ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

*****************************************
ကိုယ်ကျင့်တရားရှာပုံတော်
ထွက်နေသူများသို့
*****************************************
"လူဖြစ်ကာမတ္တသည် မြတ်နိုးစရာ မဟုတ်သေး။
လူကောင်း ဖြစ်ရခြင်းသည်သာလျှင် မြတ်နိုးစရာ စင်စစ်ဖြစ်၏။"
ဆော့ခ်ခရေးတီးစ်
"ရောမအင်ပါယာကြီး ပျက်သုဉ်းကျဆင်းသွားခြင်းသည် စီးပွားရေး ချို့တဲ့သွားမှုကြောင့်လည်း မဟုတ်၊ ပြင်ပရန်သူတို့၏ တိုက်ခိုက်ခြင်း ခံရသောကြောင့်လည်း မဟုတ်၊ စင်စစ် ပြည်သူပြည်သားတို့၏ အကျင့်စာရိတ္တ ဆုတ်ယုတ်ပျက်ပြားသွားမှုကြောင့်ပင် ဖြစ်သည်။"
Harold, H.Titus, "Ethics for Today"
အထက်က အဆိုအမိန့်တွေ ထောက်ချင့်ရုံနဲ့တင် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားဟာ "လူနဲ့ လူ့အဖွဲ့အစည်းကို ထိန်းမတ်ပေးသော မဏ္ဍိုင်တစ်ခု" လို့ဆိုနိုင်မှာ ဖြစ်ပါတယ်။
ကောင်းမွန်သော ကိုယ်ကျင့်တရားလို့ ဆိုရာမှာ ၎င်းကို ယူဆတွေးခေါ်ပုံတွေကလည်း အမျိုးမျိုးကွဲပြားနေကြတာပါပဲ။ အရှေ့ဒဿနတွေနဲ့ အနောက်ဒဿနတွေကြား၊ အရှေ့ဒဿန အချင်းချင်းနဲ့ အနောက်ဒဿန အချင်းချင်းတွေကြားမှာ တူညီမှုတွေရှိသလို ထင်ရှားတဲ့ ကွဲပြားမှုတွေ တွေ့နေရတာလည်း အမှန်ပါပဲ။
ဒီတော့ ဘယ်အယူအဆကို ကျွန်တော်တို့ လက်ခံကျင့်သုံးကြမလဲဆိုတာ တော်တော်စိတ်အိုက်စရာပဲ။ လက်ခံကျင့်သုံးတော့မယ်ဆို အယူအဆတွေ၊ အတွေးအခေါ်တွေကို အရင်သေသေချာချာ သိနားလည်ဖို့က အရေးကြီးပါတယ်။ ဒီ့အတွက်ကြောင့်လည်း အခုညွှန်ပေးမယ့် စာအုပ်ကို ကျွန်တော်ဖတ်ခဲ့သလို မိတ်ဆွေတို့ကို သိစေချင်လို့ ဖတ်ညွှန်းထိုင်ရေးဖြစ်နေတာပါပဲ။
စာအုပ်နာမည်က "ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်"။
စာရေးသူက (၂၀၁၁)ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဒဿနဗေဒပါမောက္ခ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာနန္ဒာသိန်းဇံ။
