တောင်ဇလပ်နီရောင် တိမ်တိုက်တွေ

( 2 မှတ်ချက်)

4000 (ကျပ်)

နောက်တစ်ခေါက် ထပ်လို့သွားချင်ပေမဲ့ ထပ်မသွားနိုင်တော့တဲ့ ခရီးတွေလည်း အများကြီးရှိတတ်ကြတာပဲ မဟုတ်လား။ အချိန်ကာလတချို့ကို ဖြတ်ကျော်သွားပြီးတဲ့အခါ သွားခဲ့ဖူးတဲ့ခရီးရှည်တွေထဲကနေ မတူညီတဲ့ စိတ်ခံစားမှုတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ မွန်းကျပ်နေတဲ့ နေ့စဉ်ဘဝကနေ ရုန်းထွက်နိုင်ခဲ့ခြင်းတွေဟာလည်း လှပတဲ့ မှတ်ဉာဏ်တွေအဖြစ်တော့ ကျန်ရစ်ခဲ့မှာပါပဲ။

၇ နှစ်။ လွန်ခဲ့တဲ့ ၇ နှစ်ရဲ့ ဆောင်းရက်တချို့မှာပါပဲ။ ချင်းပြည်နယ်ရဲ့ တောင်ဇလပ်ပွင့်တွေဟာ သဘာဝတရားနဲ့အတူ၊ တိမ်တိုက်တွေနဲ့အတူ ကျွန်မရဲ့ မှတ်ဉာဏ်ထဲကို ရောက်ရှိလာခဲ့တာ။ စာဖတ်ခြင်းဟာလည်း အလွယ်ကူဆုံး ခရီးသွားခြင်းမို့ တောင်ဇလပ်တိမ်တိုက်တွေဆီ ခရီးအတူသွားဖို့ ခေါ်ဆောင်သွားချင်တဲ့အခါ၊ သတိရစရာကောင်းလွန်းလှတဲ့ အဲ့ဒီအခိုက်အတန့်တွေကို လွမ်းမိတဲ့အခါ စာတစ်ပုဒ်အဖြစ် ခြယ်မှုန်းဖြစ်ခဲ့ပါတယ်။ သာယာယစ်မူးချင်စရာ ကောင်းလွန်းလှတဲ့ အခိုက်အတန့်လေးတွေကိုပဲ သတိရမိချင်ပေမဲ့ တောင်ပေါ်နေဒေသခံတွေရဲ့ ရုန်းကန် ပင်ပန်းလှတဲ့ ဘဝတွေကိုလည်း မေ့ဖျောက်ထားလို့ မရပြန်ပါဘူး။

တိမ်ရောင်နီနီတွေဟာ လွမ်းစရာကောင်းရုံသက်သက်လို့ ကျွန်မ တွေးထင်နေတုန်း လေးနက်တဲ့ အမှတ်တရ တချို့ကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မွန်းကျပ်စရာများ ဖြစ်သွားတတ်သလား ကျွန်မ မသိပါ။ တောင်တန်းဒေသတစ်ခုပါပဲ။ အမြဲတမ်း မော့ကြည့်နေကျ တိမ်တိုက် တွေကိုတော့ အဲ့ဒီဒေသရဲ့ ရွာလမ်းကလေးတွေပေါ်မှာပဲ တရွေ့ရွေ့ လွင့်ကာ မျောနေတာမို့ အလွယ်တကူ ထိတွေ့နိုင်ပါတယ်။ ပြန်ရဖို့တွေးတောစရာမလိုတဲ့ ချစ်ခြင်း မေတ္တာဟာ ငေးကြည့်နေရလည်း လှပလွန်းတာမျိုးပေါ့။ တိမ်တွေ တောင်တွေဟာ အမြဲလှပတဲ့နံနက်ခင်းတစ်ခု၊ မွှေးပျံ့တဲ့ရနံ့ တစ်ခု၊ လှပတဲ့ မှတ်ဥာဏ်တစ်ခု၊ မြတ်နိုးဖွယ်ချစ်ခြင်းတစ်ခုရဲ့ အပိုင်းအစတစ်ခုမို့ တောင်ဇလပ်ပွင့်တွေကို တိမ်တွေနဲ့ ပေါင်းစပ်ပြီး ‘’တောင်ဇလပ်နီရောင် တိမ်တိုက်တွေ’’လို့ အမည်ပေးဖြစ်ခဲ့ပါတယ်။

