
၂၀ ရာစု အာရှတိုက်၏ တော်လှန်ရေးမီးလျှံ
7000 (ကျပ်)
၁၉၁၄-၁၈ ခုနှစ်၊ ပထမကမ္ဘာစစ်ဖြစ်ပွားခဲ့ပါတယ်။ အရင်းရှင် နယ်ချဲ့နိုင်ငံများကြား နယ်မြေလုရင်း ဖြစ်ပွားတဲ့ စစ်လို့ သုံးသပ်ကြပါတယ်။ မည်သို့ပင်ဖြစ်စေ ကိုလိုနီလက်အောက်ခံ တိုင်းပြည်တွေက ပြည်သူတို့ များစွာ နိုးကြားလာကြပါတယ်။ ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၇ ခုနှစ်၊ ရုရှားပြည်မှာ ‘လီနင်’ခေါင်းဆောင်ပြီး အောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး ပေါ်ပေါက်လာခဲ့တယ်။ မြေရှင်အရင်းရှင် ဇာဘုရင်အစိုးရကို ဖြုတ်ချပြီး ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ကမ္ဘာတစ်ဝန်းလုံးသို့ ဂယက်ရိုက်ခတ်ခဲ့တယ်။ အာရှအာဖရိက၊ လက်တင် အမေရိကဒေသတွေက ကိုလိုနီလက်အောက်ခံ ပြည်သူများ နယ်ချဲ့ဆန့်ကျင်ရေးစိတ် ပိုပြင်းထန်လာကြပါတယ်။
၁၉၃၉-၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားပါတယ်။ စစ်ရဲ့ပထမပိုင်း အနောက်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန် စတဲ့ အရင်းရှင်မဟာမိတ်နိုင်ငံတွေနဲ့ ဂျာမနီ၊ အီတလီ၊ ဂျပန် ဖက်ဆစ်ဝင်ရိုးတန်း သုံးနိုင်ငံတို့အကြား ဖြစ်ပွားတဲ့ စစ်အသွင် ဆောင်ခဲ့သော်လည်း စစ်ပွဲဒုတိယပိုင်းတွင်မူ ဂျာမနီက ဆိုဗီယက်ပြည်ထောင်စုကို စစ်ကြေညာတိုက်ခိုက်ချိန်ကစလို့ ကမ္ဘာတစ်ဝန်းလုံးက ပြည်သူတွေရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအသွင် ဆောင်ခဲ့ပါတယ်။ `ဟစ်တလာ’ရဲ့ ဂျာမနီ၊ ‘မူဆိုလိုနီ’ရဲ့ အီတလီနှင့် ‘တိုဂျို’ရဲ့ ဂျပန်တို့ စစ်ရှုံးခဲ့ပါတယ်။ ‘ဖက်ဆစ်ဝါဒ ကျဆုံးခဲ့တယ်။ အနောက်နိုင်ငံတွေက ဖက်ဆစ်ဝါဒ အန္တရာယ်မှ ဒီမိုကရေစီကို ကယ်တင်သောစစ်ပွဲဟုကောက်ချက်ချကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ မကြာမီ ကိုလိုနီလက်အောက်ခံနိုင်ငံတွေ လွတ်လပ်လာကြပါတယ်။ အင်္ဂလိပ်၊ ပြင်သစ် စသော ကိုလိုနီ နယ်ချဲ့အင်ပါယာတွေလည်း ပြိုလဲပျက်စီးခဲ့ကြပါတယ်။ ဒီလိုအခြေအနေအောက်မှာ မလွတ်လပ်မီကနှင့် လွတ်လပ်ပြီး အရှေ့အာရှနှင့် တောင်အာရှနိုင်ငံများမှ ပြည်သူတွေကို ဘယ်သူတွေ ဦးဆောင်ခဲ့ပါသလဲ….. ၊ ဒီခေါင်းဆောင်တွေ ဘာတွေရင်ဆိုင်ပြီး ဘယ်လို ရပ်တည်ခဲ့ပါသလဲ…. ။ ဒီစာအုပ်က အဲ့ဒီ့အကြောင်း တွေကို စုစည်းဖော်ပြထားတဲ့ စာအုပ်ပါ။