ဘာအကြောင်းတွေ ရေးထားလဲဆိုတော့-
"မြင့်မြတ်ရာသို့ အဆင့်ဆင့်ကြိုးပမ်းလှမ်းတက်နိုင်သည့် လူ့ပြုမူလှုပ်ရှားမှုများကို ညွှန်းဆိုသော အတွေးအမြင်အယူအဆများ။"
စာရေးသူ ဆရာနန္ဒာသိန်းဇံကို စသိခဲ့ပုံလေး ပြောပြပါဦးမယ်။ ကျွန်တော်ကိုးတန်းဘဝက ကျူရှင်ကို စာအုပ်တွေ ယူလာ။ ဆရာတွေ မရောက်လာသေးချိန် စာထိုင်ဖတ်နေတာက နေ့စဉ်ပြုမြဲကိစ္စ။ ဒါကို ကျွန်တော့်ရဲ့ ဇီဝဗေဒဆရာကမြင်တော့ "မင်း နန္ဒာသိန်းဇံရဲ့ စာအုပ်တွေ ဖတ်ဖူးလား။ သူ့ရဲ့ "ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း၊" "မိတ်ကောင်းဆွေကောင်းနဲ့ ခရီးသွားခြင်း" တို့ဆို ဆရာ့လက်စွဲ စာအုပ်တွေကွ" လို့ ညွှန်းတာနဲ့ ဆရာနန္ဒာသိန်းဇံရဲ့ စာအုပ်တွေနဲ့ စထိတွေ့မိခဲ့တယ်။
"ခင်ဗျားဘဝမှာ အလွန်ထူးမြောက်တဲ့ စာရေးဆရာတစ်ဦးကို မြည်းစမ်းဖူးပြီဆိုတာနဲ့တစ်ပြိုင်နက် စာအုပ်အများအပြား ဖတ်ရှုဖို့ မလိုအပ်ကြောင်း အလိုအလျောက် နားလည်လာလိမ့်မှာပဲ" လို့
ဆရာတည်တံ့က "သိုးပုပ်နေသော မှတ်ဉာဏ်တွဲများ" စာအုပ်မှာ ရေးထားဖူးတယ်။ ကျွန်တော့် အတွေ့အကြုံအရတော့ သည်စကားမှန်တယ်လို့ ထင်တာပဲ။ ဆရာနန္ဒာသိန်းဇံရဲ့ စာအုပ်တွေ ဖတ်တော့ လောက်လောက်လားလား စာရေးဆရာရဲ့ အနှစ်သာရရှိတဲ့ စာမျိုးဆိုတာ ဒါမျိုးပဲလို့ ပထမဆုံးခံစားမိတယ်။
"ရခဲမှ ရတနာ၊ သိခဲမှ ပညာ။"
အနှစ်သာရရှိတဲ့စာအုပ်တွေကို သေချာအချိန်ပေးပြီး မှတ်စုချရေးလိုက်၊ ထိုင်စဉ်းစားလိုက်လုပ်ရခြင်းရဲ့ အရသာကို သိပြီးတဲ့နောက်မှာ စာအုပ်ကောင်းဆိုတာနဲ့ ဝယ်ချင်နေတဲ့စိတ်ရယ်။ စာအုပ်ကောင်းဆိုတာနဲ့ ဖတ်ချင်နေတဲ့ စိတ်ရယ်။ စာအုပ်တွေ အများကြီး မြန်မြန်နဲ့ ဖတ်ပစ်မယ်ဆိုတဲ့ စိတ်တွေဟာ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်တာပဲ။
