ကားလ်မာ့က်စ်၏ အရင်းကျမ်း

( 0 မှတ်ချက်)

6000 (ကျပ်)

ကားလ်မာ့က်စ်၏ “အရင်းကျမ်း” (Das Kapital) ပထမအုပ်ကို ၁၈၆ရ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေသည်။ ထိုစာအုပ်ထဲတွင် နှစ်ပေါင်း (၂ဝ) ကျော် သူစဉ်းစားခဲ့သည့် အရင်းရှင်ဝါဒအကြောင်း မူရင်းနည်းအတိုင်း စုစည်းဖော်ပြ ထားသည်။

“အရင်းကျမ်း”သည် အရင်းရှင်ဝါဒကို ဝေဖန်သောကျမ်း။ အရင်းရှင်ဝါဒအတွက် ဒီလိုမျိုး၊ ဟိုလိုမျိုး ဥပမာပေးထားသည့် ရည်ရွယ်ချက်မျိုးလည်းမဟုတ်။ ထိုသို့မဟုတ်သည့်အပြင် မာ့က်စ်သည် “အရင်းရှင်ဝါဒ” ကျင့်သုံးသော မည်သည့်နိုင်ငံတွင်မဆို၊ မည်သည့်သမိုင်းကာလတွင်မဆို အရင်းရှင်ဝါဒကို “အရင်းရှင်ဝါဒ”ဖြစ်စေသည့် မရှိမဖြစ် လက္ခဏာများအကြောင်း သရုပ်ခွဲဖော်ပြချင်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင် “အရင်းကျမ်း”သည် မျှတသည့် ယေဘုယျပြုမှုတစ်ခုဖြစ်ဖို့ လိုခဲ့သည်။ ယေဘုယျ ခွဲခြမ်းစိတ်ဖြာမှု ဖြစ်ဖို့ လိုခဲ့သည်။ ဖတ်ရခက်ခြင်းတွင်လည်း ထိုအချက်က အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်သည်။

နောက်ထပ်အကြောင်းရင်းတစ်ခုမှာ “အရင်းရှင်ဝါဒ”အပေါ် ထဲထဲဝင်ဝင် ဝေဖန်ထားခြင်းသည် စာဖတ်သူနှင့် စာရေးသူ၊ ကျွန်တော်တို့ ကြီးပြင်းလာခဲ့သော စနစ်ကြီးကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ခါတရံ တော်တော်လေး ထိုးဖောက်စဉ်းစားပြီး ဖတ်ရသည်။ စာရေးသူတို့ လက်ခံထားသော ပင်ကိုအသိ တော်တော်များများကို လက်မခံ။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ပေါက်ဖွားနေသည့် အင်စတီကျူးရှင်းများကိုလည်း လက်မခံ။

“အရင်းရှင်ဝါဒ”သည် နှစ်ပေါင်း (၄၀၀) နီးပါး တိုးတက်ပြောင်းလဲ ရင့်ကျက်လာသည့် လူမှုရေး၊ စီးပွားရေးစနစ်ကြီးတစ်ခု။ “အရင်းကျမ်း”ထွက်လာချိန်မှစ၍ အရင်းရှင်စနစ်သည် မာ့က်စ်၏ ဝေဖန်မှုများ မှားယွင်းကြောင်း၊ မဆီလျော်လှကြောင်း သက်သေပြနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော် ကမ္ဘာကြီးကို နားလည်ချင်သည့် အသစ်အသစ်သော မျိုးဆက်တို့အတွက် “အရင်းရှင်ဝါဒ”သည် ဖက်ရှင်တစ်ခု ဖြစ်နေဆဲ … ။

သို့ဆိုလျှင် “အရင်းကျမ်း”ကို ဘာကြောင့် ထပ်ဖတ်ဖို့ လိုပါသေးလဲ….. ။

လူများစုအနေဖြင့် ကမ္ဘာကြီးနှင့် တစ်သားတည်းမကျသည့် အရိပ်အမြွက် အနည်းဆုံးတစ်ခုတော့ ရှိကြသည်။ လူတော်တော်များများတွင် လူသားမျိုးနွယ် ရင်ဆိုင်နေရသည့် အလွန်ကြီးမားသော ပြဿနာကြီးများ တစ်ခုမက ရှိနေကြသည်။ ထို့ကြောင့် ဖတ်ဖို့လိုပါသည်။ မာ့က်စ်၏ “အရင်းကျမ်း’သည် ပြဿနာတစ်ခု ဘာကြောင့်ဖြစ်ရလဲဆိုသည်ကို စနစ်အကျဆုံး အသေးစိတ်ဖော်ပြထားသည်။

အရင်းကျမ်းကို “စီးပွားရေး”ဟု တံဆိပ်ကပ်ထားသော သေတ္တာထဲတွင် ထည့်၍ မရ၊ ထည့်ဖို့ မသင့်။ “အရင်းကျမ်း”သည် နိုင်ငံရေး၊ သမိုင်း၊ စီးပွားရေး၊ လူမှုရေး၊ ဒဿနအပြင် ထိုခေတ်ထိုအခါ၏ စာပေလည်းဖြစ်၏။ မာ့က်စ်ဝါဒ ဝေဖန်ရေးစာပေ၏ အစောပိုင်းဥပမာလည်း ဖြစ်သည်။ မာ့က်စ်သည် ပိုက်ဆံ၏ သဘာဝနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ပုံဖော်ရာတွင် အကျော်အမော် စာရေးဆရာကြီးများဖြစ်သော ရှိတ်စပီးယား၊ ဂေါထာနှင့် ဘဲလ်ဇက်တို့ကိုလည်း မကြာခဏ ကိုးကားသည်။