ဒီလိုဆို ဒီစာအုပ်ဟာ သိပ်ထူးခြားတာမရှိဘူးလို့ ထင်နိုင်ပါတယ်။ အာရှတော်လှန်ရေးခေါင်းဆောင်တွေ ဆိုကတည်းက စာအုပ်မှာ ပါသူတွေဟာ စာဖတ်သူတွေ ထောင်းလမောင်းကြေ ဖတ်ဖူးပြီးသားတွေဖြစ်တဲ့ ဂန္ဓီ၊ နေရူး၊ ဟိုချိမင်း၊ မော်စီတုန်း ဆွန်ယက်ဆင် စသူတွေပါပဲ။ ဒါပေမဲ့ စာအုပ်ရဲ့ ထူးခြားချက်က ရေးသားတဲ့သူတွေနဲ့ သူတို့ရဲ့အမြင်တွေပါ။ ဥပမာ ဂန္ဓီကြီးအကြောင်းကို ဒလိုင်လာမားနဲ့ မင်ဒဲလားတို့က ရေးပါတယ်။ ဖီလစ်ပိုင်က ဟိုဆေးရီဇော်ကို လက်ရှိ အာဏာရနေတဲ့ မလေးရှားက အတိုက်အခံ အဏ္ဏဝါအီဗရာဟင်က ရေးပါတယ်။ ဘဂ်လားဒေ့ရှ်အမျိုးသားခေါင်းဆောင် ရှိတ်မူဂျီဘာရာမန်အကြောင်းကို သူ့သမီး ရှိတ်ဟစီနာက ရေးထားတာပါ။
ဒီတော့ ဒီစာအုပ်က သာမန်အတ္ထုပ္ပတ္တိအကျဥ်း စာအုပ်မျိုး မဟုတ်ပါဘူး။ ခေါင်းဆောင်ကြီးတွေအကြောင်းကို မျိုးဆက်သစ်ခေါင်းဆောင်တွေက မြင်တဲ့ အကဲဖြတ်ချက်တွေကို ဒီစာအုပ်ထဲမှာ အများကြီး တွေ့ရမှာပါ။ အဲ့ဒီ့အများကြီးကမှ တစ်ခုလောက် ပြောရရင် အထူးခြားဆုံးနဲ့ ဒီကနေ့ထိ မှန်ကန်နေတဲ့ အမြင်မျိုးကို တိန့်ရှောင်ဖိန်အကြောင်းရေးသားတဲ့ စင်္ကာပူခေါင်းဆောင် လီကွမ်ယူပါ။
၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလမှာ တိန့်ရှောင်ဖိန့် စင်္ကာပူကို အလည်လာတုန်းက ဆိုဗီယက်တို့ကြောင့် ကမ္ဘာကြီးမှာ ကျရောက်နေတဲ့ ဘေးအန္တရာယ်အကြောင်း နှစ်နာရီခွဲကြာအောင် လီကွမ်ယူကို ရှင်းပြနေခဲ့ပါတယ်။ ဗီယက်နမ်ဟာ ယခုအခါ အရှေ့တောင်အာရှရဲ့ ကျူးဘားနိုင်ငံဖြစ်နေပြီ။ ဒါကြောင့် အာဆီယံနိုင်ငံတွေအနေနဲ့ ဆိုဗီယက်ယူနီယံနှင့် ဗီယက်နမ်တို့ကို မောင်းထုတ်ဖို့ တရုတ်ပြည်နဲ့ ညီညွတ်ကြ တိန့်က လီကို စည်းရုံးနေတာပါ။
ဒီတော့ လီကွမ်ယူက “အရှေ့တောင်အာရှမှာ ဆိုဗီယက်ယူနီယံက ထောက်ခံအားပေးတဲ့ ကွန်မြူနစ် သောင်းကျန်းမှုတွေကို ခေါင်းဆောင်နေကြတဲ့ ‘ပင်လယ်ရပ်ခြား ရုရှားလူမျိုးများ’ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့လို့ ပင်လယ်ရပ်ခြားတရုတ်လူမျိုးတွေက သန်းပေါင်းများစွာ ရှိပါတယ်။ အဲဒီထဲက တချို့ဟာ အာဆီယံနိုင်ငံတွေရဲ့ အစိုးရတွေကို ဖြုတ်ချဖို့ လုံးပမ်းနေကြတဲ့ ကွန်မြူနစ်ပါတီတွေကို ခေါင်းဆောင်၊ ဒါမှမဟုတ် ထောက်ခံအားပေးနေကြတယ်။ ဒါတင်မကပါဘူး . … ။