အဲ့ဒီ နီရင့်ရင့် တောင်ဇလပ်ပန်းလေးတွေကို တစ်နေ့နေ့မှာတော့ ထပ်မံ ထိတွေ့နိုင်မယ်လို့ ယုံကြည်ထားမိတဲ့ စိတ်ကူးလေးနဲ့အတူ ကျွန်မရဲ့ ကြည်မြတဲ့ မျှော်လင့်ချက်ကလေးဟာလည်း တောင်ဇလပ်နီရောင်တိမ်တိုက်တွေပါပဲ။

စာမျက်နှာ

112

စာအုပ်အရွယ်အစား

5.4 × 0.2 × 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဩဂုတ်လ(ပထမအကြိမ်)

12 in stock

တောင်ဇလပ်နီရောင် တိမ်တိုက်တွေ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Thet Naing Aung

    🔘 တောင်ဇလပ်ပင်တွေအောက်မှာ ချစ်ခြင်းကို ကတိပေးခဲ့ရင် နောင်ဘဝအထိ ခိုင်မြဲတယ်တဲ့ ငြိမ်းရေ။ ငါရော မင်းနဲ့ အတူ ကတိပေးခွင့် ရနိုင်ပါ့မလား … ငြိမ်းရယ်။ ( စာ – ၉၉ )

    💢 ပြည့်စုံ ၊ သုတ ၊ ထွန်းကျော် ၊ ပျိုနီ ၊ ဖြူသွယ် ဆိုတဲ့ ဇာတ်ကောင်တွေနဲ့အတူ ချင်းပြည်နယ်ကို အလည်တခေါက်ရောက်စေခဲ့တဲ့ ဇာတ်လမ်းတပုဒ်ပါ။
    💢 ထူးအောင်နဲ့ငြိမ်း တို့ နှစ်ဦးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာခဲ့တဲ့ ဒီဇာတ်လမ်းလေးဟာ ဆွတ်ပျံ့လွမ်းမောကြေကွဲဖွယ် ။ သာမန်ဇာတ်အခင်းကျင်းလေးဆိုပေမယ့် ရိုးရာဓလေ့တွေ ၊ ဒေသအစားအသောက်တွေ ၊ အလုပ်ကိုင်တွေအပြင် ဒေသန္တရဗဟုသုတလည်း ရစေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။

    🌺🌺🌺 တောင်ဇလပ်ပန်းတွေ ဖူးပွင့်ရာမြေ။အောက်ချင်းငှက်တွေ ကျက်စားရာမြေ။ ရိုးရာခေါင်ရည်တွေပျော်ရွှင်စွာ ဝိုင်းဖွဲ့သောက်ပြီး၊ တောင်ယာလုပ်ငန်းတွေကိုသာ အဓီကအမှီပြုလျက် ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ရိုးရိုးသားသား ဖြူဖြူစင်စင်နဲ့ အေးဆေးစွာ နေထိုင်ကြတဲ့ ချင်းတို့မြေကို ဒီစာအုပ်လေးဖတ်အပြီး အလည်တခေါက်တော့ ရောက်ဖူးချင်မိပါရဲ့ဗျာ။

  2. Aeri Myat

    ဆရာမ ဂျူလိုင်ကျော်မင်း
    စာအုပ်ကို ပထမဆုံး ဖတ်ဖူးတာပါ။
    အခုစာအုပ်လေးဆို နာမည်ရယ်၊ မျက်နှာဖုံးပန်းချီရယ် မြင်ရုံနဲ့တင်
    သဘောကျမိတဲ့ စာအုပ်လေးပေါ့🥰❤️

    ဖတ်ကြည့်မိပြန်တော့…
    တောင်ဇလပ်နီရောင် တိမ်တိုက်တွေ
    နောက်မှာရှိနေတဲ့ ချစ်ခြင်းမေတ္တာ၊
    မျှော်လင့်ချက်၊စိတ်ချင်းနီးတဲ့
    သူငယ်ချင်းတွေကြားက မေတ္တာနှောင်ကြိုးလေးတွေထိပါ
    သက်ဝင် ခံစားမိစေပါတယ်။

