ကျွန်မကားစပယ်ရာ
3000 (ကျပ်)
အိပ်မက်အသစ်စာပေမှ REAL LIVES တံဆိပ်နဲ့ထုတ်ဝေတဲ့ ဖြစ်ရပ်မှန် လူမှုဘဝဇာတ်လမ်းတွေ ဖြစ်ပါတယ်။
ချယ်ရီလမ်းကိုဖန်တီးသူ မျက်မမြင်တေးရေးဆရာမ စိမ့်
သမ္မတနှင့်ဝန်မင်းများ၏ ဒီဇိုင်နာ
ကျွန်မကားစပယ်ရာ
သာယာဝတီထောင်မှငရဲခန်းများ
ပန်းချီမောင်နှံ၏ အိပ်မက်
ဟာဝိုင်အီက မြန်မာ့နှင်းဆီ
ချယ်ရီမြေပဋ္ဌာန်းဆက်
စသည်ဖြင့် စိတ်ဝင်စားဖွယ် ရသမြောက် ဖြစ်ရပ်မှန်ဇာတ်လမ်း(၂၁)ပုဒ် ပါဝင်ပါတယ်။
| စာမျက်နှာ | 157 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.4x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2021 ဇန်နဝါရီလ (ပ-ကြိမ်) |
5 in stock








စိုးဘားဒိုင် –
ဖစ်ရှင်ကလေးတွေလို လှပသပ်ရပ်တဲ့ရသဆောင်းပါး ၂၁ ပုဒ်ကိုဖတ်ရတယ်။အေးသူစံရဲ့ဒီလိုစာစုကလေးတွေကို ကြုံကြိုက်တိုင်းဖတ်ဖြစ်တယ်။အခု ၂၁ ပုဒ်စုစည်းလိုက်တော့ မဖတ်ဖြစ်တာတွေလည်းဖတ်ရတယ်။
သူ့စာစုအစကလေးတွေက ဝတ္ထုတိုအဖွင့်ကလေးတွေလိုပဲစာဖတ်သူကို ဦးဦးဖျားဖျားစည်းရုံးဆွဲဆောင်နိုင်တယ်။ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ဆိုရင် ဒီလိုကိုယ်ပိုင်ဆက်တင်တည်ဆောက်ရေးသားတဲ့စာတွေရှိနေဖို့လိုအပ်တယ်လို့သဘောရပါတယ်။ကိုယ်ဘာကိုထင်ဟပ်ပြချင်တာလဲ
ဆိုတာနဲ့စပြီး ဘယ်လိုထင်ဟပ်ပြမလဲဆိုတာနဲ့သယ်ဆောင်ကာ ကိုယ်ထင်ဟပ်စေချင်တဲ့အကြောင်းအရာကို သပ်သပ်ရပ်ရပ်ရေးနိုင်တာဟာ ဂျာနယ်လစ်ကောင်းတစ်ယောက်ရဲ့အရည်အသွေးမှာ ရှေ့ဆုံးကပါပါတယ်။
ဂျာနယ်လစ်ဟာသူ့အမာခံကို အမြုတေပြုပြီးအဲဒီအမြုတေအတွက် လိုအပ်တဲ့မွမ်းမံမှုတွေကို ဘက်ပေါင်းစုံကဆင်တွေးပြီး ဖြုတ်ဖြည့်၊တိုးနှုတ်နဲ့တည်ဆောက်သွားရတယ်။ဒီဘက်ပိုင်းမှာဒီလိုဂျာနယ်လစ်မျိုးတွေအတော်များများတွေ့လာရတာ မြန်မာ့မီဒီယာလောကရဲ့အပြောင်းအလဲတစ်ခုလို့မြင်ပါတယ်။ဂျာနယ်လစ်တစ်ယောက်ရဲ့အရည်အသွေးကိုလည်း အကဲဖြတ်လို့ရတယ်။
အေးသူစံကသူရေးမယ့်အကြောင်းအရာကိုစုဖွဲ့တဲ့ နေရာမှာတကယ်တော်တယ်လိုချီးမွမ်းချင်တယ်။သူတင်ပြပုံက ဖြတ်ခနဲဖြတ်ခနဲလင်းလက်သွားတဲ့ပုံစံမျိုးပါ။အရေးအသားကျတော့လည်း ဝတ္ထုတိုတစ်ပုဒ်လိုတိကျတာကို သတိထားမိတယ်။အပိုအလိုမရှိအောင် ကြိုးစားထားတဲ့သူ့လက်ရာတွေဟာ ရင်ထဲရောက်တဲ့ဖစ်ရှင်ကလေးတွေလို ဖတ်သူကိုနှစ်သက်မှုလည်းပေးပြီး၊အတွေးအဆင်ကိုလည်းပေးတယ်။
မူးယစ်ဆေးကိုမူးယစ်ဆေးမှန်းမသိဘဲစွဲလန်းမိတဲ့ ကလေးမလေးတစ်ယောက်အကြောင်းကိုပြောပြတဲ့အခါ သူ့ပတ်ဝန်းကျင်၊သူ့အပေါ်လွှမ်းမိုးမှု၊မသိနားမလည်မှုတွေကို ဖြတ်ခနဲဖော်ပြသွားရင်း သူ့ကိုကယ်တင်ကြသူတွေရဲ့နှလုံးသားကိုလည်း စပေါ့လိုက်ဘေးကမီးရောင်စုံတွေလို ဖော်ပြသွားတယ်။ကျန်တဲ့လက်ရာတွေဟာလည်း အဲဒီလိုမျိုးနေရာတကျနဲ့အလှဆင်သွားတာတွေ့ရတယ်။
