ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

စူးရှမေရဲ့ ဒီစာအုပ်ကလေးကို ဖတ်နေတဲ့အချိန်မှာ ဒိုင်ယာရီကိုအာရုံရနေခဲ့ပြီး၊ဖတ်ပြီးသွားတဲ့
အခါမှာတော့ journal ကိုသတိရသွားတယ်။
ငယ်ငယ်တုန်းက မောင်းမကန်ကမ်းခြေသောင်ပြင်မှာ ခြေဖဝါးအိမ်ကလေးတွေ ဆောက်တမ်း ဆော့ကစားကြတာ သတိရတယ်။တချို့က
အိမ်ကလေးတစ်လုံးတည်းဆောက်တယ်။တချို့က
ဘေးကအိမ်ကလေးတွေရံပြီးဆောက်တယ်။အိမ်ကလေးတွေဆိုတာကလည်း ခြေဖဝါးအရွယ်အစား
အတိုင်းပဲပေါ့။သူ့အိမ်ကကြီးတယ်၊ငါ့အိမ်ကကြီးတယ်ဆိုပြီး ပြိုင်ကြတာထက် အိမ်ပြိုကျမသွားအောင် သတိထားပြီး ခြေဖဝါးလေးကို ဆွဲထုတ်ရတာကို ပြိုင်ကြတယ်။ခြေဖဝါးလေးတွေကို ဆွဲထုတ်တာကမှ ပညာကိုး။အတွေ့အကြုံကိုး။ကျွမ်းကျင်မှုကိုး။
အဲဒီသဲအိမ်ကလေးတွေဟာ နေထိုင်ဖို့အတွက်
မဟုတ်ဘူး။စိတ်ကူးအိမ်ကလေးတွေသာဖြစ်တယ်။သဲအိမ်ကလေးကို အောင်မြင်စွာဆောက်ပြီးတဲ့နောက် ကိုယ်ဆောက်ထားတဲ့အိမ်ကလေးကို ကိုယ်ပြန်ကြည့်ရတာအရသာ။လှိုင်းတွေတက်လာတာ အိမ်ကလေးနားရောက်လာပြီဆိုတော့ နှမျောရတယ်။ဒါပေမယ့် အဲဒီသဲအိမ်ကလေးကို သယ်ပြေးလို့မရဘူး။ကိုယ်ဆောက်မိတာက သဲအိမ်ကလေးလေ။ရေလှိုင်းတွေ ရောက်ချလာမယ့်နေရာမှာဆောက်ထားတဲ့ သဲအိမ်ကလေးလေ။
လူတစ်ယောက်ဖြစ်လာရင် သူ့ရဲ့လူ့ဘဝဆိုတာလည်းရှိလာရတာပါပဲ။ဘဝကိုယ်တိုင်က အိမ်ကလေးပဲပေါ့။ကိုယ့်ဘဝကိုယ်တည်ဆောက်ရသလို
ကိုယ့်ဘဝအိမ်ကလေးကိုလည်း ကိုယ်တိုင်တည်ဆောက်ရတာပါပဲ။ကိုယ်တည်ဆောက်လိုက်တဲ့ ဘဝအိမ်ကလေးဟာ သဲအိမ်ကလေး ဖြစ်သွားသလား။လှိုင်းတက်လာမယ့်နေရာမှာ တည်ဆောက်ထားမိလေသလား။ကိုယ်သတိမထားမိခဲ့ရင်တောင်
ရေလှိုင်းထိပ်မှာဆောက်တဲ့ သဲအိမ်ကလေးကတော့ ပြိုပျက်သွားမှာပါပဲ။
ကိုယ့်သဲအိမ်ကလေးကို ရေလှိုင်းတိုက်စားသွားတာကိုကြည့်ရင်း ထိုင်မငိုခဲ့ဖူးတာကို သတိရလာတယ်။ဆုံးရှုံးသွားတဲ့အိမ်ကလေးအတွက် ဝမ်းနည်းမိပေမယ့် ပြန်မရနိုင်တော့ဘူးဆိုတာကိုလက်ခံလိုက်ရတယ်။
ဘဝဆိုတာ ကလေးဘဝကနေစခဲ့ကြတာဖြစ်
ပေမယ့် ကလေးကစားသလို မဟုတ်ဘူးမဟုတ်လား။ကြီးပြင်းလာရတယ်၊ရင့်ကျက်လာရတယ်။
ကိုယ့်ဘဝအိမ်ကလေးဟာ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်တည်ဆောက်ထားတဲ့အိမ်ကလေးဆိုရင် အိမ်ကလေးအပေါ်မှာ ကိုယ့်ဘဝကို