အခု ဒီစာအုပ်ကို ဖတ်တာ ဒုတိယအကြိမ်။ ပထမအကြိမ် ဖတ်တုန်းကတော့ သုံးလေးနာရီနဲ့ အပေါ်ယံရှပ်ဖတ်လိုက်တာပဲ။ "ငါ...ဒီစာအုပ်ဖတ်ပြီးပြီ" လို့ လူပုံအလယ်ပြောဖို့လောက်ဆိုတော့ ဖတ်သာပြီးသွားပေမယ့် ဘာမှ မမှတ်မိ။ ဘာမှ လည်း သေချာ စုပ်ယူ၊ မျိုချ၊ ကြေအောင်မချေလိုက်ရ။ ဒီအကြိမ်တော့ ခြောက်ရက်လောက် အချိန်ယူ၊ ဘောပင်မင် အရောင်နှစ်ရောင်ရယ်၊ ခဲတံရယ်ဆိုတဲ့ ပေါက်တူး၊ တူရွင်းအစုံကိုင်ပြီး စာတောထဲက ရတနာကို အတတ်နိုင်ဆုံး တူးဆွမိတယ်။ အချို့သောအရာတွေကို ဝါးတယ်။ မျိုတယ်။ ကြေအောင်ချေတယ်။ နှလုံးသားနဲ့ တစ်သားတည်းဖြစ်အောင် စုပ်ယူတယ်။
ဆရာနန္ဒာသိန်းဇံဟာ ဗုဒ္ဓယဉ်ကျေးမှု အတွေးအမြင်ကို နှံ့စပ်လှသူ ဒဿနသမားတစ်ဦး ဖြစ်တယ်။ သူဟာ အနောက်တိုင်းဒဿနတွေနဲ့ ထေရဝါဒ ယဉ်ကျေးမှု အတွေးအမြင်တွေကို ယှဉ်တွဲပြပြီး အတွေးပွားစေလေ့ရှိတယ်။ ဘယ်ဟာသာ အမှန်လို့ အတင်းအကြပ် မသုံးသပ်ပြထား။ စာဖတ်သူသာ ဆုံးဖြတ်ဖို့ အခွင့်ပေးထားတယ်။
အကြောင်းအရာ
****************
ဒီစာအုပ်မှာ အဓိကတင်ပြထားတာကို အပိုင်းနှစ်ပိုင်းလို့ ကျွန်တော့်ဘာသာ သတ်မှတ်မိတယ်။
"ကိုယ်ရည်ကိုယ်သွေးမြင့်မားရန် အပြုအမူ၊ အလေ့အကျင့်တွေ ပျိုးထောင်ပုံ"နဲ့ "၎င်းနည်းနာတွေ မြစ်ဖျားခံရာ အတွေးအမြင်အယူအဆများ။"
ကိုယ်ရည်ကိုယ်သွေးဆိုတာ နေပုံ၊ ထိုင်ပုံ၊ စားပုံ အစရှိတဲ့ အလေ့အကျင့်တွေ ပေါင်းစပ်ထားခြင်းပဲ။ ဒါ့ကြောင့် ဆရာကြီးဟာ အခန်း(၁)မှာ အလေ့အကျင့်ဆိုတာ ဘာလဲ။ အလေ့အကျင့်ဆိုတာကို အနောက်တိုင်းနဲ့ အရှေ့တိုင်းက ဒဿနတွေက ဘယ်လို သတ်မှတ် သဘောထားကြလဲ။ လူတွေရဲ့ အလေ့အကျင့်တွေ ဘယ်လို ဖြစ်လာသလဲ။ ဘယ်အချက်တွေက လွှမ်းမိုးသလဲ ဆိုတာတွေကို ဒဿနသမားတွေ၊ သိပ္ပံသမားတွေရဲ့ အယူအဆမျိုးစုံနဲ့ တည်ခင်းပြတယ်။ နောက် လူတိုင်း လက်ခံတဲ့ သဘောကို အရိုးဆုံးကောက်ချက်ချတော့ "အလေ့အကျင့်ဆိုတာ အဖန်တလဲလဲ အကြိမ်ကြိမ် ဖြစ်ခွင့်ရတဲ့ အပြုအမူ"တဲ့။ ဒါပဲတဲ့။
ဆိုတော့ ကိုယ်ရည်ကိုယ်သွေးမြင့်မားကောင်းမွန်ဖို့က အပြုအမူတွေ ကောင်းနေရမှာပေါ့။ အပြုအမူဆိုတော့ ကိုယ်၊ နှုတ်၊ စိတ်အပြုအမူတွေ အားလုံးပါလာပြီ။ အပြုအမူဆိုင်ရာ ဒဿနတွေကို ဆရာနန္ဒာသိန်းဇံက အခန်း(၂)၊ (၃)နဲ့ (၄)တို့မှာ အနောက်တိုင်းဒဿနတွေနဲ့ ထေရဝါဒ ဗုဒ္ဓအတွေးအမြင်တို့ကို ယှဉ်ပြီး အကျယ် တင်ပြတယ်။
