


တူမလေးအတွက် ရေးတဲ့စာ
5000 (ကျပ်)
ဒီစာအုပ်လေးဟာ ဦးလေးတစ်ယောက်က တူမလေးတစ်ယောက်ကို သိသင့်သိရမယ့် အကြောင်းတွေကို စာရေးပြီးပြောဟန်နဲ့ရေးထားတဲ့စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်…။ စာအုပ်လေးကို
• Positive Vibe
• စိတ်ခွန်အားရစေဖို့
• ပတ်ဝန်းကျင်မှာကျင်လည်လာရတဲ့အခါ
• နှလုံးသားတရားစီရင်တဲ့အခါ
• Marriage
• ဒါလေးတွေလည်းမှာချင်သေးတယ် …ဆိုပြီး အပိုင်း၆ပိုင်း ခွဲရေးထားတယ်…။
ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အခါ
• ပျော်ရွှင်ခြင်းအဓိပ္ပာယ်ကိုသိလာမယ်…
• သန်မာဖို့အကြောင်းတွေကိုသိလာမယ်…
• ပတ်ဝန်းကျင်နဲ့လည်းလိုက်လျောညီထွေနေတတ်လာမယ်…
• ဖြေရှင်းရခက်နေတဲ့ Toxic relationship တွေ…အချစ်ထက်အရေးကြီးတဲ့အရာတွေကို မြင်တတ်လာမယ်…
• သောကတွေမများတဲ့ marriageကိုလည်း တည်ဆောက်တတ်လာမယ်…
ပျော်ရွှင်ခြင်းဆိုတာ ပစ္စည်းဥစ္စာရှိတာမရှိတာ ရုပ်ချောတာရုပ်ဆိုးတာ ရာထူးကြီးတာမကြီးတာတွေနဲ့မဆိုင်ပါဘူး…။ကိုယ့်ရဲ့လက်ရှိအခြေအနေလေးကိုပဲ ကျေနပ်ဖို့နဲ့ ကိုယ့်ရဲ့အခြေအနေကိုလက်ခံတတ်ဖို့ပဲလိုတာပါ…။ ကိုယ့်ကိုနာကျင်စေတဲ့သူတစ်ယောက်ကို မစွန့်လွှတ်နိုင်သေးသ၍ ဆက်ပြီးနာကျင်ရမှာပဲ…တူမလေး…။
| စာမျက်နှာ | 140 |
|---|---|
| စာအုပ်အရွယ်အစား | 5.2×0.2×8.1 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw၊ 2023 နိုဝင်ဘာလ (ပထမအကြိမ်) |
3 in stock
လွင်ပြင်သစ် (Lwin Pyin Thit) စာအုပ်များ
-
လွင်ပြင်သစ် (Lwin Pyin Thit)To My Dear Friend
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွင်ပြင်သစ် (Lwin Pyin Thit)စိတ်ကလေး ပျော်ရွှင်ပါစေ
3500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
လွင်ပြင်သစ် (Lwin Pyin Thit)တူမလေးအတွက် ရေးတဲ့စာ
5000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
လွင်ပြင်သစ် (Lwin Pyin Thit)Happiness
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


Htet Htet Tin Zar –
