ဆရာမဉာဏရဲ့ "ငြိမ်းချမ်းသောစိတ် ငြိမ်းချမ်းသောဘဝ"စာအုပ်လေးကို ဖတ်ပြီးတဲ့နောက် ကျွန်မစိတ်တွေတော်တော့်ကိုအေးချမ်းသွားပါတယ်။စာအုပ်လေးက နာမည်နဲ့လိုက်အောင်ကို ငြိမ်းချမ်းသွားစေပါတယ်။စာရေးသူဆရာမဉာဏဟာ အသက်၁၆နှစ်အရွယ်ထဲကဆည်းပူးခဲ့တဲ့တရားဓမ္မတွေကို ကျွန်မတို့စာဖတ်သူတွေ နားလည်မှတ်သားရလွယ်ကူအောင်ရေးသားထားပါတယ်။

ပထမဆုံးအပိုင်းNoble Livingမှာတော့ မေတ္တာပွားများသင့်ပုံကို အစပထမဖတ်ရှုရပါမယ်။အဲ့ဒီနောက်ကရုဏာပွားများသင့်ပုံ ၊မုဒိတာပွားများသင့်ပုံ၊toxic peopleများကို ဥပေက္ခာထားသင့်ပုံ၊သီလလုံအောင်စောင့်ထိန်းသင့်ပုံကို စာဖတ်သူစိတ်ဝင်စားဖွယ်ဖြစ်အောင်ရေးသားထားပါတယ်။

ယောနိသောမနသိကာရအကြောင်းဖတ်လိုက်ရတဲ့အခါမှာတော့ ဘဝမှာလောကဓံတွေကို သင့်လျော်စွာနှလုံးသွင်းတတ်ဖို့ နားလည်လိုက်ရပါတယ်။ဝေဒနာဆိုတဲ့ခံစားချက်ဖြစ်သွားတဲ့နောက်မှာ သတိနဲ့မထိန်းနိုင်ရင်တဏှာဆိုတဲ့ပိုင်ဆိုင်လိုစိတ်၊ငြိတွယ်မက်မောစိတ်တွေဖြစ်သွားရပါတယ်တဲ့။ဝေဒနာကနေ တဏှာမဖြစ်ရလေအောင်ဆရာမဉာဏလမ်းညွှန်ရေးသားပေးထားတာဟာ စိတ်ကို အေးချမ်းသွားစေပြီး တရားအသိလက်ခနဲရလိုက်မိပါတယ်။ပထမတစ်ပိုင်းဖတ်ပြီးတာနဲ့တင် စိတ်မှာ တော်တော်ကို ထူးထူးခြားခြားငြိမ်းချမ်းသွားတာကို သတိထားလိုက်မိပါတယ်။

ဒုတိယပိုင်းမှာတော့ သတိပဌာန်ကျင့်စဉ်များကိုကျင့်ကြံပုံနဲ့ ကျင့်ကြံဖို့တိုက်တွန်းရေးသားထားပါတယ်။ဒီအပိုင်းမှာလဲမှတ်သားစရာတွေ အများကြီးရလိုက်ပါတယ်။

တတိယပိုင်းHealing မှာတော့ ကိုယ့်ကိုယ်ကို အရှိအတိုင်းလက်ခံတတ်လာစေဖို့ရေးသားထားပါတယ်။"ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုထိခိုက်စေနိုင်တဲ့Negative Energyတွေကို ရိုးရှင်းစွာလွှတ်ချလိုက်တာပါ"ဆိုတဲ့စာသားလေးက ခွင့်လွှတ်ခြင်းအဓိပ္ပာယ်ကို ကျွန်မကို သိနားလည်စေပါတယ်။

စတုတ္ထပိုင်းMeanigful lifeမှာ Ethicsကိုယ်ချင်းစာတရားအကြောင်းဖတ်ရပါတယ်။self-esteemကောင်းမွန်လာစေဖို့ရေးသားထားတာလေးတွေ တော်တော်ကိုသဘောကျမိပါတယ်။စကားလုံးတွေရဲ့စွမ်းအားကြီးမားပုံကိုလဲ သတိချက်မိလာတယ်။

တစ်အုပ်လုံးကိုဖတ်ပြီးတဲ့နောက်မှာ ဆရာမဉာဏရေးထားတဲ့စာသားလေးကို ပိုပြီးအဓိပ္ပာယ်ပေါက်လာပါတယ်။

"ငြိမ်းချမ်းသောဘဝကို ငြိမ်းချမ်းသောစိတ်ဖြင့်သာရနိုင်၏။စိတ်ငြိမ်းချမ်းစေမည့်စွမ်းအင်များကိုမြှင့်တင်ခြင်းဖြင့်ငြိမ်းချမ်းသောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။"တဲ့။
ကျွန်မတို့လိုလူငယ်တွေကိုပင် တရားဓမ္မကို နားလည်သဘောပေါက်အောင် ရှင်းလင်းစွာ ရေးသားထားတဲ့ ဆရာမဉာဏရဲ့စာအုပ်လေးဟာ ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝကိုပိုင်ဆိုင်ချင်သူများအတွက် အံကိုက်ဖြစ်နေပါတယ်။