ရုရှား – ယူကရိန်းစစ်ပွဲနောက်ကွယ်

( 0 မှတ်ချက်)

4000 (ကျပ်)

ရုရှားနှင့် ယူကရိန်းတို့၏ ပဋိပက္ခသည် တဖြည်းဖြည်း စစ်ပွဲအဆင့်သို့ ရောက်ရှိလာသောအခါ အများစုမှာ ရုရှားက အချိန်တိုအတွင်း အနိုင်ရသွားလိမ့်မည် ဟု ယူဆခဲ့ ကြသည်။ သို့သော် ထိုထင်မြင်ချက်များ လွဲမှားခဲ့သည်။ အကြောင်းက ယူကရိန်းနှင့် ရုရှားအကြားမှ ဒေသခံလူအများစု၊ ယူကရိန်းနှင့် လူနည်းစုရုရှားတို့ အပေါ် အခြေခံသည့် နေရာကွက်လပ်ကလေးကိုသာ ကြည့်ခဲ့မိ၍ ဖြစ်သည်။

ယခုစာအုပ်က ယနေ့ (၃) နှစ်ကာလ ရှိပြီးဖြစ်သော ဘယ်အချိန် မည်သို့ ပြီးဆုံးမည် မသိနိုင်သေးသော စစ်ပွဲနောက်ကွယ်မှအကြောင်းတချို့ကို ရှာဖွေတင်ပြ ထားခြင်း ဖြစ်သည်။ စစ်ပွဲနောက်ကွယ်မှ တချို့အကြောင်းအရာများက နက်ရှိုင်းပြီး မမြင်နိုင်အောင်ရှိသည်။

စစ်အေး ခေတ် ရုရှားမတိုင်မီ ဆိုဗီယက်ယူနီယံပြိုလဲမှုအစ အရှေ့ဥရောပ၏ ဆိုရှယ်လစ်စနစ် ပြိုလဲမှုဂယက်များ၊ ယူကရိန်းနှင့် ထိစပ်နေသော အရှေ့ဥရောပသို့ ရိုက်ခတ်မှုကို တစ်စွန်းတစ်စ ဖော်ပြသည်။ အနောက်နိုင်ငံများက လူအင်အား လက်နက်အင်အား၊ ငွေကြေးတို့ စိုက်ထုတ်၍ ယူကရိန်းကို ကျားကန်ပေးနေသော ရည်ရွယ်ချက်ကိုလည်း မသိမသာ ဖော်ပြသည်။

ထိုနေရာ၌ စာအုပ်ထဲ မပါသော်လည်း စာဖတ်သူတို့ကို ပြသလိုသော နောက်ခံဇာတ်လမ်းတစ်ခု ရှိသည်။ ယင်းမှာ အခြားမဟုတ်။ စစ်အေးကာလ အာဖဂန်နစ္စတန်တွင် ဆိုဗီယက်သြဇာ လွှမ်းမိုးသည့် လက်ဝဲ‘ဘာဘရက် ကာမဲ အစိုးရ အာဏာရလာချိန် အာဖဂန်လူမျိုးစုသူပုန်များက ထိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်ကြသည်။ ထိုအခါ အမေရိကန်က အရှေ့အလယ်ပိုင်းမှ အစ္စလာမ်မစ် စစ်သွေး ကြွများ ထိုတော်လှန်မှု၌ ပါဝင်လာအောင် လက်နက်ငွေကြေးတို့ ကူညီထောက်ပံ့ သည်။ နောက်ဆုံး သူပုန်တို့ကို တိုက်ခိုက်နေသည့် ဆိုဗီယက်ရဟတ်ယာဉ်များကို ပစ် စတင်ဂါဒုံးကျည်များအထိ ထောက်ပံ့ခဲ့သည်။ ရည်ရွယ်ချက်က ပစ်ချရန် ဝေဟင်ပစ် အင်အားကြီး ပြိုင်ဘက်၊ ဝါဒရေးရာ ပြိုင်ဘက်ဖြစ်သူ ဆိုဗီယက်ကို စစ်နွံနစ်ပြီး အကျပ်အတည်း တွေ့စေဖို့ပင်ဖြစ်သည်။