📬 ဆရာလွင်ပြင်သစ်ရဲ့ “တူမလေးအတွက်ရေးတဲ့စာ” ဆိုတဲ့ ဒီစာအုပ်လေးက စာရေးသူရဲ့ စတုတ္ထမြောက်စာအုပ်ဖြစ်ပြီး ကိုယ်ကတော့ ဆရာ့စာအုပ်တွေထဲ ဒုတိယမြောက် ဖတ်ဖူးတဲ့ စာအုပ်ပါ။ စာအုပ်ရဲ့နာမည်လေးအတိုင်းပဲ ဦးလေးဖြစ်သူက တူမကို ပြောပြချင်တဲ့ အကြောင်းအရာ၊ ဆုံးမချင်တဲ့ အကြောင်းလေးတွေကို စာအနေနဲ့ ရေးသားထားတာ ဖြစ်ပါတယ်။ ဦးငယ်၊ ဦးငယ်ဆိုတဲ့ နာမ်စားကြောင့်ရော၊ စာထဲက သိစေချင်တဲ့ အကြောင်းအရာတွေရောကြောင့် ဦးလေးဖြစ်သူရဲ့ မေတ္တာတရားကို ခံစားမိရတယ်။
✉️ ထားရှိသင့်တဲ့ စိတ်နေသဘောထား၊ စိတ်ခွန်အားရှိအောင် တွေးခေါ်တတ်အောင်၊ ပတ်ဝန်းကျင်ရဲ့ အမြင်တွေအပေါ် စိတ်ထားတတ်အောင်၊ Relationship နဲ့ အိမ်ထောင်ရေးဆိုင်ရာ သိသင့်တာတွေ ပြောပြချင်တာတွေ စသဖြင့် အကြောင်းအရာများစွာကို အပိုင်း (၆) ပိုင်း ခွဲပြီး ပြောပြထားပါတယ်။ ဘယ်အကြောင်းအရာက ဘယ်လိုပြောပြထားတယ်ဆိုပြီး ပြန်ပြောပြတာက ဆရာပြောချင်တဲ့ အကြောင်းအရာတွေ ပေါ့သွားမစိုးလို့ ဆရာရေးထားတဲ့ စာလေး အနည်းငယ်ကိုသာ အပိုင်းလိုက် နောက်ပိုင်းမှာ ဖြတ်ယူပြီး ကူးထားပါတယ်။
__________________________
✉️ ဒီစာအုပ်လေးကို ရေးပြီးတော့ တူမလေးရဲ့ အသက်က ၆ နှစ် ပြည့်ပြီးခါစ။ ၆ နှစ်ဆိုတဲ့ အသက်အရွယ်မှာ စာလည်း ကောင်းကောင်းဖတ် တတ်နိုင်ဦးမှာ မဟုတ်သလို စာထဲမှာ ပါတဲ့ အကြောင်းအရာတွေကိုလည်း ကောင်းကောင်းနားလည်မှာ မဟုတ်သေးဘူး။
ဒါပေမဲ့လောကကြီးမှာ သိသင့်တဲ့ အရာတွေ သိရမဲ့ အချိန်ကျ တူမလေးအနားမှာ ဦးငယ်ရှိချင်မှ ရှိလိမ့်မယ်။ ရှိဦးတော့ အကြောင်းကြောင်းကြောင့် ပြောမပြနိုင်တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ လောကကြီးမှာ ဘယ်အရာမှ မတည်မြဲဘူးလေ။
အဲဒါကြောင့် ဦးငယ် စာရေးနိုင်တုန်း တူမလေးဖို့ လောကကြီး ပတ်သက်တဲ့ အကြောင်းအရာတချို့ကို ဦးငယ် သိသမျှ ရေးခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့ တူမလေး စာကောင်းကောင်းဖတ်နိုင် နား လည်နိုင်တဲ့ ၁၈ နှစ်၊ ၁၉ နှစ်ဝန်းကျင်မှာ ဒီစာအုပ်လေးကို ပြီးအောင် ဖတ်ပေးပါ။ ဒီစာအုပ်လေးက တူမလေးကို ဦးငယ် ပြောချင်တဲ့ စကားတွေပဲ။ ဆုံးအောင် ဖတ်နော် တူမလေး။ (~ ဆရာလွင်ပြင်သစ်၏ တူမလေးအတွက် အမှာစာမှ)
__________________________
📬 အပိုင်း (၁) အပြုသဘောဆောင်သော Vibe 📬