အနောက်တိုင်းဒဿနအချို့မှာ
"အပြုအမူတစ်ခုက စေတနာသာမှန်ရင် အကျိုးသက်ရောက်မှု ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မှန်ကန်တဲ့ အပြုအမူ" လို့ သတ်မှတ်ကြတယ်။
အချို့ကလည်း "အပြုအမူတစ်ခုက အကျိုးသက်ရောက်မှုသာ ကောင်းပါစေ စေတနာရှိရှိ၊ မရှိရှိ၊ စေတနာ ကောင်းကောင်း၊ မကောင်းကောင်း မှန်ကန်တဲ့ အပြုအမူ" လို့ သတ်မှတ်ကြတယ်။
(စေတနာ= အပြုအမူတစ်ခုဖြစ်ရန် စေ့ဆော်မှု)
ထေရဝါဒဗုဒ္ဓ အတွေးအမြင်မှာ မှန်ကန်တဲ့အပြုအမူတစ်ခုဖြစ်ဖို့ အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးကောင်းရမယ်လို့ သတ်မှတ်ထားတယ်။
✅အစ၏ ကောင်းခြင်းဆိုတဲ့
"စေတနာ၏ ကောင်းခြင်း"၊
✅အလယ်၏ ကောင်းခြင်းဆိုတဲ့
"ပြုမူပုံပြုမူနည်း ကောင်းခြင်း"၊
✅အဆုံး၏ ကောင်းခြင်းဆိုတဲ့
"အကျိုးသက်ရောက်မှု ကောင်းခြင်း" တို့ပဲ ဖြစ်ပါတယ်။
ဒီအချက်ကို ထင်ရှားအောင် ဆရာနန္ဒာသိန်းဇံက နှုတ်မှုဆိုင်ရာ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓရဲ့ သုတ္တန်တွေနဲ့ ငါးရာ့ငါးဆယ်ဇာတ်တော်ထဲက ဟောကြားချက်တွေ၊ အဆိုအမိန့်တွေနဲ့ ဝေဝေဆာဆာ တင်ပြရှင်းလင်းပါတယ်။ ကျွန်တော် အံ့ဩမိဆုံးက ပုံပြင်လို ပေါ့ပေါ့ပါးပါး ဖတ်နေမိခဲ့တဲ့ ငါးရာ့ငါးဆယ် ဇာတ်တော်ထဲက လေးနက်တဲ့ဒဿနတွေ ထုတ်ပြတာပါပဲ။ အချို့စကားစုတွေက ကြက်သီးတရှိန်းရှိန်းထစေသလို "ဒီတစ်နေ့ ဒီကောက်နုတ်ချက်လေး ဖတ်မိတာနဲ့တင် ငါတစ်နေကုန်ရကျိုးနပ်ပြီ" လို့ အတွေးဝင်စေမိတဲ့ အထိပါပဲ။
ပြန်ဆက်ရမယ်ဆို ဒီလို အစ၊ အလယ်၊ အဆုံးကောင်းတဲ့ အပြုအမူတစ်ခု ဖြစ်တည်ဖို့ ဘယ်အရာက တည့်မတ်ပေးမှာလဲ။ ဆင်ခြင်ဉာဏ်ဆိုတဲ့ ပညာနဲ့လား။