ယနေ့ကာလ၌ ဆိုဗီယက်ယူနီယံနှင့် ကွန်မြူနစ်စနစ်မဟုတ်တော့သည့် ရုရှားဖြစ်လာသော်လည်း ရုရှားက ကမ္ဘာ့အခင်းအကျင်းသစ် ပထဝီနိုင်ငံရေးတွင် BRIC ကို ဦးဆောင်သည့် နေရာမှ ပါဝင်လာသည်က ထိုနှစ်နိုင်ငံ (ရုရှား-ယူက ရိန်း) တို့နှင့်သာမဆိုင်တော့သော ကမ္ဘာ၏ ပထဝီနိုင်ငံရေး ဖြစ်နေသည်။ ထို့ကြောင့် အတိတ်က ပုံစံမျိုး စစ်ကို ဆွဲဆန့်နေသော အရိပ်လက္ခဏာတို့ ယခု တွေ့ရှိနေရပေ သည်။

ယူကရိန်း၏ အတိတ်သမိုင်းနှင့် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ပြန့်ကျဲ သွားသော လူနည်းစုရုရှားအပါအဝင် လူမျိုးများနှင့် ယူကရိန်း နိုင်ငံရေးပဋိပက္ခများ၊ ထိုပဋိပက္ခအပေါ် အနောက်ပင်မ ရေစီးကြောင်းမီဒီယာများ၏ ပုံဖော်မှုများ၊ အခြား အတွင်း၌ နက်ရှိုင်းနေသည့် ပဋိပက္ခများ၊ မူလက လူနည်းစု ခွဲထွက်ပြည်နယ်များက လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးသာ မျှော်မှန်းခြင်းဖြစ်သော်လည်း ယူက ရိန်းက နာဇီလူမျိုးကြီးဝါဒပုံစံ လူမျိုးရေးအစွန်းရောက်မှုတို့ဖြင့် ဖိနှိပ်လာခဲ့ပုံ၊ ထိုအကြောင်းအရာများကို အနောက်မီဒီယာများ မဖော်ပြဘဲ ထားပုံတို့ကိုလည်း တစ်စွန်းတစ်စ ဖော်ပြသည်။

ထိုမျှမက နောက်ကွယ်ဇာတ်လမ်းအဖြစ် ယခုအထိ အမေရိကန်နိုင်ငံရေး လောကကို ရိုက်ခတ်နေဆဲဖြစ်သည့် ‘သမ္မတဘိုင်ဒန်’၏သား “ဟန်းတာဘိုင်ဒန်’ အပါအဝင် ဘိုင်ဒန်မိသားစု စီးပွားရေးလုပ်ငန်းများ၊ ယူကရိန်းနှင့် ပတ်သက်ဆက် နွယ်ခဲ့မှုတို့ကိုပါ စာအုပ်က အကျဉ်းဖော်ပြသည်။ ထို့ကြောင့် သာမန်အားဖြင့် ကြည့်လိုက်လျှင် ရုရှားနှင့် ယူကရိန်းစစ်ပွဲသည် နှစ်နိုင်ငံအကြား ပဋိပက္ခအပေါ် တွင်သာ အခြေခံသည်ဟု ထင်ရသော်လည်း မမြင်နိုင်သည့်နောက်ကွယ်မှ အကြောင်းအရာများကို ယခု စာအုပ်က လှစ်ဟပြနေသည်ဟု ဖော်ပြလိုက်ရပါသည်။ နောက်တစ်ခုက စစ်ပွဲ၏ ရှည်လျားမည့် လက္ခဏာနှင့် ဆိုင်သည်။ မကြာမီက အမေရိကန်က ရုရှားကို သတိပေးသည်။ ယူကရိန်းစစ်ပွဲ၌ ယူကရိန်းသာ ရုရှားကို ရှုံးနိမ့်သွားလျှင် အမေရိကန်အပါအဝင် အနောက်နိုင်ငံတို့နှင့် တိုက်ရိုက် ရင်ဆိုင်လာနိုင်ကြောင်းပင် . . . . ။ ဆက်လက်၍လည်း နေတိုးတပ်ဖွဲ့များ သိန်း ဂဏန်းနီးပါး ယူကရိန်းနှင့် ထိစပ်ရာတို့၌ စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည်။ ရုရှား၏ မဟာမိတ် ‘ဘီလာရုစ်’ကလည်း ယင်းကို တုံ့ပြန်သည်နှင့်အညီ သူ၏ နယ်မြေကို ကာကွယ်ရန် နျူကလီးယားလက်နက် အသုံးပြုနိုင်ကြောင်း ဆုံးဖြတ်သည်။