ပျော်ရွှင်ပြည့်စုံတဲ့ဘဝဆိုတာ ကိုယ့်စိတ်အပေါ်မှာ အခြေခံတာမို့ ကိုယ့်စိတ်ကိုအတတ်နိုင်ဆုံး ပြင်ဆင်ကြည့်ပါ။ အကောင်းမြင်စိတ်ထားပါ။
✉️ စာ (၁)
တူမလေးရေ • • •
လင်းနို့တွေဟာ လူတွေကို ကြည့်ရင် ဇောက်ထိုးမြင်နေရမှာပဲ။ လင်းနို့တွေ အတည့်မြင်ရအောင် လူတွေက ကင်းမြီးကောက် ထောင်နေစရာ မလိုပါဘူး။
ဒီလိုပါပဲ တူမလေး၊ ပတ်ဝန်းကျင်က လူတွေမှာလည်း လင်းနို့နဲ့တူတဲ့ လူတွေ ရှိကြတာပဲ။ အဲဒီလိုလူတွေနဲ့ တွေ့ရ ဆုံရတဲ့အခါ သူတို့ဘက်က အကောင်းပြောဖို့၊ ချီးကျူးစကားသံတွေ ကြားရဖို့ ကိုယ့်ရဲ့ပုံစံကို ပြောင်းစရာ မလိုပါဘူး။
လူ့လောကမှာ နေထိုင်တဲ့အခါ တူမလေးရဲ့ အားနည်းချက် တစ်ခုအတွက်ကို လူတချို့က ဝေဖန် လှောင်ပြောင်တာမျိုး ခံရမှာပါ။ အဲဒီအခါ သူတို့ပြောတဲ့စကားကိုပဲ နားထောင်ပါ။
စကားလုံးတွေရဲ့ အာနိသင်ကိုတော့ လိုက်နားမထောင်ပါနဲ့။ ဘာလို့လဲဆိုတော့ စကားလုံးတွေရဲ့ အာနိသင်တွေကို နားထောင်တတ်ခြင်းက လူကို လဲကျသွားစေလို့ပဲ တူမလေး။
ကိုယ့်ကို လှောင်တဲ့ စကားတွေ ဝေဖန်တဲ့ အကြောင်းတွေကိုလည်း ကြားပဲ ကြားပါစေ။ စကားလုံးတွေရဲ့ အာနိသင်ကိုတော့ မသိသလိုပဲ နေလိုက်ပါ။
ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ နေရာမှာ သူတစ်ပါး ချီးမွမ်းတာ၊ ကဲ့ရဲ့တာတွေကို လိုက်မခံစားပါနဲ့။ မှန်ထဲမှာ ကိုယ်ပြန်မြင်နေရတဲ့ ကိုယ့်မျက်နှာကိုယ် လိပ်ပြာသန့် သန့်ကြည့်ရဲဖို့ပဲ လိုတာပါ။
✉️ စာ (၃)
သင်္ဘောရေမြုပ်တာ ဘာကြောင့်လဲ သိလား တူမလေး…။
သင်္ဘောရေမြုပ်တာက ဘေးမှာ ရှိနေတဲ့ ရေတွေကြောင့် မဟုတ်ဘူး။ သင်္ဘောက ဘေးမှာ ရှိနေတဲ့ ရေတွေကို လက်ခံဖို့ အပေါက်ရှိနေလို့ သင်္ဘောရေမြုပ်ရတာ။
သင်္ဘောဘေးမှာ ရှိနေတဲ့ ရေတွေကို လက်ခံဖို့ အပေါက်ရှိလို့ သင်္ဘောရေမြုပ်ရသလိုမျိုး ဦးငယ်တို့တွေဟာလည်း ဦးငယ်တို့ဘေးမှာ ရှိနေတဲ့ မကောင်းတဲ့ အတွေးတွေ၊ ဝန်တိုစိတ်တွေ၊ မကြိုးစားချင်စိတ်တွေ၊ ဝေဖန်ခံရမှာ ကြောက်စိတ်တွေ စတဲ့ ကိုယ့်ကို ကျရှုံးနိုင်မဲ့ အရာတွေကို ကိုယ့်ခေါင်းထဲ ထည့်လိုက်ပြီဆိုတာနဲ့ ဦးငယ်တို့ စပြီး ကျရှုံးတော့တာပဲ။
အဲဒီလိုမကျရှုံးရအောင် သင်္ဘောမှာ အပေါက်တွေ့ရင် ဖာသလိုမျိုး ဦးငယ်တို့ ခေါင်းထဲမှာ ရောက်နေတဲ့ မကောင်းတဲ့ အတွေးတွေ မှန်သမျှကို ထုတ်ပစ်နိုင်ဖို့ လိုပါတယ်။