ဒီအချက်ကို အခန်း(၅)မှာ အကျယ်ဆွေးနွေးပြပါတယ်။ ဟေဂယ် ကဲ့သို့အနောက်တိုင်းဒဿန ပညာရှင်တွေဟာ "ဆင်ခြင်ဉာဏ်သာ ပဓာန" အယူအဆကို လက်ကိုင်ကြသူတွေ ဖြစ်တယ်။ ဒီအယူအဆဟာ လူတိုင်းနီးပါးလက်ခံတဲ့ အယူအဆ ဖြစ်လာပြီး (၁၉)ရာစုဟာ "ဆင်ခြင်ဉာဏ်တရား ကြီးစိုးသောခေတ်"
(The Age of Reasons) လို့ အမည်တွင်တဲ့ အထိပါပဲ။
ဒါပေမယ့် နောက်ပိုင်း ရာစုနှစ်တွေမှာ ဆင်ခြင်ဉာဏ်ချည်း သက်သက်ဟာ အပြုအမူတွေကို မတည့်မတ်နိုင်ဘူးလို့ ဒဿနပညာရှင်အချို့ ယူဆလာပါတယ်။ အကြောင်းကတော့ လူတွေမှာ အတ္တတွေ၊ ငယ်စဉ်က အစွဲတွေ၊ ဘက်လိုက်မှု အစွန်းတရားတွေ ရှိနေလို့ပါ။ ဆင်ခြင်ဉာဏ်အရ မကောင်းမှန်းသိပေမဲ့ မိမိအတ္တအစွဲတွေရဲ့ စေစားမှုခံရပြီး မကောင်းတာလုပ်သူတွေကို အများအပြားတွေ့နေရလို့ပါပဲ။ ဆင်ခြင်ဉာဏ်ကြီးပါရဲ့နဲ့ တစ်ယူသန်လှသူတွေ၊ ပညာတွေ၊ ဘွဲ့တွေ အများကြီး ရထားပါလျက် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်သူတွေကို သာဓကပြပြီး ဆင်ခြင်ဉာဏ် ပဓာနဝါဒကို ပယ်လာကြပါတယ်။
ထေရဝါဒဗုဒ္ဓ အတွေးအမြင်ကရော ဘယ်လိုယူဆပါသလဲ။
အခန်း(၆)မှာ ဆရာကြီးက ထေရဝါဒ ပိဋကတ်တို့မှ အကိုးအကားတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ပြပါတယ်။
"လက်တစ်ဖက်ဖြင့် လက်တစ်ဖက်ကို ဆေးကြောသကဲ့သို့" အပြုအမူလို့ခေါ်တဲ့ "သီလ"၊ ဆင်ခြင်ဉာဏ် ဖြစ်တဲ့ "ပညာ"နဲ့ စိတ်တည်ကြည်မှုလို့ ခေါ်တဲ့ "သမာဓိ"တို့ကို အပြန်အလှန် ဆေးကြောဆန်းစစ်နေပါမှ မှန်ကန်တည့်မတ်တဲ့ အပြုအမူရမယ်လို့ ယူဆပါတယ်။
အပြုအမူ သီလ တွေကောင်းအောင် ဆင်ခြင်ဉာဏ် ပညာ နဲ့ ဆန်းစစ်ရမယ်။ ဆင်ခြင်ဉာဏ်မှာ အတ္တအစွဲတွေ မပါမိအောင် စိတ်တည်ကြည်ခိုင်ခံ့မှု သမာဓိ နဲ့ ပြန်လည်ထိန်းကျောင်းပေးရမယ်။ သမာဓိ ခိုင်မာအောင် တရားထိုင်ခြင်းကဲ့သို့သော အပြုအမူ သီလ တွေနဲ့ ပြန်တည့်မတ်ပေးရမယ်။ (တရားထိုင်ခြင်းလို) အပြုအမူ သီလ တွေ တန်ဆေးလွန်ဘေးမဖြစ်အောင် ဆင်ခြင်ဉာဏ် ပညာက ပြန်ဝေဖန်ပေးရမယ်။...စသည် "ခြေတစ်ဖက်ဖြင့် ခြေတစ်ဖက်ကို ဆေးကြောသကဲ့သို့" သီလ၊ သမာဓိ၊ ပညာတို့ကို အပြန်အလှန် ဆန်းစစ်ခြင်းအားဖြင့် ညီညွှတ်အောင် ကျင့်ဆောင် ရမှာဖြစ်ပါတယ်။
