
နှင်းစက်ရေးတဲ့လရောင်
7500 (ကျပ်)
မိုင်ဖန်က စာသင်ကျောင်းလေးဆီ ရောက်လာခဲ့တဲ့ ဆရာမလေး မြတ်ဦးလှိုင်၊ ဒေသခံ ဆရာလေး မရန် ဆိုင်းယော် တို့ကြားက သံယောဇဥ်တွေအပြင် ဒေသခံ တိုင်းရင်းသား ဆရာ၊ ဆရာမ တို့ရဲ့ ချစ်စရာကောင်းတဲ့ ရင်းနှီးနွေးထွေးမှုတွေကို ရင်ခုန်ဖွယ်၊ ကြည်နူးဖွယ် မြင်တွေ့ရမှာပါ။
တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ အငွေ့အသက်တွေနဲ့အတူ မိုင်ဖန်နဲ့ မုံးပေါ် တစ်ဝိုက်က စိတ်ဝင်စားဖွယ် အခင်းအကျင်းအကြောင်းကို အချစ်နဲ့ ဘဝ အချိုးကျ ရေးဖွဲ့ထားတဲ့စာအုပ်လည်း ဖြစ်ပါတယ်။ ဆရာမ ပုလဲသွင် ရဲ့ ‘နှင်းစက်ရေးတဲ့ လရောင်’ ဟာစာဖတ်သူ ရင်ထဲကို တစ်စုံတစ်ရာသော စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
| စာမျက်နှာ | 105(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2026 မတ်လ (ပထမအကြိမ်) |
11 in stock


စိုးဘားဒိုင် –
ပုလဲသွင်ရဲ့ ဒုတိယမြောက်လုံးချင်းဝတ္ထု
ကိုဖတ်ရတယ်။ပထမလုံးချင်းဝတ္ထုက တိတ်ဆိတ် တိုးတိတ် လွင့်ပြယ်သောဖြစ်ပြီး
ပညာရေးကောလိပ်နောက်ခံ အချစ်ဝတ္ထု။အခု
စာအုပ်က ပညာရေးဝန်ထမ်းနောက်ခံ အချစ်ဝတ္ထု။
နှင်းစက်ရေးတဲ့ လရောင်မှာ ဆရာမပုလဲသွင်ရဲ့ အရေးအသားနဲ့ဝတ္ထုဆက်တင်တည်ပုံ
ပိုပြီး သပ်ရပ်ကောင်းမွန်လာတာကို သတိထားမိတယ်။အပြကိုဦးစားပေးရေးဖွဲ့ထားပြီး၊ဇာတ်ကောင်များရဲ့ခံစားချက်တွေကို သိုသိပ်တဲ့ဟန်နဲ့ရေးဖွဲ့ထားတယ်။ဒီလိုဖွဲ့စည်းပုံဟာ ရေးရတာပိုပြီး အာရုံစိုက်ရတဲ့ဟန်မျိုးဖြစ်ပါတယ်။တိမ်းချော်သွားနိုင်သလို တစ်ခါတလေမှာ လျှော့ရဲသွားနိုင်တဲ့ ထောင်ချောက်တွေရှိတဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။ဆရာမပုလဲသွင်အတွက် ဒီအရေးအသားမျိုးကပဲ သူ့ဟန်ဖြစ်နေသလားပဲ။သူ့စာရေးသက်၊သူ့စာရေးအတွေ့အကြုံမျိုးနဲ့ ရေးနိုင်ဖို့ စိန်ခေါ်မှုရှိတယ်လို့ပဲ ကျွန်တော့်အတွေ့အကြုံအရ မြင်မိတယ်။ဒါပေမယ့် သူသပ်သပ်ရပ်ရပ်ရေးသွားနိုင်ခဲ့တယ်။
ဝတ္ထုလေးကရိုးရိုးလေးပါပဲ။မူဆယ်မြို့နယ်၊မုံးပေါ်အုပ်စု၊မိုင်ဖန်ရွာကျောင်းမှာ တာဝန်ကျတဲ့ ကျောင်းဆရာမလေး မြတ်ဦးလှိုင်ဟာ ရွာကလေးနဲ့ နေသားမကျမီက ခက်ခဲခဲ့ပေမယ့် အသားကျလာပြီးတဲ့နောက် နေသားကျသွားတယ်။ကချင်ကျောင်းသားလေးတွေကို စာသင်ပေးရတဲ့ဆရာမလေးဟာ ကချင်စကားမပေါက်ပေမယ့် အဆင်ပြေ ကျင့်သားရသွားခဲ့တယ်။ရွာမှာဆရာမလေးလှိုင်နဲ့အတူနေတဲ့ ကျောင်းဆရာမလေးမျိုးမျိုးဇော်က လှိုင်ထက်ကြီးလို့ အစ်မမျိုးလို့ပဲခေါ်တယ်။
