ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ဒီစာအုပ်လေးကတော့ သက်ကြီးပိုင်းအရွယ် တနည်း အလုပ်တွေကနေ အနားယူရတော့မယ့် ပင်စင်စားအရွယ် လူကြီးများအတွက် ရည်ရွယ်ရေးသားထားတဲ့စာအုပ်လေး ဖြစ်ပါတယ်။
ဘဝတစ်လျှောက်လုံး မိသားစုအတွက် ဦးဆောင်ပြီး ရှာဖွေကျွေးမွေးလာရာကနေ အိမ်မှာပဲနေရတော့မယ်ဆိုပြီး စိတ်အားငယ်မနေဘဲ တချိန်က ဝါသနာပါရာအိမ််မက်ကလေးတွေကို အကောင်အထည်ဖော်နိုင်ဖို့
အခွင့်အရေးကို "ကမ္ဘာသစ်"ရယ်လို့ ခိုင်းနှိုင်းတင်စားထားတာလေးပေါ့။
တကယ်တော့ တာဝန်တွေ ပေါ့ပါးသွားပြီး ကုသိုလ်ကောင်းမှုတွေ ပိုတိုးပြီး လုပ်လို့ရမယ့် အချိန်လေးတွေလို့လည်း ပြောလို့ရတာပဲနော်....။
နေ့စဥ်အလုပ်တွေမှာ သတိနဲ့ သိနေမယ်၊ ကိုယ်ဝါသနာပါရာလည်း လုပ်မယ်၊ဝါသနာမရှိသေးရင် ရှာဖွေလို့လည်း ရသေးတဲ့အချိန်လေးတွေမို့ တန်ဖိုးထားစရာပါပဲ။
"သင် ဘယ်လို သေမလဲဆိုတာကို ရွေးချယ်လို့ မရပါဘူး။ဘယ်တော့ သေမလဲဆိုတာကိုလည်း
ရွေးချယ်ခွင့် မရှိပါဘူး။သင် ဘယ်လိုနေမလဲဆိုတာ တစ်ခုကိုပဲ ဆုံးဖြတ်နိုင်ပါတယ်။အခု ပစ္စုပ္ပန်ကာလကို ဖြစ်ပါတယ်။"
ကျွန်မတို့ဆီမှာတော့ လူကြီးအများစုဆို ဘာမှမလုပ်နိုင်တော့ဘူးဆိုပြီး အိမ်တွင်းအောင်းနေရပြီး သားသမီး မျက်နှာကြည့်နေကြရတဲ့ သူတွေ ပိုများပါတယ်။
အရင်က အပေါင်းအသင်းတွေ ပြန်စုပြီး ပရဟိတအလုပ်တွေ လုပ်တာမျိုး၊ စာဖတ်ဝါသနာပါသူက စာဖတ်လို့ ခရီးသွားဝါသနာပါသူများက ခရီးထွက်ကြဖို့ရာ ပြောထားတာမို့ လုပ်စရာမရှိဘူး ဆိုပြီး စိတ်အားငယ်နေဖို့ မလိုပါဘူး။အကြံဥာဏ်ကောင်းလေးတွေ ရစေမယ့် စာအုပ်လေး ဖြစ်ပါတယ်။
တွဲလျှက်ပါလာတဲ့ ဓမ္မအသိဆိုတဲ့ စာအုပ်လေးမှာလည်း သဘောကျစရာ စာစုလေးတွေ ပါဝင်နေပြန်ပါတယ်။
"ကောင်းမှုကုသိုလ်တွေကို စိတ်ထဲမှ ဓါတ်ပုံရိုက်ယူပါ။
ဘဝကို အမှတ်တရတွေနဲ့ ရေတွက်ပါတဲ့🤍"
ဘဝက တိုတိုလေးဆိုသလိုပဲ... ရှင်သန်နေတုန်းမှာ
အသိ သတိကပ်ပြီး ကုသိုလ်စိတ်ထားနိုင်ဖို့ပဲ ကြိုးစားကြရပါမယ်။
ကျွန်မ ကြားဖူးတာလေး ထည့်ပြောရရင်
အဆိုးတွေ ကြုံနေတဲ့အချိန် ကောင်းတာတွေ ပိုတိုးလုပ်ရင်း အတိတ်ကံအဆိုးတွေအပါအဝင် ပစ္စုပ္ပန်ကာလက အဆိုးတရားတွေကိုပါ လျော့ပါးလာအောင် လုပ်ဆောင်သင့်ပါတယ်တဲ့။
တန်ဖိုးရှိပြီး အေးချမ်းတဲ့ ဘဝနေနည်းရဖို့အတွက် ဖတ်သင့်တဲ့ စာအုပ်လေးမို့
ဖတ်ကြည့်ဖို့ ညွှန်းဆိုချင်ပါတယ်။

![]() | ![]() | ![]() |