📬 အပိုင်း (၂) စိတ်ခွန်အားရစေဖို့ 📬
ကိုယ့်ဘဝဇာတ်ခုံမှာ ကိုယ်ကသာ အရှင်သခင်ပါ။ ဘယ်လိုဇာတ်ရုပ်မျိုးကို က မလဲဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်ရမှာပါ။ သူများကြိုးဆွဲရကတဲ့ ဇာတ်ရုပ်မျိုး မရွေးနဲ့ပေါ့။
✉️ စာ(၂)
ပြောင်းလဲမရတော့တဲ့ အခြေအနေတချို့ကြောင့် ပြုပြင်ပြောင်းလဲလို့ ရနေသေးတဲ့ တူမလေးရဲ့ အနာဂတ်ကိုတော့ အပျက်စီးမခံပါနဲ့။ တစ်ခါတလေ ဘဝဆိုတာ သရဲရထားစီးရတာကို ကြည့်နေရသလိုပဲ တူမလေး။ လိမ်နေမှန်းသိသိနဲ့ ပျော်ခဲ့ရတဲ့အချိန်တွေ ရှိသလို ကြောက်ရွံ့ခဲ့ရတဲ့ အချိန်တွေလည်း အများသားပါ။
ဒါပေမဲ့ အဲဒီသဘောတရားကို ကောင်းကောင်းကြီး နားလည်လာတဲ့အခါ ကြောက်ရွံ့မှုတွေ ကင်းမဲ့လာလိမ့်မယ်။ သရဲရထားအတွင်းမှာ မြင်ရမဲ့ ကိုယ့်ရှေ့ကအရာက ဘာမှ မဟုတ်ဘူးဆိုပြီး တွေးနေမိလိမ့်မယ်။
တစ်ခါတလေ ဘဝဆိုတဲ့ ရုပ်ရှင်မှာ သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်းတွေကိုလည်း ကြုံရမယ်။ မျှော်လင့်မထားတဲ့ နေရာကနေ မျှော်လင့်မထားတဲ့ အန္တရာယ်တွေ ရောက်လာတတ်တယ်နော်။
✉️ စာ(၅)
တူမလေးရေ • • •
ဒီနေ့တော့ ပြောချင်တဲ့ အကြောင်းအရာလေး ၃ ခုကို ရေးပေးခဲ့မယ်နော်။ ဆုံးအောင် ဖတ်ပေးနော်။
(၁) နွယ်ပင်မဖြစ်စေနဲ့
သူများကို အားကိုးတယ်ဆိုတာ တစ်ခဏပဲ ကောင်းတယ် တူမလေး။ အမြဲတမ်း မှီနေရင် နွယ်ပင်လိုမျိုး ဖြစ်သွားမယ်။
နွယ်ပင်ဆိုတာ အမှီမရှိရင် အပေါ်ကို မတက်နိုင်ဘူး။ အမှီရှိလို့ အပေါ်ရောက်ခဲ့ရင်လည်း အမှီပြိုတာနဲ့ ပြုတ်ကျမှာပဲ။ ဒါကြောင့် ကိုယ့်လမ်းကိုယ်ဖောက်၊ကိုယ့်အိမ် ကိုယ်ဆောက်တာ အကောင်းဆုံးပါ။
(၂) ထမင်းပူကို မစားနဲ့
တစ်ပါးသူကို ဒုက္ခပေးပြီးမှ ကိုယ်နေရာရအောင် ယူတယ်ဆိုတာ ထမင်းပူစားတာပဲ။ ဒါကြောင့် တူမလေး မတရားတဲ့ အလုပ်တွေ နည်းနည်းလေးမှကို မလုပ်နဲ့။ လုပ်ခဲ့ရင် လျှာကျက်သွားမှာပဲ။
(၃) ရောက်ရာဒေသခြေချခဲ့ပါ
ဖြစ်တည်မှုရှိသလို ပျောက်ကွယ်မှုလည်း ရှိတယ်လေ။ ဒီတော့ ကိုယ်လည်း တစ်နေ့ လောကကြီးထဲကနေ ထွက်ခွာရတော့မယ်ဆိုတာ သိထား။
ကိုယ်မထွက်ခွာခင်လေးမှာ ကောင်းမှုလေးတွေတော့ လုပ်ခဲ့ပါ တူမလေး။ ကောင်းမှုလုပ်ခြင်းဆိုတာ ကိုယ့်နေရာ ကိုယ့်ဒေသကို ခြေ ချခြင်းပဲ။