အထက်ကတင်ပြတဲ့ အထဲမှာ ဆရာနန္ဒာသိန်းဇံဟာ ထေရဝါဒဗုဒ္ဓ အတွေးအမြင်ကို များစွာ အခြေပြုထားတာ သတိပြုမိမှာပါ။ ဘာ့ကြောင့်ပါလဲ။
နောက်ဆုံးအခန်းဖြစ်တဲ့ အခန်း(၇)မှာ မြန်မာ့သမိုင်းကောက်ကြောင်းကို အကိုးအကားစာအုပ်တွေနဲ့တကွ တင်ပြပြီး "မြန်မာ့ယဉ်ကျေးမှု အတွေးအမြင်သည် ထေရဝါဒဗုဒ္ဓ အတွေးအမြင်၏ သမိုင်းတစ်လျှောက် များစွာ လွှမ်းမိုးခံရမှုကြောင့် ၎င်းနှစ်ခုကို တိတိရှင်းရှင်း ခွဲခြား၍ပင် မရတော့ကြောင်း" ဆရာကြီးက ဝေဖန်ဆွေးနွေးပြပါတယ်။ ဒီ့အတွက်ကြောင့် မြန်မာလူမျိုးတို့ရဲ့ အတွေးအမြင် အုတ်မြစ်ကို စူးစမ်းလိုသူဟာ ထေရဝါဒ ဗုဒ္ဓအတွေးအမြင်ကို မဖြစ်မနေ လေ့လာရပါမယ်။ ဒီ့အကြောင်းကြောင့်လည်း မြန်မာလူမျိုးတွေရဲ့ အတွေးအမြင်ဓလေ့ကို ဖော်ပြချင်တဲ့ ဆရာဟာ ထေရဝါဒဗုဒ္ဓ အတွေးအမြင်ကို အခန်းတိုင်းမှာ အကျယ်တင်ပြတာ ဖြစ်ပါတယ်။ မြန်မာဒဿနပညာရှင်တို့ကိုလည်း အနောက်တိုင်းနဲ့ အခြားအရှေ့တိုင်းဒဿနတို့ကို လေ့လာသလို ထေရဝါဒအတွေးအမြင်ကိုလည်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာဖို့ "ထုထည်ကြီးမားသော မြန်မာ့အတွေးအခေါ် အမွေအနှစ်" ဆိုတဲ့ စကားလုံးနဲ့ နှိုးဆော်ထားခဲ့ပါတယ်။
အရေးအသား
**************
ကျွန်တော်အခု တင်ပြခဲ့တာတွေဟာ စာအုပ်တစ်အုပ်လုံးရဲ့ (၁၀)ပုံ(၁)ပုံမျှသာ ရှိပါသေးတယ်။ ဒီနေရာမှာ ဆရာကြီးရဲ့ အရေးအသားပိုင်းကို ပြောရရင် "လူဘုန်းကြီး" လို့ ခေါ်ရလောက်အောင် ဗုဒ္ဓပါဠိစာပေလည်း နှံ့စပ်တဲ့အပြင် မြန်မာစာကိုလည်း အတော်နိုင်နင်းတာ တွေ့ရပါတယ်။ ပါဠိစကားလုံးတွေ လုံးဝနီးပါး မသုံးဘဲ သိင်္ဂါလောဝါဒသုတ်နဲ့ ရာဟုလောဝါဒသုတ်တို့ကို ဘာသာပြန်ရေးပြသွားတာကို ဖတ်မိရင်တင် သည်အချက်ကို သိနိုင်ပါတယ်။
မြန်မာတွေ နားရည်ဝနေကျ စကားလုံးတွေသာ သုံးပြီးရေးတာမို့ "ရိုး"ဂုဏ်နဲ့ ပြည့်စုံတယ်။
