"မသေခင်ဘာလုပ်ကြမလဲ" တဲ့.....။
အဲ့စာအုပ်က ဟာခနဲ ဟင်ခနဲ ထိတ်လန့်ရမယ့် နာမည်မျိုးမဟုတ်ပါ။
"မသေခင်" ဆိုတဲ့ မေးခွန်းဟာ သေခြင်းတရားကို လက်ခံတတ်ဖို့၊ "ဘာလုပ်ကြမလဲ" ဆိုတဲ့ မေးခွန်းဟာ အကာအလုပ်၊ အနှစ်အလုပ်တွေကို ခွဲခြားသိပြီး ကောင်းတာတွေလုပ်ဖို့ ဆရာတော်က ရည်ညွှန်းထားတယ်။
လူတွေတော်တော်များများဟာ သေခြင်းတရားနဲ့ တွေ့ရင် ဝမ်းနည်းစရာတွေ၊ အမင်္ဂလာတွေ၊ ကျက်သရေကင်းမဲ့တယ်လို့ ထင်နေကြတယ်။ သေခြင်းတရားတောင်မသိကြဘဲနဲ့ အပျော်အပါးတွေနဲ့ တောင် အချိန်ဖြုန်းကြသေးတယ်။ ပျော်မယ်ပါးမယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုနဲ့ မထင်မှတ်ဘဲ ဖြုန်းခနဲ သေပွဲဝင်နိုင်မှန်းတောင် သတိမထားကြမိဘူး။
တကယ်တော့ သေခြင်းတရားဆိုတာ သတ္တဝါတိုင်း၊ အသက်အရွယ်မရွေး တွေ့ရတာမို့ သေခြင်းတရားကို သိတတ်ရင်၊ လက်ခံတတ်ရင် ဘာကြောက်စရာအကြောင်းကိုမရှိဘူး။
တစ်နေ့ကျရင် သေသွားမှာပဲ ဆိုတဲ့ အသိတရားက လောကဓံကို ခံနိုင်စွမ်းရှိလာလိမ့်မယ်။ အချိန်မရွေး သေသွားနိုင်တယ် ဆိုတဲ့ အသိက စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ပုပ် စတဲ့ မကောင်းတဲ့ကိလေသာတွေခေါင်းပါးလာလိမ့်မယ်။ ခဏနေရင် သေသွားနိုင်တယ်ဆိုတဲ့ အသိက ကိုယ့်သန္တာန်မှာ ဝိပဿနာစိတ် အဆက်မပြတ်ဖြစ်နေအောင် ကြိုးစားအားထုတ်နိုင်လိမ့်မယ်။
လောကီအာရုံကာမဂုဏ်ချမ်းသာကို ကာလိကအလုပ်၊ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ကုသိုလ်ကောင်းမှုတရားကို အကာလိကအလုပ်လို့ ဆရာတော်က ဟောပြထားပြီး ကြံအရင်းနဲ့ ကြံအဖျားဥပမာကို နိဂုံးချုပ်ခါနီးမှာ ဟောပြထားတယ်။
အရကဆရာကြီးက တပည့်တွေကို လူ့ဘဝဟာ တိုတောင်းလွန်းပြီး ရှင်သန်ရတာ အင်မတန်ဆင်းရဲတယ်ဆိုတာကို ဥပမာ ၇ မျိုးနဲ့ ဟောပြထားတယ်။ မှိုပွင့်နဲ့ နေလုံးကြီးဥပမာနှစ်ခုပါ ဆရာတော်က ထပ်ဟောပြထားတယ်။
မသေခင်မှာ ဘဝအရည်အသွေး ဖြည့်ဆည်းဖို့အတွက် ပုရာဘေဒသုတ္တန်ထဲက အချက်လေးတွေ ဟောပြထားတယ်။
တရားတော်ရဲ့ လိုရင်းက မသေခင်ကာလကလေး (လူ့ဘဝ တိုတိုလေး)မှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားတွေပြုရင်း အများအတွက် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ဖို့ပါ။ သေခြင်းတရားကို အမြဲမပြတ်သိထားရင်၊ ဆင်ခြင်နိုင်ရင် မကောင်းတာတွေရှောင်ပြီး ကောင်းတာတွေပဲလုပ်နိုင်မှာပါ။
ဒီတရားတော်ဟာ ဆရာတော်အရှင်ဆန္ဒာဓိကကိုယ်တိုင် ညတရားပွဲမှာ ပထမဆုံးဟောခဲ့တဲ့ တရားတစ်ပုဒ်ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ လူသားတွေအတွက် အရေးကြီးပြီး အလွန်အကျိုးများတဲ့စာအုပ်မို့ ဖတ်သင့်ပါတယ်။ နောင်လည်း ထပ်ဖတ်မယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။
စွမ်းအားကျော်ဇံ
၅ - ၁၁ - ၂၀၂၂ (စနေနေ့)
#မသေခင်ဘာလုပ်ကြမလဲ
#အရှင်ဆန္ဒာဓိက_ရွှေပါရမီတောရ