📬 အပိုင်း (၃) ပတ်ဝန်းကျင်မှာ ကျင်လည်လာရတဲ့အခါ 📬
တူမလေးရေ … ကောင်းတဲ့အပေါင်းအသင်း၊ ကောင်းတဲ့ပတ်ဝန်းကျင်မှာ နေပါ။ ကိုယ်ကိုယ်တိုင်ကလည်း ကောင်းတဲ့ပတ်ဝန်းကျင်၊ ကောင်းတဲ့အပေါင်းအသင်းဖြစ်အောင် နေပါ။
✉️ စာ(၅)
ခေါင်းပေါ်က ဆံပင်ကို ဘယ်လောက် တန်ဖိုးထားထား၊ ဟင်းခွက်ထဲ၊ စားစရာတွေထဲ ကျသွားရင်တော့ ဖယ်ရှားကြတာပဲလေ။
အုန်းဆီကို ဆံပင်ပေါ်မှာ ဘယ်လောက် တန်ဖိုးထားလိမ်းလိမ်း ပါးပေါ်ကျလာရင်တော့ သုတ်ပစ်တာပါပဲ။ ဖိနပ်တစ်ရန် ဘယ်လောက် တန်ဖိုးကြီးကြီး ခေါင်းပေါ်တော့ မတင်ကြပါဘူး။ ဖိနပ်ကို ခေါင်းပေါ် တင်ရင်လည်း အဲဒီလူဟာ စိတ်မနှံ့တဲ့သူပါ။
ဆံပင်က သူ့နေရာသူ မနေတော့ တန်ဖိုးမဲ့သွားတယ်။ အုန်းဆီဟာလည်း သူ့နေရာသူ မနေတော့ နေရာပေးမခံရဘူး။ ဖိနပ်လည်း ခြေထောက်မှာ နေရင် တန်ဖိုးရှိပြီး ခေါင်းပေါ်ရောက်သွားရင်တော့ သိန်းတန်နေပါစေ။ တန်ဖိုးမဲ့သွားတာပါပဲ။ ဒီလိုပါပဲ တူမလေး။
လူ့လောကကြီးထဲ ရှင်သန်တဲ့အခါ ကိုယ်တန်ဖိုးရှိတဲ့ နေရာမှာပဲနေပါ။ နေရာတကာ ဝင်မပါချင်ပါနဲ့။ အပေါစားမဆန်ပါနဲ့။ ကိုယ်နေရမဲ့ နေရာမှာပဲ နေပါ။ ကိုယ့်ကို တန်ဖိုးထားတဲ့ နေရာမှာပဲ နေပါ။
ကိုယ့်ရဲ့တန်ဖိုး နည်းရာကနေ များလာတာ၊ တန်ဖိုးများရာကနေ နည်းသွားတာဟာ ကိုယ်နဲ့ပဲ ဆိုင်တာပါ။
📬 အပိုင်း (၄) နှလုံးသားတရားစီရင်တဲ့အခါ 📬
ကိုယ့်ဘက်က ဘယ်လောက်ပေးပေး သူ့ဘက်က ရယူလိုမှု မရှိတဲ့အခါ တူမလေးပေးသမျှ အရာရာက တန်ဖိုးမဲ့နေမှာပါ။
✉️ စာ(၅)
အချစ်ဆိုတာက ပေးတဲ့သူတွေက ပေးတဲ့အခါ ယူတဲ့သူကလည်း ယူချင်ဦးမှ။ ယူချင်တဲ့သူက ယူချင်တဲ့အခါ ပေးတဲ့သူကလည်း ပေးချင်ဦးမှ။ ပေးတဲ့သူနဲ့ ယူတဲ့သူ ညီဖို့ဆိုတာ အင်မတန်ကို ရှားတယ်လေ။
ဒါကြောင့်မို့ မပေးချင်တဲ့ အချစ်ကို အတင်းမယူချင်ပါနဲ့။ မပေးပါဘူးဆိုတဲ့သူဆီက ဘယ်လောက်ပဲ ရအောင် ယူယူ စစ်မှန်တဲ့အချစ်တော့ ရမှာ မဟုတ်ပါဘူး။
ကိုယ်တောင် ကိုယ်မချစ်တဲ့သူကို စစ်မှန်တဲ့ အချစ်မပေးချင်ဘူးမဟုတ်လား။ ကိုယ်ချင်းစာတရားလေးနဲ့ နားလည်ပေးလိုက်ပါ တူမလေး။
ကိုယ်ချစ်တဲ့သူက သူချစ်တဲ့သူနဲ့ အတူနေနေပြီး ပျော်နေတာလေးကိုပဲ ငေးကြည့်နေရတာက မပေးချင်တဲ့ အချစ်ကို အတင်းလုယူပြီး စစ်မှန်တဲ့ အချစ်မရတာထက်စာရင်တော့ တော်ပါသေးတယ်။