မျက်လုံးအားနည်းပြီးတဖြည်းဖြည်းကွယ်လာတော့မယ့် မိန်းခလေးတစ်ယောက်သီချင်းရေးဆရာမဖြစ်လာရတာ။ကိုယ့်ရွှေရောင်ဆံကေသာကိုဖြတ်ရောင်းပြီး မြန်မာပြည်ကကလေးတွေအတွက်ကြိုးစားအကောင်အထည်ဖော်ခဲ့တဲ့နိုင်ငံခြားသူ။အပ်ချုပ်ကျွမ်းကျင်ပြီးသမ္မတ၊ဝန်ကြီး၊နာမည်ကြီးအနုပညာရှင်များအတွက် ဝတ်စုံချုပ်ပေးနေရသော်လည်း တဆင့်ခံဖြစ်နေရသူ။
အမျိုးသမီးကားစပယ်ရာလေးတစ်ယောက်ရဲ့အတွေ့အကြုံနဲ့သူ့ခံယူချက်။ဘန်ကောက်မှာကြက်ကြော်ရောင်းရင်း မိသားစုအတွက်အဆင်ပြေနေလို့ မြန်မာပြည်မပြန်ချင်တဲ့သူ။ဗေဒင်ဆရာတစ်ယောက်က အိမ်အထိရေးကြီးသုတ်ပြာလာတားသလိုဖုန်းဆက်လာသူတွေ အတားအဆီးရှိခဲ့ပေမယ့် အာဇာနည်အဖြစ် အသက်ပေးသွားရသည့်မန်းဘခိုင်။
ဗိုလ်ချုပ်စျေးမှာ ကက်တလောက်ကလေးတွေရောင်းရင်း နာမည်ကြီးမင်းသမီးနဲ့ဆုံပြီးနာမည်ကြီးသွားတဲ့ကောင်မလေး။၈၈အရေးအခင်း ခရစ္စတိုဖာဂါးနက်စ်နဲ့ကိုနေမင်း။သာယာဝတီထောင်မှာနိုင်ငံရေးအကျဥ်းသားတွေကို အလုပ်လုပ်ခိုင်းတာကိုဆန့်ကျင်လို့ ငရဲခန်းတွေရင်ဆိုင်ကြရသူတွေ။မြန်မာ့ဦးသန့်။ဒီဇိုင်နာဂေးလ်မထက်။
ဂယ်လာရီတွေက ရှုပ်ချပစ်ပယ်ခဲ့သော်လည်းလမ်းဘေးမှာပန်းချီကားရောင်းရာကနေ လူသိလာကြတဲ့ပန်းချီဇနီးမောင်နှံ။သမ္မတဦးသိန်းစိန်၏အမျိုးသမီးကိုယ်ရံတော်မဇာဇာအောင်။မာလာလာကိုအကြောင်းပြုလို့ ပညာရေးအကြောင်းစကားစမြည်။ရွှေဝါရောင်အရေးအခင်းမှာတက်ကြွစွာပါဝင်ခဲ့သူတစ်ယောက်။
အမေရိကန်တပ်မတော်မှာ အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့သူမြန်မာအမျိုးသမီး။ဆေးရုံအကူလုပ်သားဦးတင်ဝင်းရဲ့နမူနာကောင်းနှလုံးသား။သိန်း ၁၀၀ အဂတိလိုက်စားမှုနဲ့ထောင်ကျခဲ့တဲ့
ဦးဆန်းဆင့်။
စသည်စသည်ဖြင့် အကြောင်းအရာစုံ၊နယ်ပယ်များစွာကလူတွေကို သူတို့ဘဝဖြတ်သန်းမှုတွေနဲ့အတူရေးဖွဲ့ထားတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ပတ်သက်လို့ဒေါ်ခင်ခင်ဝင်းရေးသားထားတာ၊နိုရီကိုရေးသားထားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဂျပန်ပြည်ရောက် လွတ်လပ်တဲ့အတွေ့အကြုံ စတာတွေကိုအကွက်နည်းနည်းလေးယူပြီးဖြတ်ခနဲဖြတ်ခနဲပြန်ရေးထားတဲ့နောက်ဆုံးနှစ်ပုဒ်ကိုလည်း အမှတ်ပေးမိတယ်။
အေးသူစံမှာ သူ့ပင်ကိုယ်အမြင်ရှိနေတာကိုလည်း သူ့စာတွေဖတ်ပြီးသွားတဲ့အခါ သတိထားမိတယ်။အဲဒီအမြင်ကပဲ သူ့ကိုအရောင်အသွေးတွေတင်ပေးနေပါလိမ့်မယ်။အခုလိုကျေနပ်ရတဲ့လက်ရာတွေဖတ်ခွင့်ရတဲ့အတွက် ရေးသားအားထုတ်သူအေးသူစံကိုကျေးဇူးတင်ပါတယ်။ထုတ်ဝေသူအိပ်မက်အသစ်ကိုလည်းဗရာဗိုပါ။