံတွေအဖြစ်လည်းသူတို့ခေတ်ကိုသူတို့နဲ့အတူ စီးမျောကြည့်ကြရတာပေါ့။