📬 အပိုင်း (၅) အိမ်ထောင်ရေး 📬
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတဲ့သူတွေကို လောကဓံက ဒုက္ခလှလှလေးတွေကို ပါဆယ်လှလှလေးနဲ့ သေချာထုပ်ပိုးပြီး လက်ဖွဲ့တတ်တယ်။
✉️ စာ(၆)
တူမလေးရေ အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပဲတဲ့။ ကိုယ်ရွေးလိုက်တဲ့ ဘဝလက်တွဲဖော်က ကိုယ်နဲ့ ယူပြီးမှ ကောင်းရင်လည်း ကောင်းမယ်၊ ဆိုးရင်လည်း ဆိုးမယ်။ ရွေးတာကတော့ နှလုံးသား အဓိကထား ရွေးလိုက်တာပဲ။ ဒါပေမဲ့ ကိုယ်နဲ့ အိမ်ထောင်ကျမှ အရည်အချင်းတွေက မရှိ၊ ပျင်းရတဲ့အထဲ လူကိုပါ နှိပ်စက်ဆိုလို့ကတော့ အဲဒီလိုအိမ်ထောင်ရေးကို ကွာပြီး တစ်ခုလပ်ဘဝကိုပဲ အရောက်ခံလိုက်ပါ။
ကိုယ်က နှိပ်စက်ခံနေရလို့ သေလောက်အောင် နာနေပြီ။ ချစ်တဲ့စိတ်လည်း မရှိတော့ဘူး။ ဒါကို ကွာမယ်လုပ်တော့ အမျိုးဆိုတဲ့ ဆွေမျိုးတွေက ငါတို့အသိုင်းအဝိုင်းမှာ တစ်ခုလပ်ဆိုတာ မရှိဘူး။ ငါတို့အမျိုးမှာ ဒါမျိုးမရှိဘူးဆိုပြီး လာတားလို့ တစ်သက်လုံး အနှိပ်စက်ခံရင်း သေသွားကြတဲ့သူတွေ ရှိတယ်။
ငါ့သားလေးတော့၊ ငါ့သမီးလေးတော့ အဖေခေါ်စရာ မရှိဖြစ်မှာပါလား၊ ငါကတော့ ငါ့ဘဝနဲ့ ငါဆိုပြီး ဆက်ပြီး အဆင်မပြေတာကို အဆင်ပြေသလို ပုံစံနဲ့ နေ၊ အဲဒီလိုမျိုးတွေနဲ့ ကိုယ့်အသား ကိုယ်အနာခံပြီး လောကကြီးကို စိတ်ကုန်နေကြတဲ့သူတွေ အပုံကြီးပါ။
တကယ်အနှိပ်စက်ခံနေရတာက ကိုယ်၊ ကိုယ်အနှိပ်စက်ခံရလို့ “ငါတို့အမျိုးထဲမှာ တစ်ခုလပ်မရှိဘူး” လို့ ပြောတဲ့သူတွေက လာပြီး အရိုက်ခံကြမှာ မဟုတ်ပါဘူး။ “အဲဒါသူတို့ကိစ္စ၊ ငါတို့နဲ့မဆိုင်” ဆို ပြီး ရှောင်ထွက်သွားကြမှာ။ အဲဒါကြောင့်မို့ အဆင်မပြေနေတဲ့ အိမ်ထောင်ရေးကြီးနဲ့ ကြုံလာခဲ့ရင် ကွာလိုက်ပါ။ ဆက်ပေါင်းမနေပါနဲ့။ ကိုယ့်ဝမ်းနာ ကိုယ်ပဲ သိတာပါ တူမလေး။
အဲဒီလိုတွေ ဖြစ်နေတုန်း သားသမီးက ရှိနေတယ်ဆိုရင်လည်း သူတို့လေးတွေ အဖေခေါ်စရာ မရှိဘဲ နေမှာ ကြောက်ပြီး အသားနာ ဆက်ခံမနေပါနဲ့။ အဲဒီလို လုပ်တာက နေ့တိုင်း ကလေးတွေကို နှိပ်စက်သံတွေကြားမှာ ရှင်သန်ခိုင်းနေတာနဲ့ တူပါတယ်။ စိတ်အားတွေ ငယ်အောင်၊ ကြောက်လန့်နေအောင် ခြောက်လှန့်နေတာနဲ့ အတူတူပါပဲ။