ထည့်သွင်း မြှုပ်နှံတည်ဆောက်ထားရတာပါပဲ။အဲဒီအိမ်ကလေးပြိုပျက်သွားတဲ့အခါ....။
ဘဝအိမ်ကလေးဟာ ပြိုပျက်နိုင်တဲ့ အိမ်ကလေးပါပဲ။အမိုးပျက်ရင် အမိုးသစ်ပြန်လုပ်ရတယ်။အကာပျက်ရင် အကာသစ်ပြန်လုပ်ရတယ်။
တစ်အိမ်လုံးပြိုကျသွားရင်တော့ အိမ်အသစ်ပြန်
ဆောက်ရတော့မှာပေါ့။ပြိုကျသွားတဲ့အိမ်ကလေး
က ပြန်ထလာမှာမဟုတ်တော့ဘူး။ဒါပေမယ့် အိမ်ကလေးကို ဆောက်သူလူကတော့ ပြန်ထလာနိုင်တယ်။ပြန်ထလာနိုင်ဖို့လိုတယ်။အိမ်နဲ့အတူ လူပါလိုက်ပြိုကျသွားလို့မဖြစ်ဘူး။
စူးရှမေက သူ့အိမ်ကလေး ပြိုပျက်ခဲ့ပြီးတဲ့နောက် အိမ်အသစ်ကလေး ပြန်ဆောက်ဖို့ ပြန်ထလာနိုင်ခဲ့တယ်။ဒီစာအုပ်ကလေးဟာ အဲဒီပြန်ထလာတဲ့
လူက စတင်ပြီးအသစ်ပြန်ဆောက်ဖို့ ပြင်ဆင်ကြိုးပမ်းလိုက်တာပဲလို့ သဘောရတယ်။
ဒါပေမယ့် အိမ်ကလေးနဲ့အတူ ပြိုပျက်သွားတဲ့သူဟာ ရုတ်ခနဲ ထလာခဲ့တာတော့မဟုတ်ဘူး။တဆင့်ချင်း၊တစ်အားချင်း ထလာခဲ့တာဖြစ်တယ်။ပြိုပျက်သွားတဲ့အိမ်ကလေး ဘာကြောင့်ပြိုပျက်သွားသလဲဆိုတဲ့ သင်ယူမှုတွေနဲ့ထလာခဲ့တယ်။သူသင်ယူခဲ့တာတွေထဲက တချို့ကိုမျှဝေတဲ့အနေနဲ့ ဒီစာအုပ်ကလေး ရေးလိုက်တယ်လို့ ဆိုနိုင်ပါရဲ့။
ဒိုင်ယာရီလေးဟာ မှတ်တမ်းဖြစ်သလို journal ဟာလည်း မှတ်တိုင်ဖြစ်လာနိုင်ပါတယ်။
သူ့အရေးအသားက မယုံမရှိနဲ့ကိုယ်တွေ့လို့ ပြောနေသလိုပဲ။တနည်းအားဖြင့်ဆိုရင် ကိုယ်မသိတာတွေ
မဟုတ်ဘဲ ကိုယ်မရှင်းမိလိုက်တဲ့ ကိုယ့်လျှောက်လမ်းပေါ်က အဟန့်အတားတွေပဲဖြစ်တယ်။ဖတ်ကြည့်လိုက်ရင် အသစ်အဆန်းတွေ ဖြစ်ချင်မှဖြစ်မယ်။
ဒါပေမယ့် အိမ်ငယ်ကလေးပြိုပျက်ခဲ့သူဟာ အဲဒီသူ
သိပြီးသားတွေကို ကျော်လွှားခဲ့တာမဟုတ်ဘဲ၊ကျော်ပစ်ခဲ့တာကြောင့်လို့ ပြန်သုံးသပ်မိနိုင်ပါတယ်။ဒါကြောင့်ပဲ သူကဒါတွေကို တလေးတနက်ပြောပြနေတာပဲဖြစ်ပါတယ်။
ဘဝအိမ်ကို စိတ်တိုင်းကျတည်ဆောက်နိုင်ကြပါစေ။ပြိုပျက်သွားခဲ့ရင်လည်း ခန္ဓာအိမ်အတွက် ဘဝအိမ်တွေဟာ လိုအပ်ရင် အသစ်ဆောက်ရစမြဲပဲလို့ ခံယူထားကြတာပေါ့။
သတိပေးတဲ့ စူးရှမေကိုလည်း ကျေးဇူးတင်ပါတယ်။အသစ်ဟာ ပိုကောင်းတဲ့အသစ်ဖြစ်စေရအောင်ပါ။

![]() | ![]() | ![]() |