စာဖတ်ခြင်းရဲ့ စွဲမက်ဖို့ကောင်းတဲ့အလှဟာ
ကိုယ့်အတွေ့အကြုံ ဖြတ်သန်းမှုတွေကို
ပြန်ပြောင်းဆန်းစစ် သုံးသပ်နိုင်ခြင်းလို့ယုံရင်
ဒီစာအုပ်ကို ခင်ဗျား ကြိုက်မှာပါ။

ဘ၀ဆိုတာ တခါတရံမကအောင် လဲပြိုတယ်
စိတ်ရဲ့ ထိန်းမနိုင် သိမ်းမရမှုတွေကို ကျွန်တော်တို့
အလဲလဲ အကွဲကွဲ အရှုံးပေးရတယ်..

လူတိုင်း ကိုယ့်ဘ၀ကိုယ် ပိုကောင်းချင်တယ်
ဒါ ရိုးရိုးလေး။

ရုန်းကန်တယ်။ ကြိုးပမ်းတယ်။ ဖက်တွယ်တယ်။
ပိုကောင်းမယ့် မနက်ဖြန်ကို လှမ်းမျှော်တယ်။
ဒါ အသက်ရှင်ခြင်းလေ။
ဒါ ဗုဒ္ဓကိုယ်တိုင် တော်တော့ ရပ်တော့လို့
အတန်တန်မှာခဲ့တဲ့ 'သံသရာ'လေ။

ဒါပေမယ့် သိရုံသက်သက်နဲ့ ကျွန်တော်တို့ရဲ့
'ကိလေသာ'တွေ ရပ်မသွားဘူး။

ပိုကောင်းတဲ့ အနာဂတ်
ပိုကောင်းတဲ့ အဆုံးမရှိခြင်းကို
ကျွန်တော်တို့ 'နိဗ္ဗာန်' ထက် ပိုယုံထားတယ်။
ဒါကို ခင်ဗျား မငြင်းနဲ့။
ဗုဒ္ဓအားဖြင့်တော့ 'အဝိဇ္ဇာ' လို့ ပဲ ဆိုပါတော့။

ဒီစာအုပ်က အဝိဇ္ဇာထုံမွှမ်းနေတဲ့
ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ ဘဝင်ကို
ကောင်းကောင်းဟပ်စေတဲ့ စာအုပ်ပါ။

ဘ၀ကို မက်မောတွယ်တာပြီး
ပိုကောင်းချင်တဲ့ စိတ်မှာ 'ငြိမ်းချမ်းမှု'ကို
ပစ်ပယ်လိုက်လို့မရဘူး။
ပစ်ပယ်ချင်လို့လည်း မရဘူး။

ငြိမ်းချမ်းတဲ့ဘ၀ရှိဖို့
ငြိမ်းချမ်းတဲ့စိတ်ရှိဖို့ အရင်လိုတယ်။
ပိုကောင်းတဲ့ဘ၀ရှိဖို့
ပိုကောင်းတဲ့စိတ်ရှိဖို့ အရင်လိုတယ်။

ခင်ဗျား ရှာနေတဲ့/ ရှိနေတဲ့ အရာရာရဲ့
တန်ဖိုးဟာ
ခင်ဗျားစိတ်ရဲ့ တန်ဖိုးအတိုင်းပဲ။

ဒီစာအုပ်ဟာ ဗုဒ္ဓဓမ္မကို မြှပ်နှံဆည်းပူးထားတဲ့
စာရေးဆရာမ 'ဉာဏ' ရဲ့ ပွဲဦးထွက် စာအုပ်ပါ။
ဖွဲ့စည်းတင်ပြမှုဟာ ပြည့်၀တယ်။
စိတ်နှစ်ကိုယ်နှစ် အားထုတ်ထားတယ်။
ဗုဒ္ဓဓမ္မကို လေးလေးမြတ်မြတ် အခြေခံတယ်။

ဒီစာအုပ်က
ကျွန်တော်တို့ရဲ့ 'အဝိဇ္ဇာ' ကို
ချွတ်ဖို့ မကြိုးစားထားဘူး။
ကျွန်တော်တို့ရဲ့ လောင်မြိုက်နေတဲ့ 'ဇော' ကို
ဗုဒ္ဓရဲ့ တရားမြစ်ဖျားကနေ
ပတ်ခွေ စီးဆင်းစေမယ်။

စီးဆင်းတဲ့တစ်လျှောက်မှာ
မြင့်မြတ်တဲ့ဘ၀
အဓိပ္ပာယ်ရှိတဲ့ဘ၀ကို
အကျိုးပြုစေမယ်။
ရှေးရှုစေမယ်။

🔸 ထက်အောင် (ပန်းဆက်လမ်း)
----