အခန်းတွေ၊ စာပိုဒ်တွေ၊ အကြောင်းအရာတွေ၊ ဝါကျအတိုအရှည်တွေ သေချာခွဲခြမ်းပြီး စီစဉ်ရေးသားတာမို့ အကြောင်းအရာကို စနစ်တကျ ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် "ရှင်း" ဂုဏ်လည်း ပြည့်ဝတယ်။
ဝိဘတ်၊ သမ္ဗန္ဓအသုံး၊ ဝေါဟာရရွေးချယ်မှုကတော့ တကယ့်ကို ကျင်လည်တယ်ပြောရလောက်အောင် စာလုံးဝမထောင့်၊ နားကလော်တာမျိုး မရှိ။ တကယ့်ကို "ချော"ဂုဏ်နဲ့ ပြည့်စုံပါတယ်။
ဆရာမင်းသေ့စကား ယူသုံးရရင်တော့-
"ရှုပ်ထွေးပြီး သိနားလည်ဖို့ ခက်တဲ့ ဒဿနကို လူအများနားလည်အောင် ရိုးရိုးရှင်းရှင်း ရေးပြတတ်လွန်းတာကတော့ ဆရာ နန္ဒာသိန်းဇံရဲ့ ကလောင်မှော် ဖြစ်ပါတယ်။"
တစ်ခုရှိတာကတော့ ဒဿနစာပေဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးဟန်မဟုတ်ဘဲ လေးလေးပင်ပင်ပုံစံ ရေးထားတာမျိုးမို့ ဖတ်လေ့ဖတ်ထ မရှိသူတွေအတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သည်ကျမ်းစာအုပ်မဖတ်မီ ဆရာကြီးရဲ့ စာအုပ်ငယ်လေးတွေကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
နှိုးဆော်လိုက်ရပါသည်
*********************
ဆရာကြီးရဲ့ စာအုပ်အစမျက်နှာမှာ-
"ညဉ့်တာရှည်လျား၍
တိတ်ဆိတ်ငြိမ်သက်သော
ဆောင်းညများ၌
မီးပုံဘေးတွင် အချမ်းခိုရင်း
ဗုဒ္ဓ ဒေသနာမှ လူမှုတိုးတက်ရေး ဆိုင်ရာ
အတွေးအမြင်များကို
နားထောင်ခဲ့ကြသည့်
ညီနှင့် ညီမငယ်သို့..." လို့
ရေးသားထားတဲ့အတိုင်း မြန်မာတို့၏ အတွေးအခေါ် အုတ်မြစ်ဖြစ်တဲ့ ထေရဝါဒ ဗုဒ္ဓအတွေးအမြင်တို့ကို လေ့လာလိုသူ အပေါင်းသည် ဤစာအုပ်ကို ယုတ်လျော့ခြင်းမရှိသော ဝီရိယဖြင့် ဖတ်ကြပါကုန်လော့ဟု တိုက်တွန်းရင်း......................................
အနောဓိသ၊ ဩဓိသမေတ္တာဖြင့်
အသဒ္ဓေါ
၉-၁၂-၂၀၂၀
ည(၉း၂၂)နာရီ။
ကိုယ်ကျင့် - နန္ဒာသိန်းဇံ။
တည်ကြည်ခြင်းနှင့်
အဆင့်မြင့်ခရီးစဉ်
စာအုပ်တိုက် - လှိုင်းသစ်စာပေ။
ပုံနှိပ်မှတ်တမ်း - နဝမအကြိမ်၊
(၂၀၁၉)ခုနှစ်။
စာမျက်နှာ - (၂၉၂)မျက်နှာ။
တန်ဖိုး - (၃၅၀၀)ကျပ်။

![]() | ![]() | ![]() |