
ရှားလော့ဟုမ်း လုံးချင်းဝတ္ထုရှည်ပေါင်းချုပ်
22000 (ကျပ်)
စကော့တလန်ဇာတိဖွား ကမ္ဘာကျော် စုံထောက်ဝတ္ထုစာရေးဆရာကြီး ဆာအာသာ ကိုနင်ဒွိုင်း( Sir Arthur Conan Doyle ) သည် ရှားလော့ဟုမ်းဝတ္ထုတိုအများအပြား ရေးခဲ့သော်လည်း အဓိကဝတ္ထုရှည် လေးပုဒ်သာ ရေးခဲ့ပါသည်။ ယင်းတို့မှာ The Hound of the Baskervilles , A Study In Scarlet , The Sign of Four နှင့် The Valley of Fear တို့ဖြစ်သည်။ ယင်းတို့တွင် The Hound of the Baskervilles ကို ဆရာကြီးပီမိုးနင်းက ၁၉၁၉ ခု ကပင်မှီး၍ ” သမိုင်းခွေးကြီးနှင့် စုံထောက်မောင်ရွှေဓား ” ဟူ၍လည်းကောင်း၊ ဆရာကြီးရွှေဥဒေါင်းက ၁၉၄၇ ခုနှစ်ကျခါမှ ” ဘာစကာဗီးလ်ခွေးကြီး ” ဟူ၍ လည်းကောင်း တိုက်ရိုက် ဘာသာပြန်ဆိုခဲ့ပါသည်။ A Study In Scarlet ကို ဆရာကြီးရွှေဥဒေါင်းက ၁၉၁၇ ခုကစ၍ ” မြို့ပတ်လမ်းလူသတ်မှု၌ မောင်စံရှား စုံထောက်ပုံ ” ၊ ” မြို့ ပတ်လမ်းလူသတ်မှု ” ၊ “ဘောင်ဒရီလမ်းလူသတ်မှု “တို့ဖြင့် အမည်အမျိုးမျိုး ပေးကာ မှီငြိမ်း ရေးသားခဲ့သည်။ The Sign of Four ကို ဆရာကြီးရွှေဥဒေါင်းကပင် မောင်စံရှားဝတ္ထုအဖြစ် မှီးကာ ” လေးပွင့်ဆိုင် ” အမည်ဖြင့် ရေးခဲ့ သည်။ တစ်ဖန် The Valley of Fear ကို ဆရာကြီးကပင် ” အာဇာနည်အသင်းအမှု ” ဟုချုံ့၍သော်လည်းကောင်း၊ ” ဆတ်ဆတ်ကြဲဂိုဏ်း ” ဟု အပြည့်အစုံသော်လည်းကောင်း မှီငြမ်း ရေးသားခဲ့သေးသည်။
ယခုစာအုပ်တွင်မူ ဆရာစိုးမြိုင်က အထက်ပါဝတ္ထုရှည်လေးပုဒ်ကို အစဥ်အတိုင်း ” ဖုန်းဆိုးမြေက ခွေးတစ္ဆေ၊ သွေးစက်ခြေရာ ဝင်္ကပါ၊ လေးပွင့် စာနှင့် သိုက်မာယာ၊ မိုက်ကြစတမ်းဆိုရင် ” အမည်များဖြင့် စ ဆုံးတိုင် မချန် လှပ်ဘဲ လုံးစေ့ပတ်စေ့ တိုက်ရိုက် မြန်မာပြန်ဆိုထားသည်။” ဖုန်းဆိုးမြေက ခွေးတစ္ဆေ ” တွင် အင်္ဂလန်နိုင်ငံ အနောက်တောင်ဘက်စွန်းရှိ ဒီဗွန်ရှိုင်းယားနယ်အား အခြေပြု၍ ခွေးဆိုးကြီးတစ်ကောင်အကြောင်းကို ဒေသခံ တို့၏ မိရိုးဖလာ အစွဲအလမ်းအပေါ် မူတည်ကာ ရေးဖွဲ့ထားပြီး ရှားလော့ဟုမ်းဝတ္ထုများတွင် အထင်ရှားဆုံးနှင့် လူကြိုက်အများဆုံး ဖြစ်ခဲ့သည်။ ” သွေးစက်ခြေရာ ဝင်္ကပါ” သည် ဒွိုင်း၏ ပထမဆုံး ရှားလော့ဟုမ်း