📖 ဆရာမ ဉာဏ ရဲ့ " ငြိမ်းချမ်းသောစိတ် ငြိမ်းချမ်းသောဘဝ " စာအုပ်လေးဖတ်ပြီးတဲ့အချိန်မှာ ကိုယ့်ဘဝကို ငြိမ်းချမ်းအောင်ဘယ်လိုတည်ဆောက်ရမလဲဆိုတာ အဖြေတခုရလိုက်သလိုပါပဲ။ ဖတ်နေစဉ်ကာလမှာလည်း စိတ်၏ငြိမ်းချမ်းခြင်းကို ခံစားရစေပါတယ်။ နောင်ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက်လည်း ဘယ်လိုဖြတ်သန်းသင့်လဲဆိုတာ သိခွင့်ရခဲ့ပါတယ်။

အောက်ပါအကြောင်းအရာများကတော့ မြင့်မြတ်သောဘဝနေနည်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဖော်ပြထားတာကို ကျနော်က Note အနေနဲ့ထုတ်ပြီး ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။

📖 မေ တ္တာ
" ကိုယ်တယောက်တည်းနဲ့ကမ္ဘာကြီးကို မပြောင်းလဲနိုင်ပါဘူး။ဒါပေမယ့် လှိုင်းဂယက်ပေါင်းများစွာကို ဖန်တီးဖို့ ရေထဲကို ကျောက်ခဲတလုံး ပစ်လိုက်နိုင်ပါတယ် "

အထက်ပါစကားဟာ ပရဟိတမိခင်ကြီးရယ်လို့ တကမ္ဘာလုံးက အသိမှတ်ပြုထားတဲ့ Mother Teresa ရဲ့စကားပါ။ အဲ့စကားကို အခြေခံပြီး စာရေးသူက ကိုယ့်ပတ်ဝန်းကျင်မှာ Positive Powerful Ripple ခွန်အားရှိတဲ့မေတ္တာရေလှိုင်းဂယက်တွေ ဖန်တီးကြဖို့ နည်းလမ်းတွေကို အရိုးရှင်းဆုံးသောစကားလုံးတွေနဲ့ လမ်းညွှန်ပြသပေးထားပါတယ်။ တဦးနဲ့တဦး အသိမှတ်ပြုဖို့ ၊ တဦးနဲ့တဦး တန်ဖိုးထားချီးမွမ်းဖို့ ၊ တဦးနဲ့တဦး အကြံပေးဖို့၊ တဦးနဲ့တဦးလေးစားကြဖို့ စသည်ဖြင့် မေတ္တာလှိုင်းဂယက်တွေ ဖန်တီးဖို့ အကြံပြုထားတာကို မှတ်သားရပါတယ်။

📖 ကရုဏာ
" ကရုဏတရားဆိုတာ ဘာသာရေးကိစ္စမဟုတ်ပါဘူး၊လူသားတွေရဲ့ကိစ္စပါ၊ပကာသနတွေလည်း မဟုတ်ပါဘူး။ကိုယ်ပိုင်ငြိမ်းချမ်းရေးနဲ့စိတ်တည်ငြိမ်ရေး။လူသားတွေရဲ့ ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်

အထက်ပါစကားကတော့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ပြောကြားခဲ့တဲ့စကားပါ။ ကရုဏာတရားဆိုတာ သူတပါးရဲ့ ဆင်းရဲဒုက္ခကို နားလည်သဘောပေါက်ခြင်းဖြစ်ပါတယ်။ဘယ်လိုနားလည်သဘောပေါက်ကြရမလဲ စစ်မှန်တဲ့ကရုဏာဆိုတာဘာလဲ ဆိုပြီး စာရေးသူက ခေါင်းစဉ်ခွဲလေးတွေနဲ့ တင်ပြထားတာမှတ်သားလေ့လာရပါတယ်။

📖 မုဒိတာ
ကျတော်တို့ ငယ်စဉ်ဘဝကတည်းက နားတွေထဲစွဲနေခဲ့တာက မုဒိတာတရားပါ။တပါးသူအပေါ် မုဒိတာပွါးများဖို့ ချီးမွမ်းဖို့ဆိုတာတွေပါ။ ဒီအပိုင်းမှာတော့ စာရေးသူက မုဒိတာကို စိတ်ရဲ့ထွက်ပေါက်လို့ တင်စားထားတာတွေ့ရပါတယ်။ စိတ်ထွက်ပေါက်ရဲ့အမှားတွေကို စာရေးသူက ဘယ်လိုနည်းနဲ့ပြုပြင်ရမလဲဆိုတာ လမ်းညွှန်ထားပါတယ်။ လူတွေမှာ ဖြစ်တတ်တဲ့သဘောက တခြားသူကို မုဒိတာပွါးများမိပေမယ့် မိမိကိုယ်ကိုမိမိ မုဒိတာပွါးများဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ မုဒိတာသဘောတရားက သူတပါး အဆင်ပြေကြီးပွါးတာကို ဝမ်းမြောက်မိရုံမက ကိုယ်တိုင်အတွက် ဝမ်းမြောက်တာလည်း မုဒိတာဖြစ်ကြောင်း သတိပေးထားပါတယ်။ ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့စိတ်ကို မုဒိတာတရားနဲ့ပဲ ချေဖျက်နိူင်မယ့်အကြောင်း တင်ပြထားတာ ဖတ်ရပါတယ်။

📖ဥပေက္ခာ
ကျတော်တို့နေ့စဉ် ကြုံတွေ့ဆက်ဆံရတဲ့လူတွေထဲမှာ ရန်လိုတတ်၊အဆိုးမြင်တတ်တဲ့ Toxic People တွေရှိတတ်ကြပါတယ်။ Toxic People တွေကို အချစ်အမုန်းမထားပဲ ဥပေက္ခာတရားနဲ့ ကိုယ်လုပ်သင့်တာကိုပဲ အာရုံစိုက်ဖို့ လမ်းပြပေးထားပါတယ်။ ဥပမာပေးထားတာလေးတခုတော့ကြိုက်မိပါတယ်။

" မြေကြီးဟာ သူ့အပေါ်ကို မွှေးရနံ့တွေကိုပဲလောင်းလောင်း အနံ့သက်ဆိုးဝါးတာတွေပဲလောင်းလောင်း အညီအမျှခံယူတယ်။မြေကြီးလိုပဲကျင့်ရမယ်တဲ့။ "

ဥပေက္ခာတရားလက်ကိုင်ထားသူဟာ ကြုံလာတဲ့အဆိုးအကောင်းတွေကို ရင်ဆိုင်နိူင်တဲ့ ကျောက်ဆောင်တွေလို တည်ငြိမ်ပြီး ဥပေက္ခာတရားမရှိသူတွေဟာ ကမ်းစပ်ကရေလှိုင်းတွေလို တက်လိုက်ကျလိုက်နဲ့ ယောက်ယက်ခတ်ရတယ်လို့ ရေးသားထားပါတယ်။

📖 စာဖတ်ရင်းဘဝအမောတွေပြေပျောက်ကာ ငြိမ်းချမ်းသောစိတ် ငြိမ်းချမ်းသောဘဝကို ရရှိခံစားနိုင်ကြပါစေ။