    ချင်းတောင်တန်းတွေဆီ သွားဖြစ်ခဲ့တဲ့
    ရည်ရွယ်ချက်ကလည်း သူငယ်ချင်း
    ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့
    ပြည့်စုံရဲ့ ဖေဖေကို သွားတွေ့ဖို့ရာက
    အစပြုခဲ့တယ်။

    ခရီးစဥ်အစ “ကန်ဇွန်းမရွာကလေး” မှာ
    ကားရှောင်ရတဲ့ အခန်းဆိုလည်း ဖတ်ရတာ ရင်တထိတ်ထိတ် ရှိလှတယ်။

    ပိုးဖြူသွယ်နဲ့ ပျိုနီခင်ဆိုတဲ့
    သူငယ်ချင်းမလေး ၂ယောက်ရယ်၊
    မျိုးသုတ၊ ထူးပြည့်စုံလွန်း၊ ထွန်းကျော်မိုးမြင့်ဆိုတဲ့ သူငယ်ချင်း
    ကောင်လေး၃ယောက်ကြားက
    အဖြစ်အပျက်လေးတွေကလည်း ဖတ်ရတာ ရင်ခုန်စရာလည်းဖြစ်၊ ဘယ်သူက
    ဘယ်သူ့ကို သဘောကျနေတာပါလိမ့်
    ဆိုပြီးလည်း ဖတ်ရင်း ခန့်မှန်းနေမိတာပါပဲ။

    မထင်ထားတာ တစ်ခုကတော့
    ပြည့်စုံ ဖေဖေ ဦးထူးအောင်ရဲ့
    အတိတ်က အဖြစ်အပျက်တွေကိုပါ။
    ဖတ်ရင်း စိတ်မကောင်းလည်း ဖြစ်မိသလို သနားကရုဏာသက်မိရတယ်။ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ နောင်တတရားကိုပါ ခံစားမိစေပါတယ်။

    ချင်းအမျိုးသမီးတွေ ပါးမဲ(သို့)ပါးရဲ
    ထိုးကြတဲ့အကြောင်းက အစပြုလို့
    နတ်မတောင်(သို့)”ခေါ်နူးစုမ်” ရဲ့ အဓိပ္ပါယ်၊ လှပတဲ့ဘိန်းဘီပန်းကလေးတွေ၊ အနီရောင်တောင်ဇလပ်ပန်းတွေ၊ချင်းတိုင်းရင်းသားတွေရဲ့ လှုပ်လီလှုပ်လဲ့
    ခြေတံရှည်အိမ်ကလေးတွေ၊
    တောင်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့
    ဘဝတွေအထိပါ သိမြင်ခံစားရစေပါတယ်။

    နောက်ထပ် ချန်ထားလို့ မဖြစ်တာကတော့ ချင်းပြည်နယ်ရဲ့ဒေသအစားအစာတွေပေါ့။ ဆာဗူးသီးပြုတ်၊နွားနောက်သားကင်၊ပြာဟင်း၊ဝက်သားဆပ်နီဟင်း
    စတာတွေကိုလည်း ဖတ်ရင်း စိတ်မှန်းနဲ့
    မြည်းကြည့်ချင်တော့တာရယ်😁❤️

    တောင်တန်းပြာပြာရယ်၊ ရွာလမ်းမပေါ်မှာ
    တရွေ့ရွေ့ လွင့်မျောနေတယ်ဆိုတဲ့
    တိမ်အဆုပ်ဆုပ်တွေကိုလည်း အနီးကပ် မြင်တွေ့ခွင့်လေး ရချင်မိပါရဲ့…။

    အခုတော့ ဆရာမကျေးဇူးကြောင့်
    စာဖတ်ရင်း အလည်တခေါက်
    ရောက်ခဲ့ရပါပြီ။

    ဗဟုသုတလည်း ရစေသလို၊
    ခံစားချက် ရသမျိုးစုံကိုပါ တပြိုင်နက်ပေးသွားတဲ့ စာအုပ်လေးပါ။

    မဖတ်ရသေးရင် ဖတ်ကြည့်ပါဦးနော်🥰

    #ဂျူလိုင်ကျော်မင်း
    #တောင်ဇလပ်နီရောင်တိမ်တိုက်တွေ
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #Sep72023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဂျူလိုင်ကျော်မင်း စာအုပ်များ