အမေရိကန်ကလည်း နျူကလီးယားအပါအဝင် မဟာဗျူဟာမြောက် လက်နက်ဟု ယူဆရသည်တို့ကို ဥရောပရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းအ ထောက်အထားတို့ ထွက်ပေါ်လာသည်။ ရုရှားဘက်ကလည်း ယခု စစ်ပွဲ၌ ယူကရိန်း အနိုင်ရဖို့ မဖြစ်နိုင်ကြောင်း တုံ့ပြန်သည်။ ထိုမတိုင်မီကလည်း စစ်ပွဲဆက်ဖြစ်နေလျှင် ယူကရိန်း လုံးဝ ပျက်စီးအဆုံးသတ်သွားနိုင်သည်ဟု ပြောခဲ့သည်။

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြားက သာဓကတစ်ခုရှိသည်။ ပထမ ကမ္ဘာစစ်တွင် ဂျာမနီ ရှုံးနိမ့်ခဲ့သည်။ စစ်ရှုံးပြီးနောက် ချုပ်ဆိုသော ‘ဗာဆိုင်းစာချုပ်’ အရ စစ်လျော်ကြေးများ မဟာမိတ်နိုင်ငံတို့ကို ပေးရသည်။ ပြန်လည်ထူထောင်ရေး အတွက်နှင့် စစ်လျော်ကြေးတို့အတွက် လိုအပ်သည်များ ချေးငှားရသည်။ အလားတူ ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်ဦးတို့၌ အမေရိကန်က မဟာမိတ်နိုင်ငံများကို ထောက်ပံ့ချေးငှားရသော အဓိက မြီရှင်နိုင်ငံဖြစ်သည်။

စစ်အစပိုင်း၌ ဥရောပတစ်ခုလုံး ဗြိတိန်မှလွဲ၍ ဂျာမန်လက်အောက်သို့ ရောက်ရသည်။ အမေရိကန်သာ စစ်ပွဲထဲမပါဝင်ခဲ့ဘဲ မဟာမိတ်နိုင်ငံများ လုံးဝ စစ်ရှုံးသွားလျှင် သူချေးငှားခဲ့သည်တို့ကို ပြန်ဆပ်ပို့ မည်သူ တာဝန်ယူမည်နည်း။ ယခုလည်း ယူကရိန်းကို စစ်ပွဲအတွက် ထောက်ပံ့ချေးငှားပေးနေသည်တို့က တစ် ချိန်တွင် ယူကရိန်းက ပြန်ဆပ်ရမည့်အရာတွေ ဖြစ်ပေသည်။ ယူကရိန်းသာ လုံးဝ စစ်ရှုံးသွားလျှင် အမေရိကန်နှင့် ဥရောပနိုင်ငံများက ယူကရိန်းကို ထောက်ပံ့ပေးခဲ့ သည်တို့ ရုရှားကို သွားတောင်းဖို့ ခက်ပေလိမ့်မည်။ ဤသည်ကား ပြီးဆုံးဖို့ လွယ်မယောင်နှင့် ခက်နေသော စစ်ပွဲ၏ အတိမ်အနက်တို့ ဖြစ်သည်။

စာမျက်နှာ

106

စာအုပ်အရွယ်အစား

5.2x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2024 အောက်တိုဘာလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရုရှား – ယူကရိန်းစစ်ပွဲနောက်ကွယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မင်းအောင်မင်း စာအုပ်များ