ဥပမာအားဖြင့် အရင်းရှင်လူတန်းစား (အကျယ်ဖြန့်လိုက်လျှင် အရင်းရှင်စနစ်)သည် ပိုက်ဆံကို ဘယ် လို စုဆောင်းမလဲဆိုသည့် စိတ်ထက်သန်မှုနှင့် ချမ်းသာ ကြွယ်ဝမှု၏ အသီးအပွင့်များကို ခံစားလိုသော စိတ်ဆန္ဒတို့အကြား ဗျာများနေပုံကို ဂေါထာ၏ Faust ပြဇာတ်ထဲမှ ဇာတ်ဆောင်ကို ကိုးကားခဲ့သည်။

“သူ့ရင်ထဲမှာ စိတ်နှစ်ခု ယှဉ်ပြီးရှိနေတယ် တစ်ခုက တစ်ခုဆီကနေ အမြဲတမ်း ခွာထွက်နေတယ်”

စိတ်နှစ်ခု၊ တစ်ခုထံမှ တစ်ခု ခွာထွက်နေခြင်းမှာ မာ့က်စ်၏ အရင်းရှင်ဝါဒကို အသေးစိတ်ပုံဖော်သော ပုံမှန်အဆင်တန်ဆာတစ်ခုဖြစ်ကြောင်း မြင်ရသည်။

ဤစာအုပ်ထဲမှ မာ့က်စ်၏ ချဉ်းကပ်ပုံသည် သူ့နည်းလမ်းကို အကုန်လုံး ဖွင့်ပြထားသည်။ သူက နိုင်ငံ ရေး၊ စီးပွားရေး၊ ဘာသာရေး၊ ဒဿနနှင့် လူမှုရေး နောက်ကွယ်၌ ဖုံးထားသည့် “စာပေဥပမာ”တို့ကို ဖတ်စေချင်သည်။

“အရင်းကျမ်း”တွင် သူ၏ အဓိက ရည်ရွယ်ချက်မှာ ပိုက်ဆံ၊ အကျိုးအမြတ်၊ အရင်း အစရှိသည့် စီးပွားရေးအပိုင်းကဏ္ဍများသည် ထိုအပိုင်းကဏ္ဍများကို ဖြစ်လာစေသည့် လူမှုရေးပိုင်းကို ဘယ်လို၊ ဘာကြောင့် ဖိနှိပ်ထားသလဲဆိုသည်ကို တင်ပြလိုခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအပိုင်းကဏ္ဍများသည် ကျွန်တော်တို့၏ နိစ္စဓူဝနေ့စဉ်ဘဝတွင် အလွန်နီးကပ်စွာ ထိတွေ့နေရ၍ ‘အရင်းကျမ်း’သည် ကျယ်ပြန့်လှသော ပရော့ဂျက်တစ်ခု၊ ‘စီးပွားရေး’ဆိုသည့် အဝန်းအဝိုင်း၏ အလွန်ကို ထိုးဖောက်ကြည့်မြင်နိုင်စွမ်းပေးသည့် စာအုပ်တစ်အုပ်ပင်။

“အရင်းကျမ်း”သည် စုံထောက်ဝတ္ထုတစ်အုပ်ဆန်ဆန် စတင်ထားသည်။ နေ့စဉ်အမှန်တကယ် ဖြစ်ပျက်နေသည်တို့ကို စုစည်း ဖော်ပြထားရာ ရိုးရိုးသားသား ဖြစ်စဉ်တစ်ခုဟု ထင်ရသည်။ သို့သော်ထောက်လှမ်းရေးမှူး‘မာ့က်စ်’၊ အခင်းဖြစ်ရာသို့ ရောက်လာချိန်မှသာ ရာဇဝတ်မှုတစ်ခုဖြစ်သည့်အပြင် ရှင်းရှင်းလင်းလင်း မရှိလှသော ရာဇဝတ်မှုဖြစ်ကြောင်း သိရလေတော့သည်။

ဤစာအုပ်သည် အရင်းကျမ်းကို အစပြု ဖတ်ရှုလေ့လာလိုသူများအတွက် အရင်းကျမ်း မူရင်းဘာသာပြန်ဆိုချက်များနှင့် ရှင်းလင်း ချက်များ၊ သရုပ်ဖော်ပုံ များစွာဖြင့် လွယ်ကူးရှင်လင်းစွာ လေ့လာနိုင်ရန် ပြုစုထားသည့် စာအုပ်တစ်အုပ် ဖြစ်ပါသည်။

စာမျက်နှာ

216

စာအုပ်အရွယ်အစား

5.3x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2024 မတ်လ

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကားလ်မာ့က်စ်၏ အရင်းကျမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နီဇော်သစ်(မြန်မာပြန်) စာအုပ်များ