နေရဲ့ အပူဒဏ်ချည်း ခံနေရတဲ့ သစ်ပင်ပေါက်စလေး တစ်ပင်ဟာ ကြီးထွားရှင်သန်ဖို့ အင်မတန် ခက်ခဲသလို ရန်ဖြစ်သံ ရိုက်နှက်သံတွေချည်း ကြားနေရတဲ့ ကလေးတွေဟာလည်း ထက်မြက်ဖို့ဆိုတာ အတော်ကို ခက်ခဲပါလိမ့်မယ်။
တူမလေးအနေနဲ့က အိမ်ထောင်ကွဲလို့ ကလေးတွေပါ ရှိနေပြီဆိုရင် အဖေခေါ်စရာ မရှိတဲ့ ကလေးတွေအတွက်၊ ဘဝအတွက် သင်ယူ စရာတွေကို အေးအေးချမ်းချမ်း သင်ယူနိုင်အောင် ကြိုးစားလိုက်ပါ။ တူမလေး … ဦးငယ်ပြောတာ နားလည်တယ်နော်။
✉️ တူမလေးလည်း အိမ်ထောင်ကျလာတဲ့ အချိန်ကျ ရှေးရိုးစွဲအတွေးကြီးကို ခေါင်းထဲ ထည့်မနေပါနဲ့တော့။ ကိုယ်ယူလိုက်တဲ့သူက ဘီလျံနာကြီးဖြစ်ပါစေ။ ကိုယ်လုပ်နိုင်တဲ့အရာ၊ ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုတော့ ဆက်လုပ်နေပါ။ ဆက်လေ့လာနေပါ။
တကယ်လို့ ကိုယ့်မိဘကို ကန်တော့ချင်တယ်၊ သူငယ်ချင်းတွေကို ကူညီချင်တယ်ဆိုရင်တောင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ကူညီတာမို့ တစ်ဖက်က လာပြီး အပြစ်တင်ပြောလို့ မရပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပေးတာလေ။ နောက်ပြီး သူက ကိုယ့်ကို ပစ်သွားတယ်ဆိုရင်တောင် ကိုယ့်မှာ အလုပ်ရှိတယ်။ ကိုယ့်မှာ အရည်အချင်းတွေက ရှိနေတယ်လေ။ ဒုက္ခကို ရယ်ပြီးတော့တောင် ကန်ချလိုက်လို့ရတယ်။ ကိုယ့် ဘာသာ တစ်ကိုယ်တည်း တောက်ပလို့ ရတယ်လေ။
လလို သူတစ်ပါးရဲ့ အလင်းကို မှီပြီးမှ တောက်ပရတာမျိုးမဟုတ်ဘဲ နေလို ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပနိုင်အောင် ကြိုးစားပါ။ အိမ်ထောင်ရေးကြောင့် ကိုယ့်ရဲ့ တောက်ပနေတဲ့ အလင်းတွေကို မမှိန်ပါစေနဲ့။ အိမ်ထောင်ပြုတယ်ဆိုတာ ပျော်ရွှင်ဖို့ပါ။ မှေးမှိန်သွားဖို့မှ မဟုတ်တာ။ ဒီလိုနေရာမှာ International ဆန်လိုက်စမ်းပါ။
တစ်ရက်ကို ယောက်ျားရဲ့ ဝင်ငွေနဲ့ ၁ဝ သိန်းလောက် သုံးနိုင်နေတဲ့ အမျိုးသမီးထက် တစ်ရက်ကို ကိုယ်ပိုင်ဝင်ငွေနဲ့ မိသားစုကို ပြန် ထောက်ပံ့နေတဲ့ အမျိုးသမီးကို ပိုအတုယူပါ။ အားကျပါ။ သူဟာ သိပ်ကို အရည်အချင်းရှိလို့ပါ။
📬 အပိုင်း (၆) ဒါလေးတွေလည်း မှာချင်သေးတယ် 📬
ကြိုတင်ပြင်ဆင်ခြင်းတွေကနေလည်း ပျော်ရွှင်ခြင်းတွေ၊ အောင်မြင်မှုတွေ မွေးဖွားလာနိုင်တယ် တူမလေး။