ဆိုင်းယော်၊ဇော်မျိုးထွယ်၊မိုင်းရာ၊နူးအောင်၊ဘောက်မိုင် စသည်ဖြင့် ကျောင်းဆရာ၊ဆရာမတွေပါတယ်။မိုင်ဖန်ရွာခံဆရာဆရာမတွေများတယ်။အဲဒီထဲကဆိုင်းယော်က လှိုင်တို့ကိုအများကြီး ကူညီစောင့်ရှောက်တယ်။ဒေသဓလေ့ကလေးတွေ၊ပတ်ဝန်းကျင်အဖွဲ့တွေကို ကျစ်ကျစ်လစ်လစ်
ရေးဖွဲ့ထားတယ်။စိတ်ဝင်စားစရာကောင်းတဲ့ဓလေ့ကလေးတွေကြောင့် ဝတ္ထုဟာပိုကြွလာတယ်လို့ဆိုရမယ်။
ကျောင်းဆရာမဇာတ်ဆိုပေမယ့် တရား
ဟောတဲ့အရေးအသားတွေ၊မက်ဆေ့တွေကို ထည့်မရေးဘဲ သာမန်ဖြတ်သန်းမှုပုံစံလေးအတိုင်းရေးသားထားတာကိုတွေ့ရတယ်။တိုက်ပွဲတွေမကြာခဏဖြစ်နေတာကိုလည်း ဇာတ်ကွက်ထဲ ကျွဲကူးရေပါပုံစံမျိုးနဲ့ပဲ ထည့်ရေးထားတာ သဘောကျစရာကောင်းတယ်။မငြိမ်သက်တဲ့ဒေသက ကျောင်းကလေးမှာ
ကျောင်းဆရာမလုပ်နေကြရတဲ့ လှိုင်တို့မျိုးတို့
ဟာ အဲဒီမတည်ငြိမ်မှုတွေကြောင့် ဒေသဟာ
ဘာဖြစ်တယ်၊ညာဖြစ်တယ် စသည်ဖြင့် တစ်ခွန်းမှဟမထားဘူး။
တိုက်ပွဲတွေဖြစ်တဲ့အခါ၊လက်နက်ကြီးလက်နက်ငယ်အသံတွေကြားရတဲ့အခါ ကျောင်းခန်းထဲဝပ်နေကြရ၊မြေအောက်ခန်းထဲ
ဆင်းပြေးကြရတာတွေကို ဆက်တင်တစ်ခုအသွင်နဲ့ပဲရေးသွားတယ်။သဘာဝကျလွန်းလို့
ကိုယ်တွေ့မဟုတ်ရင် ဒီလိုပုံစံမျိုးထွက်လာဖို့
မလွယ်ဘူး။လက်နက်ကြီးငယ်အသံတွေပျောက်သွားတာနဲ့ အားလုံးဟာပုံမှန်အတိုင်းဖြစ်သွားတာကို ဇာတ်ကောင်တွေရဲ့ အပြကွက်တွေနဲ့ပဲရေးသွားတယ်။
ဥပမာတစ်ခုအနေနဲ့ပြောရင် ရွာမှာဘောလုံးပွဲကျင်းပနေချိန် လက်နက်ကြီးသံကြားလိုက်ရတော့ နားစွင့်နေပြီး၊ဆက်မကြားတာနဲ့ ဘောလုံးပွဲကို ဆက်ကန်ကြတယ်။ဘောလုံးပွဲလာကြည့်တဲ့ ရွာသူရွာသားတွေကလည်းမပြန်ဘူး။တနည်းအားဖြင့်ပြောရရင် ရွာသူရွာသားတွေဟာ ဒီလို အတိုက်အခိုက်တွေကြားမှာ နေတတ်ထိုင်တတ်သွားပြီး အသားကျနေကြပြီဆိုတာကို အပြတွေနဲ့ပဲ ပြသွားခဲ့တယ်။တိုင်းရင်းသားတွေအကြောင်းရေးရင် သူတို့ရဲ့ရိုးသားမှုအကြောင်းတွေကို အထူးတလည်ဖွဲ့ရေးပြီး ဂုဏ်ပြုကြလေ့ရှိတယ်။ဆရာမပုလဲသွင်ကတော့ ဇာတ်ကွက်ထဲမှာ အပြတွေနဲ့ပဲ ပုံဖော်သွားတယ်။ဖတ်တဲ့သူက သူ့ပြတာထက်ပိုမြင်သွားကြရတာကလည်း သူ့ရဲ့အပြရေးချက်တွေဟာ ဒေသရဲ့ပကတိအနေအထားတွေ လွှမ်းခြုံမိနေလို့ပဲပေါ့။
