ကြာပန်းလေးလို နေပါ
အရှင်ဉာဏဝရ(ပါရမီ)

ဆရာမစူးရှမေရေးခဲ့သမျှ စာအုပ်တွေထဲက အခု ဒီစာအုပ်ကို ကျနော့်အနေနဲ့ ဖတ်မှတ်ရ အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အသက်ရှင်ဖို့ ခက်ခဲနေတဲ့ အချိန်မှာ ရှင်သန်ခြင်းတွေမှာက အဓိပ္ပါယ်ရှိရှိနေတတ်ထိုင်တတ်ဖို့ မဖြစ်မနေလုပ်ရတဲ့ အရာတွေ အရမ်းပါနေလို့ပါ။
အခု ဒီစာအုပ်ထဲမှာ
၁။ ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်
၂။ နာကျင်မှုများအကြား ရှင်သန်ခြင်း
၃။ သတ္တိရှိသော ရှင်သန်ခြင်း
၄။ နောင်တကင်းသော ရှင်သန်ခြင်း
၅။ ဟန်ချက်ညီသော ရှင်သန်ခြင်း ဆိုတဲ့ အပိုင်းငါးပိုင်း ပါဝင်တယ်။ အဲ့ဒါအပြင် ဘဝရှင်သန်မှုအတွက် ကိုယ့်ကိုယ်ကိုယ် ဆုံးမတဲ့ဟန်နဲ့ ကဗျာဆန်ဆန်ရေးပြထားတဲ့ "ချစ်သော ငါ့ထံ့ ပေးတဲ့စာ" ဆိုတဲ့ စာစုတိုကဏ္ဍလေးလည်း ပါတယ်။
အစစအရာရာ အရမ်းခက်ခဲတဲ့ အချိန်မှာ ရှင်သန်မှု (Survival) အတွက် အဓိပ္ပာယ်ရှိဖို့ လမ်းညွှန်ထားတဲ့ စာအုပ်လေးတစ်အုပ်ပါ။
ပတ်ဝန်းကျင်၊ အခြေအနေတွေ၊ အဖြစ်အပျက်တွေ၊ ကိုယ့်ရဲ့ဖြစ်တည်မှုတွေကို ရွေးချယ်လို့ လုံးဝမရပေမယ့် ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်တွေအတွက် မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့တော့ လိုတယ်။
ကိုယ့်ရဲ့ ဘဝအဓိပ္ပာယ် သက်ရောက်မှုတွေဟာ Physical မပြောနဲ့။ Mental အထိပါ သက်ရောက်မှုရှိနိုင်တယ်ဆိုတာကို မမေ့နဲ့။
ရှင်သန်မှုတွေ အဓိပ္ပာယ်ရှိဖို့၊ ဘဝမှာ နေတတတ်အောင် နေဖို့အတွက်
• စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပေါ့ပေါ့ပါးပါးထားတတ်ဖို့၊
• ဘဝကို လွတ်လပ်စွာ ရှင်သန်တတ်ဖို့၊
• ရိုက်ခတ်လာတဲ့ လောကဓံကို ရင်ဆိုင်တတ်ဖို့၊
• Self-boundary ချတတ်ဖို့၊
• စိတ်ဒဏ်ရာတွေကို ကုစားတတ်ဖို့၊
• ကိုယ့်တာဝန်ကိုယ် ကိုယ် ယူတတ်ဖို့၊
• နောင်တကင်းစွာ ရှင်သန်တတ်ဖို့၊
• ကိုယ့်ကိုယ်ကိုယ် ရှာဖွေတတ်ဖို့ စတဲ့ ဘယ်လိုစိတ်နေစိတ်ထားနဲ့ ရှင်သန်နေထိုင်ကြမလဲဆိုတာကို ဒီစာအုပ်ထဲမှာ အသေးစိတ် ရေးပြထားပါတယ်။
ကိုယ်ကိုယ်တိုင် မျှော်လင့်ချက်မဲ့ပြီး လမ်းပျောက်ခဲ့ရာကနေ ကိုယ့်ဘဝအဓိပ္ပာယ်ကို ရှာဖွေနိုင်ခဲ့တဲ့ ဆရာမရဲ့ အတွေ့အကြုံကို အခြေခံပြီး ရေးပြထားတယ်။
ဒီစာအုပ်ထဲကအကြောင်းအရာတွေဟာ လက်တွေ့ဆန်ပြီး အရမ်းကြီးလေးနက်တာမို့ လွယ်လွယ်နဲ့ လုံးဝ မဖတ်သင့်တဲ့ စာအုပ်ပါ။
ဆရာမစူးရှမေရဲ့ စာအုပ်တွေထဲက ကျွန်တော့်အနေနဲ့ ဒီစာအုပ် Review အတွက် အခက်ဆုံးပါ။
ရှင်သန်ဖို့ ခက်ခဲတဲ့ ဒီလောကကြီးမှာ ကိုယ့်ရှင်သန်မှုအတွက် ဘဝအဓိပ္ပာယ်အစစ်အမှန်ကို ရှာဖွေတွေ့ရှိနိုင်ပါစေ။

![]() | ![]() | ![]() |