ဝတ္ထုရှည် ဖြစ်ခဲ့ပြီး ရေးပြီးခါစက စာအုပ်တိုက်က ပယ်ချခဲ့သော ဝတ္ထုလည်း ဖြစ်ပေသည်။ “လေးပွင့်စာနှင့် သိုက်မာယာ “သည် ဒုတိယမြောက်ဝတ္ထုရှည် ဖြစ်သလို မဂ္ဂဇင်းတွင် ဦးစွာ ဖော်ပြပြီးမှ လုံးချင်းအဖြစ် ထွက်ရှိလာခဲ့သည်။ ထို့နောက် ” မိုက်ကြစတမ်းဆိုရင် ” မှာ ပထမကမ္ဘာစစ်မီး တောက်လောင်ခါနီး ဒွိုင်း၏ နောက်ဆုံး ရှားလော့ဟုမ်းဝတ္ထုရှည် ဖြစ်ခဲ့ပြီး ဝေဖန်ရေးဆရာအချို့က အကောင်းဆုံးလက်ရာဟုလည်း ဆိုကြသည်။ ဆရာစိုးမြိုင်သည် ယခု ဝတ္ထုရှည်လေးပုဒ်အား မြန်မာပြန်ရာတွင် လျှော့ချဖြတ်တောက်ခြင်းမရှိ အတိအကျ ပြန်ဆိုပြီးအမည်ပေးပုံကအစ မြန်မာစာဖတ်သူများ ရင်းနှီး နားလည်ရလွယ်အောင် ဝေါဟာရကြွယ်ကြွယ်ဖြင့် မြန်မာစကား လှိုင်လှိုင် သုံးစွဲထား ခဲ့သည်။ အချို့က စုံထောက်ဝတ္ထုများကို ဖျော်ဖြေရေးစာပေအဖြစ်သာ မြင်ကြသော်လည်း ရှားလော့ဟုမ်း ကဲ့သို့သော အဆင့်အတန်းမြင့်မားပြီး ယုတ္တိဗေဒကျသည့် ဝတ္ထုများမှာ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကမ္ဘာ့ ဂန္ထဝင် စာရင်းဝင်ခဲ့ကာ လူ၏ စူးစမ်းလေ့လာလိုမှု၊ ခွဲခြမ်းစိတ်ဖြာလိုမှုနှင့် အဆုံးအဖြတ်ကောက်ချက်များ ချရာတွင် များစွာ အထောက်အပံ့ပြုလေရာ ဖတ်ရှုသင့်သော ဝတ္ထုကြီးများ ဖြစ်ပါသည်။
မြန်မာပြန်သူ ဆရာစိုးမြိုင်က အမှာစာတွင် “ရှားလော့ဟုမ်းဝတ္ထုများသည် စုံထောက်ဝတ္ထုများ ဖြစ်ကြ လင့်ကစား အပျင်းဖြေ အပျော်ဖတ် အပေါစားဝတ္ထုများ မဟုတ်ကြပေ။ ဇာတ်ကွက် ဇာတ်လမ်း ကောင်း၍ အချိတ်အဆက်မိပြီး သည်းထိတ်ရင်ဖို ရသမြောက်လှသည့်အပြင် ဇာတ်ကောင်စရိုက် ပီပြင်ပေါ်လွင်ခြင်း၊ သရုပ်ဖော်ပုံ ပိုင်နိုင်ခြင်း၊ ယုတ္တိရှိခြင်း၊ စာဖတ်သူ၏ ဆက်စပ် တွေးခေါ်မှုနှင့် ထုတ်ယူ ဆင်ခြင်မှုစွမ်းရည်ကို ထက်မြက် လာစေခြင်း၊ စဉ်းစားဉာဏ် ရင့်သန်လာစေခြင်းများကြောင့် ကမ္ဘာ့ခေတ်သစ် ဂန္ထဝင်စာပေစာရင်းဝင် ဝတ္ထုများ ဖြစ်ကြလေသည် ” ဟု ဆိုထားသည်။
| စာမျက်နှာ | 838 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 1.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2026 မတ်လ (တတိယအကြိမ်) |
Out of stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