အချစ်ဇာတ်လမ်းကတော့ ရိုးရိုးလေးပါ။ဆရာမလေးလှိုင်နဲ့ဆရာလေးဆိုင်းယော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ငြိတွယ်နေမိကြသူတွေဖြစ်ပေမယ့် ပွင့်လင်းလာကြခြင်းမရှိဘူး။လှိုင်မှာ ရည်ရွယ်ထားတဲ့ လင်းဇော်နိုင်ဆိုတာရှိတယ်။ဆိုင်းယော်မှာ ချစ်ဦးသူရှိခဲ့ပြီး၊ချစ်ဦးသူနဲ့လွဲခဲ့ကာ ချစ်ဦးသူကအိမ်ထောင်ကျသွားပြီဖြစ်တယ်။လင်းဇော်နိုင်က လှိုင့်ဆီလိုက်လာပြီး၊တစ်ခြားတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားခဲ့တဲ့အကြောင်းလာပြောတယ်။သူတကယ်ချစ်မြတ်နိုးတာက လှိုင်ကိုပဲပေါ့။လှိုင်ကပြတ်သားစွာနဲ့ဖြတ်လိုက်နိုင်တယ်။
ဆရာမပုလဲသွင်က ပကတိအနေအထား
ကို ဝတ္ထုရေးဖွဲ့ထားတာလို့ထင်ရအောင် ဇာတ်ကွက်ကလေးတွေက နေရာတကျရှိနေတာကိုတွေ့ရတယ်။ဇော်မျိုးထွယ်က လှိုင့်ကိုချစ်မိတဲ့အကြောင်းဖွင့်ပြောတာနဲ့ လှိုင်ကမောင်လေးတစ်ယောက်လိုပဲသဘောထားတာကို ပြောတာမျိုး။( ဇော်မျိုးထွယ်က လှိုင့်ကိုဆိုင်းယော်နဲ့စနောက်လှော်ပေးနေသူလည်းဖြစ်တယ်။သူက ကြားကဝင်နှောက်တာမျိုးမဟုတ်ဘဲ သူ့ရင်ထဲဖြစ်တည်လာတာကို ရင်ဖွင့်လိုက်တာမျိုးဖြစ်လို့ ရိုးပေမယ့်လှတဲ့အကွက်ကလေးဖြစ်သွားတယ် )
တစ်ယောက်နဲ့တစ်ယောက် ရင်ထဲမှာကိုယ်စီခံစားချက်ရှိနေကြပြီး၊အဲဒီလိုခံစားချက်ရှိနေတာကိုလည်း တစ်ယောက်အနေတစ်ယောက်သိနေကြတဲ့ကြားက မပွင့်လင်းလာခဲ့တော့ ဇာတ်သိမ်းဟာ ရင်ခုန်စရာကောင်းလာတော့တယ်။ဒီလိုနဲ့ပဲ ချစ်နေမိကြသူနှစ်ဦး ဝေးသွားကြရလေမလားလို့ စာဖတ်သူက အားမလိုအားမရဖြစ်လာရတယ်။ဝတ္ထုဖွဲ့စည်းပုံက အဲဒီလိုပုံစံဆိုတော့ ရိုးရိုးလေးပြနေတဲ့ကြားက မြင်နေကြည့်နေရသူတွေရင်ထဲ
မချင့်မရဲဖြစ်လာစေတာပေါ့။
ပထမလုံးချင်းနဲ့စာရင် အခုလုံးချင်းဟာ
အရေးအသား၊အဖွဲ့အနွဲ့တွေပို ကောင်းမွန်သပ်ရပ်လာတယ်။အထူးသဖြင့် ပတ်ဝန်းကျင်အဖွဲ့တွေ ပိုသပ်ရပ်ကောင်းမွန်လာတယ်။ဒေသဓလေ့တွေကို ရေးဖွဲ့ရာမှာလည်း ဒေသခံတွေက ဟောပြောပို့ချနေတဲ့ပုံစံမျိုးမဟုတ်ဘဲအပြတွေထဲမှာ ထည့်ပြသွားတာလေးကို သဘောကျရတယ်။ဆရာမပုလဲသွင်ရဲ့ဟန်နဲ့ကိုက်ညီလို့လားမသိဘူး၊ခက်ခဲတဲ့ ဝတ္ထုတည်
ဆောက်ရေးသားမှုပုံစံဟာ သပ်ရပ်ကျနစွာ ဖြစ်လာတာကိုတွေ့ရတယ်။ဝတ္ထုလတ်ကလေးအဖြစ်ရေးသားထားပေမယ့် လုံးချင်းဝတ္ထုရှည်လိုဆန့်ထွက်လာတဲ့ လှပတဲ့ဖွဲ့စည်းပုံနဲ့ လုံးချင်းဝတ္ထုငယ်လေးပါပဲ။
ဆရာမပုလဲသွင်ကို ကျွန်တော်ကတော့
ဒီလုံးချင်းနဲ့ပဲ စောင့်ဖတ်ရမယ့် စာရေးဆရာမလေးတစ်ယောက်အဖြစ် မှတ်သားထားလိုက်ပါပြီ။အဲဒီတော့ ဆရာမလေးပုလဲသွင်ကလည်း ဆက်ရေးပေတော့။