
မိုးဒေဝါ
7500 (ကျပ်)
မြန်မာပြည် ဒုတိယကမ္ဘာစစ်မီးကြီး မကူးစက်မီ ရုရှစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း၏ The Kreutzer Sonata ဝတ္ထုကို စာရေးဆရာမကြီးဒဂုန်ခင်ခင်လေး မြန်မာပြန်ခဲ့သော စာအုပ်ဖြစ်၏။ ဝတ္ထုအမည်ပေးထားသော မူရင်း ကမ္ဘာကျော် ဂီတပညာရှင်ကြီး ဘီသိုဗင်၏ တေးသွားအလိုက်ကို ” မိုးဒေဝါ “တေး ဟု ဆရာမကြီးဒဂုန်ခင်ခင်လေးက ဆီလျော်အောင် အမည်ပြုကာ မြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။
လီယိုတော်လ်စတွိုင်းသည် ယခုစာအုပ်ကို စစ်နှင့် ငြိမ်းချမ်းရေးနှင့် အင်နာကရနီနာဝတ္ထုများပြီးနောက် ဘဝနှောင်းပိုင်း၌ ရေးခဲ့ပြီး သူ၏ ယောကျ်ားနှင့်မိန်းမကြား အိမ်ထောင်ရေးဆက်ဆံမှု အယူအဆတစ်ရပ်ကို ထင်ဟပ်စေခဲ့သည်။ အသက်အရွယ်ရလာသော တော်လ်စတွိုင်းသည် ရှေးကနှင့်မတူ အယူအဆများ ပြောင်းလဲလာသလို ဤဝတ္ထုကြီးသည်လည်း ယခင် သူရေးခဲ့သော စာအုပ်များနှင့်မတူ သွေဖည်လာခဲ့သည်။
တော်လ်စတွိုင်းသည် ယခုဝတ္ထုတွင် ခန့်မှန်းရခက်ခဲသော လူတစ်ယောက်၏ အတွင်းအဇ္စျတ္တ အခြေအနေကို အသေးစိတ် ခြယ်မှုန်းထားသည်မှာ လက်ဖျားခါလောက်သည်။ ဝတ္ထုဇာတ်လမ်းအဖွင့်ကို မီးရထားပေါ်တွင် စတင်ထားပြီး ဇာတ်ကောင်လူငယ်တစ်ဦး ခရီးရှည်သွားစဉ် ကြုံဆုံရသော ခရီးသွားများအနက် မယားသတ်၍ ထောင်ကျခဲ့သည့် ထောင်ထွက်အဘိုးကြီးက သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောင်း ပြောပြကာ ရထားပေါ်၌ပင် ဇာတ်လမ်း ပြီးဆုံးထားလေသည်။
ဒဂုန်ခင်ခင်လေးသည် ယခုဝတ္ထု မြန်မာပြန်ရာတွင် ကာလ၊ ဒေသကို မူရင်းအတိုင်း ထားရှိသော်လည်း မှတ််သိရ ခက်ခဲသော ရုရှ လူအမည်နေရာများတွင် စာဖတ်သူ ရင်းနှီးကျွမ်းဝင်စေရန် မြန်မာအမည်ဖြင့် ဖလှယ်ရေးထားရာ ဝတ္ထုဖတ်ရသည်မှာ ချောချောမွေ့မွေ့ ရှိလှ၏။ တစ်ဖန် စန္ဒရားဆရာနှင့် ဖောက်ပြန်သည်ဟု ယူဆကာ မယား သတ်မိသူ အဘိုးကြီး၏ စိတ္တဗေဒကို ရည်ညွှန်းသော စကားလုံးများက ထိမိလှသည်ဖြစ်ရာ ဖတ်မိလျှင် လက်က မချချင်အောင် ဆွဲဆောင်မှုရှိသော ဝတ္ထုကြီး ဖြစ်ပေသည်။ တော်လ်စတွိုင်း၏ ရသဝတ္ထုကြီးများကို နှစ်သက်သူများ ကျေနပ်အားရမည့်စာအုပ် ဖြစ်ပါသည်။
| စာမျက်နှာ | 190 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.4 x 7.4 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2026 ဇွန်လ (စတုတ္ထအကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