
စိုးတထင့်ထင့်
11000 (ကျပ်)
ဂျပန်စာရေးဆရာမ ဘနားနား ယိုရှိမိုတိုက မြန်မာစာဖတ်ပရိသတ်တွေနဲ့ မစိမ်းတဲ့အပြင် တစ်အုပ်ဆို ဆိုသလောက် လူကြိုက်များတာကြောင့် သူ့အကြောင်းကို ထွေထွေထူးထူး ပြောပြနေစရာ မလိုတော့ဘူး ထင်ပါတယ်။ သူ့ဝတ္ထုတွေက မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာ၊ တစ်နည်းနည်းကြောင့် ရခဲ့တဲ့ စိတ်ဒဏ်ရာကို အခြေတည်ပြီး ရေးဖွဲ့ထားလေ့ရှိတယ်။ သူ့ရဲ့ တင်ပြပုံက ထူးခြားလွန်းလို့ စာဖတ်သူက သူ့စာကို ဖတ်ရင်းနဲ့ပဲ တွေးလိုက်ငေးလိုက် ချရေးလိုက်လုပ်နေတဲ့ စာရေးသူကို မျက်လုံးထဲမှာ မြင်ယောင်လာမိတဲ့ အထိပဲ။
ယိုရှိမိုတိုက ဝတ္ထုကို သူ့ထုံးစံအတိုင်း စိတ်အလျဉ်ရေးနည်းနဲ့ ရေးတာဆိုတော့ အခုရက်တွေလို မိုးအေးအေးမှာ ဘေးနား ကော်ဖီတစ်ခွက်ချပြီး သူ့စာအုပ်ကို ကွေးကွေးနဲ့ တွေးရင်းငေးရင်း ဖတ်ရတာ၊ စာရေးသူရဲ့ စိတ်အလျဉ်နဲ့အတူ လိုက်ပြီး စီးလွင့်မျောပါရတာက အင်မတန်မှ အရသာရှိတယ်။
ဒီဝတ္ထုအကြောင်း ပြောရရင် …ငယ်ငယ်လေးကတည်းက တစ်ခုခုဆို ကြိုကြိုပြီး သိနေတတ်တဲ့ ကလေးမလေးတစ်ယောက်၊ကြီးလာ အရွယ်ရောက်လာတော့ ငယ်ဘဝက မှတ်ဉာဏ်တွေအားလုံး ပျောက်ဆုံးသွားတယ်။ ဘာကိုမှ မမှတ်မိတော့ဘူး။ တစ်ခါတလေ မှတ်မိတော့မလိုလိုနဲ့ မှတ်ဉာဏ်က ခေါင်းပြူလာတတ်ပေမယ့် ကြိတ်မှိတ်စဉ်းစားတော့လည်း ဘာမှ ထွက်မလာပြန်ဘူး။ သူ့မှာ အဖေရယ်၊ အမေရယ်၊ သူ့ထက် တစ်နှစ်ကျော်ငယ်တဲ့ မောင်လေးတစ်ယောက် ရှိတယ်။ သူတို့မိသားစုက စာရေးသူရဲ့ စကားနဲ့ ပြောရရင် စတီဗင် စပိဘာ့ဂ်ရဲ့ ရုပ်ရှင်တွေထဲက အလယ်လတ်တန်းစား မိသားစုတွေလိုပဲ။ အင်မတန်မှ ပျော်ရွှင်ချမ်းမြေ့ကြတဲ့၊ သာယာကြည်နူးကြတဲ့ မိသားစုလေးပေါ့။ ဒါပေမယ့် ဘာဖြစ်လို့မှန်း မသိဘူး၊ သူ မပျော်ဘူး။ သူ့ရင်ထဲ တထင့်ထင့် တနင့်နင့်နဲ့ တစ်ခုခုကို ခံစားနေရသလိုပဲ။
ပြီးတော့ သူ့မှာ အင်မတန် ထူးခြားတဲ့ အပျိုကြီး “တီလေး” တစ်ယောက်လည်း ရှိသေးတယ်။ အဲဒီ “တီလေး” က မိသားစုဝင်တွေထဲမှာ ရုပ်ရည်အားဖြင့် ထူးခြားတာကတစ်ကြောင်း၊ အနေအထိုင် အပြုအမူအားဖြင့် ထူးခြားနေတာကတစ်ကြောင်းမို့ သူက သူ့တီလေးကို ဟိုးငယ်ငယ်လေးကတည်းက စိတ်ဝင်တစား ငေးကြည့်နေမိတတ်တယ်။ ကျန်မိသားစုဝင်တွေ အားလုံးက သူ့တီလေးကို နားမလည်ကြပေမယ့် သူကတော့ ထူးထူးခြားခြား သူ့တီလေးကို နားလည်နေတယ်လို့ ခံစားနေရတယ်။ ယုံကြည်နေတယ်။ အဲဒီ “တီလေး” က ခြံတစ်ခြံထဲမှာ သူ့ဟာသူ တစ်ယောက်တည်း ထီးတည်းနေတယ်။
နောက်ဆုံးတစ်နေ့တော့ သူက သူ့ “တီလေး” ကို ပိုပြီး နားလည်ချင်တာနဲ့ သူ့အိမ်ကို အဝတ်ထုပ်ဆွဲပြီး ရောက်သွား၊ သူ့တီလေးနဲ့အတူ နီးနီးကပ်ကပ် နေဖြစ်သွားတဲ့နောက်မှာတော့ ………
| စာမျက်နှာ | 153(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 × 0.3 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026 ဇူလိုင်လ (ပထမအကြိမ်) |
19 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