✉️ စာ(၂)
သေခြင်းတရားဆိုတာ ဘယ်အချိန်ရောက်လာမယ်ဆိုတာ မသိရတဲ့ အရာ၊ ဒီနေ့သေမယ်၊ မနက်ဖြန်သေမယ်ပြောမရဘူး။ အဲဒီတော့ ရှင်သန်နေရတုန်း အဝတ်အစားတွေ မထပ်ရအောင် ဝတ်မယ်၊ မစား ဖူးတာတွေလည်း စားမယ်၊ မသေခင် သုံးရတာဆိုပြီး တချို့က တရားရသလိုလိုနဲ့ ပိုက်ဆံကို သုံးတတ်ကြတယ်။
လကုန်လို့ လစာက ရမယ်မကြံသေးဘူး။ သုံးရမဲ့ အရာတွေက တွေးပြီးနေပြီ။ သူတို့တွေ ပြောကြသလို သေခြင်းတရားက ဘယ်အချိန် ရောက်လာမယ်မှန်း မသိဘဲ သေချာတာကတော့ လူတိုင်းက ကိုယ့်ကို မနက်ဖြန် သန်ဘက်ခါလောက်နဲ့ လွယ်လွယ်မသေဘူးလို့ပဲ တွေးကြတာပါပဲ။ တော်တော်မျာများလည်း မသေကြပါဘူး။ တစ်ကမ္ဘာလုံးမှာမှ တစ်မိနစ်ကို နှစ်ယောက်သေတယ်လို့ ပြောကြပေမဲ့ ကိုယ့်အလှည့် မလာတာ များပါတယ်။
လူတိုင်း အသက်ရှည်ရှည် နေချင်ကြတယ်။ တချို့တွေ အသက်ရှည်ရှည်နဲ့ နေချင်သလို နေကြရတယ်။ တချို့လည်း အသက်ငယ်ငယ်နဲ့ မသေချင်ဘဲ သေကြရတယ်။ တချို့တွေကျတော့ သေသာသွားတယ်။ ဘာမှ ပြောင်းလဲမသွားကြဘူး။
လူငယ်မို့ အဝတ်အစားဝယ်ချင်တယ်။ လှလှပပ သန့်သန့်ပြန့်ပြန့် နေချင်တယ်။ အဲဒါနဲ့ပဲ တစ်လ တစ်လ ကိုယ့်လစာက မပို၊ တစ်နှစ်လာလည်း သူများအလုပ်၊ တစ်ခါလာလည်း အရောင်းဝန်ထမ်း၊ ဒီလိုဘဝကနေ မတက်ကြတော့ဘူး။ တချို့တွေဆို အသက်တွေက ကြီးပြီ။ အလုပ်တွေက လုပ်နေကြရတုန်း။
ဒါဟာ ဘာကြောင့်လဲဆိုတော့ ငွေကို သုံးသင့်တာထက် ပိုသုံးခဲ့လို့ပါ။ လူရဲ့ သဘောသဘာဝအရ အသက် ၂ဝ ကျော်နဲ့ ၄ဝ ကျော်မှာသာ အလုပ်လုပ်ဖို့ သင့်တာပါ။ ဒါကြောင့် အသက် ၄၀ ကျော်တာနဲ့ အလုပ်တွေကနေ နားနိုင်အောင် ကြိုးစားပါ။
ကိုယ်အနားယူတဲ့ အချိန်မှာ ကိုယ်ဝါသနာပါတဲ့ အရာလေးတွေ လုပ်နိုင်အောင် အလုပ်လုပ်သင့်တဲ့ ကာလမှာ ငွေကို သုံးသင့်တာထက် ပိုမသုံးပါနဲ့။ ငွေကို စုပါ။ ကိုယ်က တစ်လ ဘယ်လောက် စုမှာလဲ။ စုနိုင်သလောက် စုပါ။
ဒီနေ့သေမယ်၊ မနက်ဖြန်သေမယ်ဆိုတာ မသိရပေမဲ့ မသေခင်ကာလ အသက်ငယ်တုန်း ငွေကို အတတ်နိုင်ဆုံးစုပါ တူမလေး။ မလိုတာတွေ ဝယ်တာ လျှော့ပါ။ မလိုတာ လုပ်တတ်တဲ့ အကျင့်ကို ဖျောက်ပါ။ မသေခင်ကာလမှာ ငွေကြောင့် အတတ်နိုင်ဆုံး စိတ်ဆင်းရဲရတာမျိုး မဖြစ်နိုင်အောင် ငွေကို ချွေတာသုံးပါ တူမလေး။
✉️📬✉️📬✉️📬