တရုတ်ပြည်ဟာ သူတို့ကို ထောက်ခံအားပေးနေရုံမက ဆွေမျိုးပေါက်ဖော် စိတ်ဓာတ်ကို အခြေခံလျက် သက်ဆိုင်ရာ ယင်းအစိုးရများရဲ့ ခေါင်းပေါ်က ကျော်ပြီး ကျန်တိုင်းပြည်တွေမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေကို တရုတ်ပြည်သို့ ပြန်လာ တရုတ်ပြည်တွင်းမှာ ဆောင်ရွက်နေတဲ့ “လုပ်ငန်းကြီးလေးရပ် ခေတ်မီရေး ဆိုတာကို ကူညီလုပ် လုပ်ကိုင်ပေးကြဖို့ တိုက်ရိုက် အသံလွှင့်ထုတ်နေတယ်။ ဒါဟာ လက်ခံနိုင်စရာ မရှိပါဘူး” လို့ တိန့်ရှောင်ဖိန်ကို ပြန်ပြောခဲ့ပါတယ်။
ဒီစကားကြားတော့ တိန့်ရဲ့ ခန္ဓာကိုယ်အမူအရာတွေ က အံ့သြခြင်း၊ ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတွေကို ဖော်ပြနေပါတယ်။ လီကွမ်ယူက အမှန်တရားတွေကို ပြောပြနေတယ်ဆိုတာ တိန့်ရှောင်ဖိန် သိတယ်။ ဒါကြောင့် ပြစ်တင်ရှုတ်ချရမယ့်အစား ရုတ်တရက် ကောက်ကာငင်ကာ “ခင်ဗျားက ကျုပ်ကို ဒါမှမဟုတ် တရုတ်ပြည်ကို ဘာလုပ်စေချင်သလဲ’လို့ မေးပါတယ်။
လီကွမ်ယူကလည်း စိတ်ကို ရဲဆေးတင်လိုက်ပြီး ခရီးရှည်ချီတက်ပွဲမှာ ပါခဲ့ပြီး ဆံပင်တွေဖြူနေပြီဖြစ်တဲ့ ဒီရဲဘော်ဟောင်းကြီးကို ‘တရုတ်ဆွေမျိုးပေါက် ဖော်စိတ်နှင့် မျိုးချစ်ဝါဒတွေအရ ဆွဲဆောင်နေတဲ့ အဲဒီအသံလွှင့်ချက်တွေကို ရပ်ဆိုင်းပေးပါ။ အစိုးရတွေကို ဖြုတ်ချဖို့ ကွန်မြူနစ်တွေကို ကူညီနေတာ တွေ ရပ်ဆိုင်းပေးပါ”လို့ ပြန်ပြောလိုက်ပါတယ်။ လီကွမ်ယူ ပြောခဲ့တဲ့စကားကို လက်ရှိနိုင်ငံရေးနဲ့ ထပ်ကြည်ရင် တစ်စုံတစ်ရာဘမြင်သာနိုင်ပါတယ်။ ဒါတွေကပဲ ဒီစာအုပ်ရဲ့ ထူခြားချက်ပါပဲ။
| စာမျက်နှာ | 116 (burma paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.3 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ယဉ်မျိုးစာပေ၊ 2026 အောက်တိုဘာလ (ပထမအကြိမ်) |
3 in stock
ကျော်သက်ဟန် စာအုပ်များ
-
ကျော်သက်ဟန်၂၀ ရာစု အာရှတိုက်၏ တော်လှန်ရေးမီးလျှံ
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